ဆီမီးခွက်တစ်သိန်းမီးမျှောမည်
ဧရာဝတီတိုင်းဒေသကြီးတစ်ဝှန်းလုံး ဘေးဥပဒ်အန္တရာယ်အမျိုးမျိုးမှ ကင်းဝေးပြီး အေးချမ်း စည်ပင်သာယာစေရန် ရည်ရွယ်လျက် ရှင်ဥပဂုတ္တ ရဟန်းတာမထေရ်မြတ်အား ပူဇော်ပွဲနှင့် ဆီမီးတစ်သိန်းမီးမျှောပွဲကို တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်နေ့ (၁၁.၁၁.၁၁)ရက်နေ့ ညနေတွင် ပုသိမ်မြို့တော် င၀န်မြစ်တွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။ အခမ်းအနားတွင် ၁၀ပေပတ်လည်ရှိ ရှင်ဥပဂုတ္တဖေါင်တော် ရေမျှောပူဇော်ခြင်း မြစ်တွင်းတွင် ဓမ္မစကြာအဖွဲ့များက ရွတ်ဖတ်ပူဇော်ခြင်း ယိမ်းအကအဖွဲ့များ အိုးစည်ဒိုးပတ်ဝိုင်းများ ရှမ်းအိုးစည်နှင့်အကအဖွဲ့များက ဖေါင်တော်ဘေးမှ လိုက်ပါကာ တီးမှုတ်ကပြ ပူဇော်ခြင်း မြစ်လယ်မှ ဆီးမီးခွက် တစ်သိန်းမျှောခြင်း ကမ်းပေါ်တွင် သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခြင်း ဆင်ဖြူတော်အကဖြင့် ပူဇော်ခြင်းတို့ပါဝင်ပြီး ကမ်းနားတစ်လျောက်တွင်လည်း နိဗ္ဗာန်ဈေး(၁၄)နေရာ၌ ဧည့်ခံကျွေးမွေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။ ဒီလိုပွဲတော်မျိုးကို ပုသိမ်မြို့တော်၌ ယခင်ကကျင်းပခဲ့ဘူးခြင်းမျိုးမရှိဘဲ ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး နောင်နှစ်များမှာလည်း နှစ်စဉ် ဆက်လက်ကျင်းပသွားမယ်လို့ သိရပါတယ်။ ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့မှာ နှစ်ပါင်းများစွာကတည်းက ကျင်းပခဲ့ကြတဲ့ အလားတူမီးမျှောပွဲတော်ကို သီတင်းကျွတ် လပြည့်ကျော်(၁)ရက်နေ့မှာ နှစ်စဉ် ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံရဲ့ အထူးထင်ရှားတဲ့ ပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။ အဲဒီမီးမျှောပွဲမှာ ဆီမီးခွက်ပေါင်း သောင်းဂဏန်းသာ မီးမျှောခြင်းဖြစ်ပြီး ပုသိမ်မြို့တော်မှာကျင်းပမယ့် မီးမျှောပွဲတော်မှာ ဆီမီးခွက်ပေါင်း တစ်သိန်း မျှောမှာဖြစ်တဲ့အတွက် နောင်မှာပုသိမ်မြို့တော်ရဲ့တန်ဆောင်တိုင် ပွဲတော်ကြီး တစ်ခုအဖြစ် ထင်ရှားလာမှာဖြစ်ပါတယ်။ ပုသိမ်မြို့တော်ရဲ့ ပထမဆုံးအကြိမ် ဆီမီးတစ်သိန်းမျှောပွဲရဲ့ မှတ်တမ်း ဗီဒီယိုနဲ့ ဓါတ်ပုံများကို ဆက်လက်ဖေါ်ပြပေးသွားပါ့မယ်။
|
မြို့တော်ပုသိမ်မြို့တွင်း ရှင်ဥပဂုတ္တမထေရ်မြတ်အား ပူဇော်နေပုံ (ထေရ၀ါဒဗုဒ္ဓဘာသာ၌ ရှင်ဥပဂုတ္တမထေရ်မရှိကြောင်း ဆရာတော်ကြီးများက ဆိုထားပါတယ်) |
|
ရွှေကျင်မီးမျှောပွဲမြင်ကွင်း |
|
ရွှေကျင်မီးမျှောပွဲ၌မီးပန်းများပစ်လွှတ်နေပုံ |
No comments:
Post a Comment