ကွင်းလုံးပြည့်ပရိတ်သတ်နှင့်တေးဂီတပွဲ
မြန်မာပြည်၏ထိပ်တန်း ရော့ခ်အဆိုတော်များဖြစ်ကြသည့် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်း၊ မေခလာနဲ့ ခင်ဘုဏ်းတို့ ပါဝင်သော အိုင်စီတေးဂီတ၀ိုင်း၏ အခမဲ့ဖျော်ဖြေပွဲကို ယနေ့ည (၇)နာရီမှစတင်ဖျော်ဖြေခဲ့ရာ ဖျော်ဖြေပွဲကျင်းပရာ ကျောက်တိုင် အားကစားဝင်းအတွင်း ပရိတ်သတ်များ ကွင်းပြည့်လျှံအောင်အားပေးကြကြောင်း တွေ့ရှိရပါတယ်။ ကျောက်တိုင်ကွင်းပတ်လည်ရှိ လမ်းများအားလုံးပိတ်ထားပြီး အရေးကြီးပုဂ္ဂိုလ် ယာဉ်များမှအပ မည်သည့်ယာဉ်နှင့်လူများကိုမျှ ၀င်ခွင့်မပြုဘဲ လုံခြုံရေး အထူးတင်းကျပ်ထားကြောင်းတွေ့ရှိရပါတယ်။ ယခင်နှစ်များတွင် အိုင်စီပွဲကျင်းပခဲ့စဉ်က ခိုက်ရန်ဖြစ်ပွားမှု အဆိုတော်များအား အော်ဟစ်ဆဲဆို ရန်ပြုမှုများရှိခဲ့သည့်အတွက် ယခုလိုစည်းကမ်းတင်းကြပ်ရခြင်းဖြစ်ကြောင်း ကွင်းထဲသို့ရေသန့်ဗူးပင်ပေးမယူကြောင်း မြို့တွင်းရှိအရက်ဆိုင်များကို ယမန်နေ့ကတည်းက ပိတ်ထားကြောင်း တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ကျောက်တိုင်ကွင်းနောက်ဘက် ကုန်သည်လမ်းရှိဆိုင်များကို နံနက်ခင်းကတည်းက ပိတ်ထားရကြောင်း လမ်းကိုလည်းပိတ်ထားကြောင်း ဖျော်ဖြေပွဲမှ သီဆိုသံများမှာလည်း န၀င်ပီယံမဖြစ်ဘဲ ဆူညံလှကြောင်း မူးရူးအော်ဟစ်နေကြသည်မှာ အနုပညာမဟုတ်ကြောင်း မြန်မာ့သိက္ခာ အဆင့်အတန်းကို မြှင့်တင်ရမည့် ခေတ်သစ်တွင်ယခုလိုကိစ္စမျိုးကို မည်သို့နားလည်ရမည်မသိကြောင်း အလုပ်အကိုင်ပျက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း လမ်းနေပြည်သူတစ်ဦးကပြောပါတယ်။ လူငယ်တစ်ဦးကတော့ ကျွန်တော်က မျိုးကြီးခရေဇီဖြစ်ကြောင်း အိုင်စီကိုကြိုက်ကြောင်း ရန်ကုန်မှာ လက်မှတ်ခသောင်းချီပေးရသည့် ပွဲမျိုးကို ပုသိမ်မှာ အခမဲ့ ကြည့်ရတဲ့အတွက် စီမံဆောင်ရွက်ပေးသူများကို ကျေးဇူးတင်ကြောင်း ယခုလိုပွဲမျိုးမကြာခဏ လုပ်ပေးစေချင်ကြောင်း ပြောပါတယ်။ ယခုပွဲကိုစပွန်ဆာပေးသူများထဲမှ ရေသန့်လုပ်ငန်းတစ်ခုက သီဆိုဖျော်ဖြေမှုများကို ဗွီဒီယိုရိုက်ကူးပြီး အခွေထုတ်မည်ဟုလည်း သိရပါတယ်။ ယခုဂီတပွဲနှင့်ပတ်သက်၍ ရည်ရွယ်ချက်အမျိုးမျိုး ခံစားချက်အဖုံဖုံ ပြောဆိုဝေဘန်ချက် အသီးသီး ရှိကြပေမယ့် ယခုနှစ် ပုသိမ်မြို့တော် တန်ဆောင်တိုင်ညမှာတော့ ယခင်နှစ်များနှင့် မတူ ထူးခြားမှုရှိခဲ့တာတော့အမှန်ဖြစ်ပါတယ်။
ပုသိမ်မြို့အိုင်စီဖရီးရှိုးတွင် အဆိုတော်ခင်ဘုဏ်းဖျော်ဖြေစဉ် |
No comments:
Post a Comment