Saturday, December 31, 2011

Although good looking

အမြင်ဆန်းသော်လည်း


Let's take recreation at Patheincity's strand

မြို့တော်ကမ်းနားမှာ အပန်းဖြေရအောင်

မြို့တော်ပုသိမ်ရဲ့ အနောက်ဘက် တစ်ခြမ်းလုံးကို ကာရံထားတဲ့ င၀န်မြစ်ကမ်းတစ်လျှောက် မြို့တော်သူ/သားများ အနားယူအပန်းဖြေနိုင်စေဖို့ ကမ်းခြေ လျှောက်လမ်းတွေ ဆောက်လုပ်တော့မယ်လို့ သိရှိရပါတယ်။ ကမ်းနားလမ်း သာယာလှပရေး အစီအစဉ်ရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်တဲ့ ကမ်းခြေလျှောက်လမ်းတွေ ဆောက်လုပ်ဖို့ကို စည်ပင်နဲ့ ဆိပ်ကမ်းအာဏာပိုင်တို့မှ အင်ဂျင်နီယာများက တိုင်းတာပုံထုတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မကြာခင်မှာ လုပ်ငန်းများ စတင်နိုင်တော့မယ်လို့ မျှော်လင့်ရပါတယ်။

မြို့တော်ပုသိမ်၏ နှစ်သစ်ကူး အလှူတော်မင်္ဂလာ


ရွှေမုဋ္ဌောစေတီတော် ဗုဒ္ဓဘိသေကအနေကဇာတင်မည်

တန်ဆောင်တိုင်ညက ရွှေမုဋ္ဌောစေတီတော်ကိုဖူးမြင်ရစဉ်
မြို့တော်ပုသိမ်၏ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော ရွှေမုဋ္ဌောမဟာစေတီ

မြို့တော်ပုသိမ်၏ တန်ခိုးကြီးဘုရား တစ်ဆူဖြစ်သော ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးအား (၁.၁.၂၀၁၂)နေ့ ညနေ(၆)နာရီတွင် ဆီမီးတစ်ထောင် ရေချမ်းတစ်ထောင် နံသာတစ်ထောင် တံခွန်ကုက္ကားတစ်ထောင် တို့ဖြင့် လှူဒါန်းပူဇော်ကာ ( ၂.၁.၂၀၁၂)နေ့ နံနက် (၅)နာရီတွင် ဆွမ်းတစ်ထောင် ဆက်ကပ်လှူဒါန်းပြီး စေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေကအနေကဇာ တင်ပူဇော်ပွဲကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့်ဇနီးမိသားစုကောင်းမှုဖြင့် ကျင်းပမည်ဖြစ်ကြောင်း ပူဇော်ပွဲအပြီးမှာ ပြည်သူလူထုအပေါင်းအား မုန့်ဟင်းခါး အချိန် တစ်ထောင် စတုဒီသာ ကျွေးမွေး လှူဒါန်းမည်ဖြစ်ကြောင်းသိရှိရပါတယ်။ နေ့လည်ပိုင်းမှာတော့ အလှူရှင်မိသားစုက လှူဒါန်းထားတဲ့ ဗုဒ္ဓမြတ်စွယ်တော် တစ်ဆူကိုလည်း အများပြည်သူများဖူးမျှော်ကြည်ညိုနိုင်စေဖို့ ရွှေမုဋ္ဌောစေတီတော် ဦးမောင်ကြီး တန်ဆောင်းမှာ အပူဇော်ခံထားရှိမှာ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။

Thursday, December 22, 2011

Lacquer-ware Buddha Image from Patheincity

မြို့တော်ပုသိမ်က ယွန်းဗုဒ္ဓရုပ်ပွါးတော်


   မြို့တော်ပုသိမ်၏ တစ်ဖက်ကမ်း ရပ်ကွက်(၁၀)၌ လူသိနည်းပါး မထင်ရှားသော ရုပ်ပွါးဗုဒ္ဓ ယွန်းဆင်းတုတော် တစ်ဆူကို ဖူးမျှော် ကြည်ညိုနိုင်ပါတယ်။ အင်းဝခေတ် လက်ရာဟု ယူဆရသော ယွန်းဗုဒ္ဓဆင်းတုတော်သည် စန္ဒာမုနိမဟာစေတီတော် ပရ၀ဏ် အတွင်းရှိ ထန်းတောကျောင်းတိုက် ဘုရားခန်း၌ စံပယ်တော်မူလျက်ရှိပြီး

Changing welcome signboard of Patheincity

မြို့တော်အ၀င် မြင်ကွင်းအပြောင်းအလဲ


  ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော် ပုသိမ်မြို့ မြို့တော်အ၀င် ကြိုဆိုပါ၏ ဆိုင်းဘုတ်ကို ပုသိမ် စည်ပင်က ပြုပြင်မှုများ ဆောင်ရွက်ခဲ့ပါတယ်။ ယခင် ပုသိမ်ထီး ကြီးလတ်သေး သုံးခုကို လှဲလျက် စီဆင့်ထားသည့် ပုံစံကို ဖျက်သိမ်းခဲ့ပြီး ဆိုင်းဘုတ်အပေါ်နှင့် ဘေးဘယ်ညာတို့တွင် အရွယ်တူပုသိမ်ထီး သုံးလက်ကို ထောင်လျက် ပြန်လည်ပြုလုပ် တပ်ဆင်ခဲ့ပါတယ်။

Tuesday, December 20, 2011

Introduction for machanized farming

စက်မှုလယ်ယာမိတ်ဆက်

မြို့တော်ပုသိမ်၏ ပေါက်ကုန်းကျေးရွာအုပ်စု ဘုရားကြီးကုန်းကျေးရွာမှ ရင့်မှည့်နေ၍ ရိတ်သိမ်းရန် အသင့်ဖြစ်နေသော လယ်ကွင်းတစ်ခုတွင် ယနေ့ နေ့လယ်ပိုင်းက ပုသိမ်ဧရာ ဆန်စပါးအထူးပြု ကုမ္ပဏီ၏ combined harvester ရိတ်သိမ်းချွေလှေ့စက်ဖြင့် စပါးရိတ်သိမ်းမှု ပြုလုပ်ခြင်း သရုပ်ပြပွဲ ကျင်းပခဲ့ပါတယ်။ တရုပ်နိုင်ငံလုပ် ယင်းရိတ်သိမ်းချွေလှေ့စက်သည် ပင်ထောင်စပါးရော ပင်လှဲစပါးကိုပါ ရိတ်သိမ်းနိုင်ပြီး ရိတ်သိမ်းခြင်း ချွေလှေ့ခြင်း စပါးနှင့်ကောက်ရိုးခွဲခြားခြင်း ခွဲခြားပြီး စပါးများကို အိတ်ဖြည့်ခြင်းများကို ရိတ်သိမ်းမောင်းနှင်စဉ် ကာလအတွင်းမှာပင် ဆောင်ရွက်နိုင်သဖြင့် အချိန် လူအင်အား သက်သာပြီး ရာသီဥတုကြောင့် ပျက်စီးဆုံးရှုံးရမှုကိုပါ ကာကွယ်နိုင်သဖြင့် တောင်သူလယ်သမားများက ၀ယ်ယူအသုံးပြုရန် အထူး စိတ်ဝင်စားကြသော်လည်း ယင်းရိတ်သိမ်းချွေလှေ့စက် တစ်လုံး၏ တန်ဖိုးမှာ သိန်း(၉၀)ကျပ် ကျသင့်သဖြင့် လက်လှမ်းမမီပဲ အတိုးမဲ့ချေးငွေ ရရှိမှသာ ၀ယ်ယူနိုင်မည်ဖြစ်သဖြင့် သက်ဆိုင်ရာများထံမှ ချေးယူရရှိနိုင်ရေး မျှော်လင့်လျက်ရှိကြကြောင်း သိရှိရပါတယ်။

မောင်းရင်း ရိတ်သိမ်းချွေလှေ့ခွဲခြားအိတ်ဖြည့်
စိတ်ဝင်စားစွာ ၀ယ်ချင်ရှာ
အချိန် လုပ်အားသက်သာရုံမက ရာသီဥတုကိုလည်း မမှုတော့ပါ

Friday, December 16, 2011

Multi Sector Renovation for Maharsati

သရောင်းမဟာစေတီတော် ဘက်စုံပြုပြင်မွမ်းမံမည်

  မြို့တော်ပုသိမ်၏ အရှေ့ဘက် တစ်မိုင်ခန့်အကွာတွင် တည်ရှိပြီး ပုသိမ်(၃၂)မြို့၏ သမိုင်းဝင် မုဋ္ဌော(၉)ဆူ စေတီတော်များအနက်မှ အတွင်းမုဋ္ဌော(၅)ဆူတွင် တစ်ဆူအပါအ၀င် ဖြစ်သော သရောင်းမဟာစေတီတော်ကြီးကို ဘက်စုံ ပြန်လည်မွမ်းမံပြုပြင်ရန်အတွက် ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ်က မဟာစေတီတော် ဂေါပကအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများ ပါဝင်သော ဘက်စုံမွမ်းမံပြင်ဆင်ရေးဦးစီးကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါတယ်။ စေတီတော်ကြီး၏ ထီးတော်ကို မွမ်းမံပြုပြင်ခြင်း သပိတ်မှောက်အထိ မှန်စီရွှေချ သင်္ကန်းတော်ကို ခွါချပြီး ရွှေသင်္ကန်းပြန်လည်ကပ်လှူခြင်းနှင့် ပျက်စီးယိုယွင်းနေသော သာသနိက အဆောက်အအုံများကို ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ငွေကျပ် သိန်းပေါင်း(၅၀၀)ကျော် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး အစည်းအဝေးကျင်းပသည့် နေ့မှာပင် အလှူငွေ (၆၈.၅)သိန်း ရရှိထားပြီး ဖြစ်ကြောင်းနှင့် ပထမအကြိမ် အလှူငွေ ပေးအပ်ပွဲ အခမ်းအနားကို (၃၁.၁၂.၂၀၁၁)နေ့ နေ့လယ်တွင် မဟာစေတီ အရုဏ်ခံ တန်ဆောင်း၌ ကျင်းပရန်စီစဉ်ထားကြောင်း သိရှိရပါတယ်။ ရပ်ဝေးရပ်နီးမှ ကုသိုလ်ရှင်များကို ပါဝင်လှူဒါန်းကြရန်ဖိတ်ခေါ်ထားပြီး အလှူခံမဏ္ဍာပ်လည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အဝေးမှကုသိုလ်ရှင်များသည် မြို့နယ်အုပ်ချုပ်ရေးမှူရုံး ဖုန်း ၀၄၂ ၂၅၃၆၄သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်းကောင်း ပါးလိုက်ရပါတယ်။

သရောင်းမဟာစေတီသို့အ၀င်လမ်း
ထီးတော်သုံးဆင့်နှင့်မှန်စီရွှေချသင်္ကန်းတော်

    ပုသိမ်(၃၂)မြို့တွင်ပါဝင်သော သရောင်းချောင်းအနီးရှိ ကျိုက်ပိမြို့ဟောင်းဒေသ၏ ဘုရားအလောင်းတော် ခိုမင်းဖြစ်စဉ်က ကျက်စားခဲ့သော အရပ်တွင် တည်ထားသည့် သရောင်းမဟာစေတီ၏မူလဒါယိကာမှာ ပါဋလိပုတ်ပြည့်ရှင် သိရိဓမ္မာသောကမင်းကြီး ဖြစ်ပြီး ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီးက ဒုတိယအကြိမ် မွမ်းမံ ပြင်ဆင်ခဲ့ပါတယ်။ တတိယအကြိမ် မွမ်းမံပြင်ဆင်သူမှာ ပုသိမ်(၃၂)မြို့ကို အုပ်ချုပ်ခဲ့သော သမုဒ္ဒဃောသမင်းနှင့် ဥမ္မာဒန္တီ မိဘုရားတို့ဖြစ်ကြောင်း လက်ရှိအချိန်တွင် စေတီတော်ကြီးသည် ဥာဏ်တော်အမြင့် ၁၃၁ပေ ၈လက်မ ပန်းတင်ခုံလုံးပတ် ၃၈၁ပေ ၁လက်မ ရှိကြောင်းသိရှိရပါတယ်။

သစ္စာမုနိရွှေစေတီနှင့် အောင်တော်မူစေတီ
ပြုပြင်ရန်လိုအပ်နေသည့် တံခွန်တိုင်
တစ်ကမ္ဘာလုံးငြိမ်းချမ်းအေးစေတီတော်
သစ္စာမုနိငွေစေတီတော်
နဂါးရုံဘုရား
အရုဏ်ခံတန်ဆောင်းမှ ဆင်းတုတော်
နန်းဦးသစ္စာ ဆုတောင်းပြည့်စေတီ
ဘိုးတော်သိကြားမင်း
ဆင်ဖြူတော်
မဟာစေတီ၏ ဘုရားဒါယိကာမကြီး ဥမ္မာဒန္တီမိဘုရား
သြ၀ါဒါစရိယဆရာတော်ထံမှ သြ၀ါဒခံယူ

Tuesday, December 13, 2011

Hazy morning of Pathein city

နှင်းမြူကြားက တို့မြို့တော်

မြို့တော်ပုသိမ်ရဲ့ ဒီဇင်ဘာလ(၁၃)ရက် နံနက်ခင်းမှာ နှင်းမြူတို့ ကျဆင်းနေပုံတွေကို တင်ပေးလိုက်ပါတယ်

မြို့တော်အ၀င်မှာ မြူနှင်းတွေဖြာ
လေယာဉ်ကွင်းဘေးလည်း  မြူနှင်းဝေဆဲ
ရွှေရုပ်ထုကြီးတစ်ခုလုံး မြူနှင်းတို့ဖုံး
မြူနှင်းအောက်က ၀ိုးတ၀ါးအလှ
မဟာဗန္ဓုလပန်းခြံ မြူနှင်းတို့ရံ
ဗိုလ်ချုပ်ရုပ်ထု မြူနှင်းကိုမမှု
မိုးလေ၀သအ၀ိုင်း မြူနှင်းတို့မှိုင်း
နာရီစင်ကား မှုန်ဝါးဝါး
လွတ်လပ်ရေးကျောက်တိုင်
ကမ်းနားရင်ပြင်အလှ မြူနှင်းဝန်းရံခ

Sunday, December 11, 2011

Waste to Electric Energy

အမှိုက်မှလျှပ်စစ်စွမ်းအင်သို့


“မြို့တော်ပုသိမ်မှာ အိမ်ခြေပေါင်း ၃၀၀၀နီးပါးနဲ့ နေထိုင်သူလူဦးရေ ၁၅၀၀၀၀ ကျော်ရှိပါတယ်။ နေ့စဉ် အမှိုက်မျိုးစုံ (၁၈)တန်နဲ့ တန်(၂၀)ခန့် လောက်ကို အမှိုက်ကား (၇)စီးနဲ့ တစ်နေ့နှစ်ခေါက်စီ သိမ်းဆည်းပြီး နံ့သာကုန်းအမှိုက်ပုံမှာ စုပုံစွန့်ပစ်ပါတယ်။ နံ့သာကုန်းအမှိုက်ပုံမြေဟာ (၅.၄)ဧကပဲရှိပြီး နှစ်ပေါင်းများစွာ ကတည်းက စုပုံခဲ့တာမို့ အမှိုက်တွေဟာ တောင်လိုပုံနေပါပြီ။ ယခင်ကမြို့ အစွန်ဖြစ်ပေမယ့် နောက်ပိုင်း မြို့ကွက်သစ်တွေချထား ပေးတဲ့အခါ အမှိုက်ပုံကြီးဟာ လူနေရပ်ကွက်ထဲ ရောက်ရှိလာပါတယ်။ မိုးရာသီရောက်တာနဲ့ အမှိုက်ပုံပေါ် ကားတက် မရတဲ့အခါ အခက်အခဲတွေဖြစ်ပါတယ်။ အခြားအမှိုက်စွန့်ပစ်ဖို့ နေရာလည်း ရှာလို့မရတော့ လမ်းပေါ်မှာပဲ အမှိုက်တွေပုံပြီး များလာရင် ဆောက်လုပ်ရေးက စက်ယန္တရားငှားပြီး ဖယ်ရှား ဒီလိုသံသရာ လည်နေတာ နှစ်ပေါင်း မနည်းတော့ပါဘူး။ ခေတ်မီပြီး ရေရှည် အဆင်ပြေမယ့် နည်းလမ်းတော့ရှာဖို့ ဆောင်ရွက်ဖို့ လိုနေပါပြီ” ဟု စည်ပင်က ၀န်ထမ်းတစ်ဦးက ပြောဆိုပါတယ်။
 “နည်းလမ်းကရှိပါတယ် 3Rs Reduce, Reuse and Recycle ပေါ့ Waste problem က ပုသိမ်တစ်မြို့တည်း မြန်မာတစ်နိုင်ငံတည်းရဲ့ problem မဟုတ်ပါဘူး Global Issue ဖြစ်နေတာပါ ကျနော်တို့ အခုအမှိုက်သိမ်းတယ်ဆိုတာ အလွန်တရာခေတ်မမီတော့တဲ့လုပ်ငန်းပါ လူကြားထဲက လမ်းပေါ်ကအမှိုက်တွေကို လူနဲ့ဝေးတဲ့နေရာ မမြင်ရတဲ့နေရာကို ရွှေ့ပြောင်းတဲ့ အလုပ်ပဲ ဖြစ်နေပါတယ်။ ဒါဟာ မှန်ကန်တဲ့ Waste Management တစ်ခု မဟုတ်ပါဘူး။ (Waste Management နဲ့ပတ်သက်ပြီး သီးခြားတင်ပြပါ့မယ်) နောက် အမှိုက်ဆိုရင် စည်ပင်အလုပ်လို့ပဲ ဒီမှာမြင်နေကြသေးတယ် အဲဒီအမြင်ဟာလည်း ခေတ်နောက်ကျနေပါပြီ အမှိုက်စီမံခန့်ခွဲမှု ဆိုတာ ဌာနတစ်ခုတည်းရဲ့ အလုပ်မဟုတ်ပါဘူး Community participation မပါလို့မရပါဘူး အမှိုက်စီမံခန့်ခွဲမှုရဲ့ ရည်ရွယ်ချက်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးပါ၊ ပတ်ဝန်းကျင်ပျက်စီးရင် ဒုက္ခရောက်မှာက Public ပါ ဒါကို သဘောပေါက်ဖို့ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့လိုပါတယ်။ လိုရင်းပြောရရင် အမှိုက်ကို လျှော့ချရပါမယ်။ ပစ္စည်းကို လွယ်လွယ်မစွန့်ပစ်ပါနဲ့ ကိုယ်ကမစွန့်ပစ်မခြင်း အမှိုက်မဖြစ်သေးပါဘူး။ အမှိုက်ကနေ ရသမျှပြန်သုံးကြရပါမယ်။ ကိုယ့်အတွက် အသုံးမလိုပေမယ့် တခြားသူအတွက် အသုံးဝင်နိုင်တယ်ဆိုတာ သိထားရပါမယ် မစွန့်ပစ်ဘဲ ဝေမမျှသုံးသင့်ပါတယ်။ အမှိုက်ကိုပြန်လည်ထုတ်လုပ်အသုံးပြုရပါမယ်။ အမှိုက်ဆိုတာ တကယ်တော့ သယံဇာတပါ အသုံးချတတ်ဖို့ပဲလိုတာပါ။ နည်းလမ်းတစ်ခုကတော့ လျှပ်စစ်ဓါတ်အား ထုတ်တာပါ။” လို့ စည်ပင်အရာရှိက ရှင်းပြပါတယ်။
မည်သို့ပင်ဖြစ်စေ မြို့တော်အင်္ဂါရပ်နှင့်ပြည့်စုံတဲ့ ပုသိမ်မြို့တော်ဖြစ်လာစေရေး ဆောင်ရွက်ရာမှာတော့ အမှိုက် စီမံခန့်ခွဲမှုကို အောင်မြင်အောင် ဆောင်ရွက်ဖို့ လိုအပ်မှာ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

မြို့တော်ပုသိမ် နံ့သာကုန်းရှိအမှိုက်ပုံကြီး
(Opened Dumping စနစ်ဟာ ခေတ်နောက်ကျနေပါပြီ၊ 3Rs ကိုဆောင်ရွက်ပြီး
မဖြစ်မနေစုပုံရမယ်ဆိုရင် Land filling နည်းပဲသုံးသင့်ပါတယ်)
အမှိုက်မှ လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှု နည်းစဉ်
အမှိုက်ကနေ စွမ်းအင်ထုတ်ဖို့  အမှိုက်ကိုခွဲခြားစွန့်ပစ်တဲ့စနစ်ကျင့်သုံးရပါမယ်

Saturday, December 10, 2011

Dream but not impossible

ရန်ကုန်မြို့တော် မြေအောက်ရထားလမ်းစီမံကိန်း

ယူကျု မှာတွေ့လို့တင်ပေးလိုက်တာပါ အမြန်ဆုံးဖြစ်စေချင်ပါတယ် ၂၀ရာစု ကတည်းကနည်းပညာပါ လက်လှမ်းမမီစရာမရှိပါ


Special Economic Zone for Pathein City

မြို့တော်ပုသိမ်အတွက် အထူးစီးပွါးရေးဇုန်

``မြို့တော်ပုသိမ်ကနေ ပြည်ပကို တိုက်ရိုက် ဆန်တင်ပို့နိုင်ပြီဖြစ်ကြောင်း မကြာမီ ဆားကိုလည်း ဆက်လက် တင်ပို့သွားမှာဖြစ်ကြောင်း ရန်ကုန်ကို သယ်ယူပို့ဆောင်ပြီးမှ ပြည်ပကိုပို့တာထက်စာရင် တင်ချခ သယ်ယူပို့ဆောင်ခ များစွာသက်သာတဲ့အတွက် လုပ်ငန်းရှင်များအတွက် ပိုမိုအကျိုးရှိကြောင်း ဒါပေမယ့် လက်ရှိပုသိမ်နဲ့ ပမ္မ၀တီ ဆိပ်ကမ်းတွေဟာ ကုန်တင်သင်္ဘောများအတွက် တန်ချိန်ကန့်သတ်ချက်ရှိကြောင်း ဒါကြောင့် တိုင်းဒေသကြီးအတွင်းမှာ Deep Seaport ပင်လယ်ရေနက်ဆိပ်ကမ်း တစ်ခု တည်ဆောက်သွားဖို့ PTT Thailand ကုမ္ပဏီနဲ့ ဆောင်ရွက်လျက်ရှိကြောင်း ပင်လယ်ရေနက်ဆိပ်ကမ်းနဲ့ ဆက်စပ်ပြီး မြို့တော်ပုသိမ်မှာလည်း အထူးစီးပွါးရေးဇုန် တစ်ခု အကောင်အထည်ဖေါ်သွားမည် ဖြစ်ကြောင်း ပြည်ပက အီလက်ထရောနစ် ပစ္စည်းတွေ တင်သွင်းပြီး တပ်ဆင်ထုတ်လုပ်ကာ ပြည်တွင်းပြည်ပ ပြန်လည်ရောင်းချ တင်ပို့တဲ့ ပုံစံမျိုးလုပ်မှာဖြစ်လို့ လူသား အရင်းအမြစ်သာ လိုအပ်ကြောင်း အလုပ်အကိုင် အခွင့်အရေးပေါင်း သောင်းနဲ့ချီ ရှိလာမှာဖြစ်ကြောင်း ပုသိမ်ရန်ကုန် Express Way ကိုလည်း လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိကြောင်း´´ စသည်ဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ အကြီးအကဲက မြို့တော် ပုသိမ်၏ ရပ်ကွက်များသို့ ကွင်းဆင်းပြီး ပြည်သူလူထုများနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။ မြို့တော်ပုသိမ်ဟာ အခြားသော တိုင်းဒေသကြီးမြို့တော်များနှင့် နှိုင်းယှဉ်လျင် စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှု၌ နောက်ကျ ကျန်နေခဲ့ပြီး အလုပ်လက်မဲ့နှင့် ဆင်းရဲမှု ရာခိုင်နှုန်း ပိုမိုမြင့်မားနေတဲ့အတွက် ယခုလို တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံနဲ့ ဆောင်ရွက်ချက်တွေကို ကြားသိရတဲ့ မြို့တော်သူ/များဟာ ဧရာဝတီခေတ် ရောက်ပြီဟု အထူးဝမ်းမြောက်ဝမ်းသာဖြစ်ကာ အားတက်လျက် ရှိကြကြောင်း သိရှိရပါတယ်။ မြန်မာနိုင်ငံမှာ ထားဝယ်နဲ့ ကျောက်ဖြူတို့မှာ ပင်လယ်ရေနက် ဆိပ်ကမ်းများ တည်ဆောက်လျက်ရှိတဲ့ အတွက် ဧရာဝတီတိုင်းဒေသကြီးရဲ့ ပင်လယ် ရေနက်ဆိပ်ကမ်းဟာ တတိယမြောက် ဖြစ်လာမှာ ဖြစ်ပြီး သန်လျင်သီလ၀ါနဲ့ ထားဝယ်တို့မှာ လက်ရှိအကောင်အထည်ဖေါ်ဆဲ အထူးစီးပွားရေးဇုန်တွေရှိတာမို့ မြို့တော်ပုသိမ်အတွက် အထူးစီးပွါးရေးဇုန်ဟာလည်း တတိယမြောက် ဇုန်ဖြစ်လာမှာ ဖြစ်ပါတယ်။

ပင်လယ်ရေနက်ဆိပ်ကမ်းတစ်ခု
အီလက်ထရောနစ်ပစ္စည်းများ တပ်ဆင်ရေးအလုပ်ရုံတစ်ခု

Thursday, December 8, 2011

Social Capital of Patheincity

မြို့တော်ပုသိမ်မှ လူမှုအရင်းအနှီး

မြို့တော်ပုသိမ်ရဲ့ မြို့လယ်ခေါင်မှာ Community and Public Participation နဲ့ ခင်းခဲ့ကြတဲ့ ကွန်ကရစ်လမ်းပေါင်းက အခုဆိုရင်(၃၀)ကျော်သွားပြီ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းတွေကို မြို့ပေါ်ရပ်ကွက်တွေမှာ အင်တိုက်အားတိုက်ခင်းနေကြဆဲပါ။ ထူးခြားတာက ပုသိမ်ကြိုးတံတား မရှိခင်က ငွေဆောင်သွားတဲ့ကားတွေ ဇက်ရေယာဉ်နဲ့ကူးပြီး တစ်ထောက်နားရလို့ စည်ပင်ဖွံ့ဖြိုးခဲ့ပေမယ့် ယနေ့အချိန်မှာ မြို့တော်ပုသိမ်နဲ့ နီးကပ်သော်လည်း တိုးတက်မှု ကျန်ခဲ့ရတဲ့ မြို့တော်တစ်ဖက်ကမ်းက ရပ်ကွက်(၉)နဲ့ ရပ်ကွက်(၁၀)တို့မှာပါ ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းတွေ ခင်းလာကြတာပဲဖြစ်ပါတယ်။ ရပ်ကွက်(၁၀)မှာဆိုရင် လမ်းမကြီးမှာ (၉)ပေအကျယ် ကွန်ကရစ်လမ်းက အရှည်ပေ(၂၂၀၀) အတွင်းလမ်းမှာ (၈)ပေအကျယ် ကွန်ကရစ်လမ်းက အရှည်ပေ(၄၅၀) ခင်းပြီးဖြစ်ပါတယ် ရပ်ကွက်(၉)နဲ့ဆက်သွယ်ဖို့ ကျန်တဲ့ လမ်းအရှည် ပေ(၈၀၀၀)ကျော်ကိုလည်း ဆက်ပြီးခင်းဖို့ ကြိုးစားနေကြပါတယ်။ ရပ်ကွက်(၉)မှာတော့ (၉)ပေအကျယ် ကွန်ကရစ်လမ်း အရှည်ပေ(၅၃၀၀)ကို ကိုယ့်အားကိုယ်ကိုး ခင်းခဲ့ရာမှာ ပေ(၁၂၀၀)ကျော် ပြီစီးခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ အကြီးအကဲ လာရောက်စဉ် မှာကြားချက်အရ မြို့နယ်စည်ပင်က ငွေကျပ်(၁၇၅)သိန်း ထည့်ဝင်ပေးမှာမို့ ဆက်လက် ခင်းနေပြီဖြစ်ပါတယ်။ ပိုပြီးထူးခြားတာကတော့ ကွန်ကရစ်လမ်းခင်းဖို့ တစ်အိမ် ဘယ်လောက်ကျလို့ ဘယ်လောက်ထည့်ပါဆိုပြီး ခွဲတမ်းချ ပုံစံမျိုးမဟုတ်ပဲ ရပ်ကွက်နေ ပြည်သူများရဲ့ စေတနာအလျောက် ထည့်ဝင်ငွေ၊ လမ်းသွားလမ်းလာတို့ရဲ့ အလှူငွေတွေနဲ့ အခုလိုလမ်းမျိုးဖြစ်လာအောင် ခင်းနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ရပ်ကွက်နေပြည်သူများရဲ့ ကြွယ်ဝမှုအဆင့်အတန်း လူနေထိုင်မှုအခြေအနေနဲ့ စီးပွါးဖွံ့ဖြိုးမှုတို့အရ ယခုလို ဆောင်ရွက်နိုင်မှုဟာ အံ့မခန်းချီးကျူးဖွယ်ဖြစ်ပါတယ်။ ရပ်ကျိုးရွာကျိုးကို ပူးပေါင်းဆောင်ရွက်တတ်တဲ့ ရိုင်းပင်းကူညီတတ်တဲ့ အလှူအတန်းရက်ရောတဲ့ မြန်မာ့ဓလေ့စရိုက်တွေဟာ မြို့လယ်ခေါင်မှာထက် ယခုလို ဆင်ခြေဖုံးတွေမှာ ပိုမိုတွေ့ရှိရလေ့ရှိပါတယ်။ ဒေသဖွံ့ဖြိုးရေးတည်ဆောက်ဖို့ လိုအပ်ချက်တွေထဲမှာ Social Capital လူမှုအရင်းအနှီးဆိုတာ တစ်ခုပါဝင်တာကို မသိနိုင်လို့ယူဆရတဲ့ မြို့တော်ပုသိမ် ဆင်ခြေဖုံး ရပ်ကွက်မှ  ဆင်းရဲတဲ့(relatively) ပြည်သူတွေက လက်တွေ့ကျကျ ကျင့်သုံးနေကြတာကို မြင်လိုက်ရတာကလည်း ပိုပြီးအံ့သြ ဂုဏ်ယူဖွယ်ဖြစ်ရပါတယ်။ ဒီသတင်းကိုဖတ်မိတဲ့ မြို့တော်သူ/များကို ပေ(၈၀၀၀)ကျော်ခင်းဖို့ ကျန်သေးလို့ ၀န်နဲ့အားမမျှတာကို ဂရုမမူပဲ ထက်သန်တဲ့ Social Capital စိတ်ဓာတ်တွေနဲ့ ကြိုးစားနေကြတဲ့ ရပ်ကွက်(၁၀)ပြည်သူတွေကို တတ်အားသရွေ့ ၀ိုင်းဝန်းကူညီပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ရပ်ကွက်(၁၀) တာကိုင်းရပ်က ကွန်ကရစ်လမ်း
ရပ်ကွက်(၁၀)က (၉)ပေအကျယ် ပေ(၂၂၀၀)အရှည် ကွန်ကရစ်လမ်း
ရပ်ကွက်(၁၀)က (၈)ပေအကျယ် ပေ(၄၅၀)အရှည် ကွန်ကရစ်လမ်း
စိန်ကုန်းဇက်ဆိပ်အနီး ငွေဆောင်လမ်းဟောင်း၌ ကွန်ကရစ်လမ်းခင်းနေသည်
ပိတောက်ချောင်းကနေ စိန်ကုန်းသို့ ကွန်ကရစ်လမ်းခင်းနေသည်

Tuesday, December 6, 2011

Land cracking at Patheincity's strand

ကျောက်ငူကမ်းဘေး၌ မြေသားအက်ကွဲမှု ဖြစ်ပေါ်

ယမန်နေ့က မြို့တော်ပုသိမ်၏ အမှတ်(၆)ရပ်ကွက်နယ်မြေ ကျောက်ငူရပ် (ကျောက်ထီးကြီးအနီး) ကမ်းနားလမ်းဘေးရှိ မြေသားအချို့အက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါတယ်။ မည်သည့် အကြောင်းကြောင့် ထိုသို့ဖြစ်ပွါးရသည်ကို သက်ဆိုင်ရာဌာနများက ထုတ်ဖေါ်ပြောကြားခြင်းမရှိသေးသဖြင့် ပြည်သူလူထုမှာ အမျိုးမျိုးထင်ကြေးပေး ပြောဆိုနေကြပါတယ်။ လွန်ခဲ့သည့် နှစ်ရက်က မြို့တော်ပုသိမ်မှာ ချိန်ခါမဟုတ် မိုးရွာသွန်းမှု ဖြစ်ပေါ် ခဲ့ခြင်းက အကြောင်းရင်းတစ်ရပ် ဖြစ်နိုင်သော်လည်း မိုးရာသီ တစ်လျောက် ထိုသို့ မဖြစ်ပေါ်ခဲ့သဖြင့် အတိအကျပြောရန် ခက်ခဲကြောင်း မြေလွှာအက်ကွဲမှုသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ကြောင်း မြစ်ကမ်းဘေးဖြစ်သဖြင့် အောက်ခံမြေလွှာကို ရေတိုက်စားကာ အပေါ်ယံမြေလွှာ အိကျသွားခြင်းလည်းဖြစ်နိုင်ကြောင်း အခြားတစ်ချက်မှာ ယခုအက်ကွဲသည့် နေရာ၏ ကမ်းဘက်အခြမ်းတွင် သစ်ပင်ကြီးများရှိနေပြီး ထိုသစ်ပင်များကို ကုန်တင်မော်တော်ကြီးများက ထိန်းကြိုးများချည်နှောင်ရာမှ မော်တော်များ များလာသည်နှင့်အမျှ ၀န်အားများလာပြီး ရေစီးအားပါ ပါသောအခါ သစ်ပင်များ ကိုနှဲ့သကဲ့သို့ဖြစ်ပြီး မြေသားအက်ကွဲလာခြင်းလည်း ဖြစ်နိုင်ကြောင်း စသည်ဖြင့် ထင်ကြေးပေးပြောဆိုနေကြပါတယ်။ သတ်မှတ်ဆိပ်ခံနေရာမှာ မရပ်နားဘဲ ကမ်းခြေတစ်လျောက် အဆင်ပြေသလို စည်းကမ်းမဲ့ ရပ်နားနေသည့် ကုန်တင်မော်တော်များကြောင့် မြစ်ကမ်းပြိုကျမည်ကိုလည်း လမ်းနေပြည်သူအချို့က စိုးရိမ်မကင်းရှိနေကြကြောင်း သိရှိရပါတယ်။ ယင်းနေရာ အနီးရှိ ကမ်းနားလမ်းကို စည်ပင်ပြည်သူပူးပေါင်းပြီး ကွန်ကရစ်လမ်း ခင်းပြီးသည်မှာ တစ်လခန့်သာရှိသေးသဖြင့် မြေသားအက်ကွဲမှုကြောင့် ကွန်ကရစ်လမ်းထိခိုက် ပျက်စီးမှာကိုလည်း လမ်းဘေးနေ ပြည်သူများက စိုးရိမ်လျက်ရှိကြောင်း သတင်းရရှိပါတယ်။

မော်တော်ကြီးများ၏ထိန်းကြိုးဆွဲအားကြောင့် ယခုလို မြေလွှာအက်ကွဲရသည်လား

ဆိပ်ခံတွင်မရပ်နားဘဲ အဆင်ပြေသလိုစည်းကမ်းမဲ့ ရပ်နားနေသော ကုန်မော်တော်များ

မြို့တော်ပုသိမ် မီးလောင်ပြန်ပြီ

တတိယအကြိမ်မီးလောင်ခြင်း

၂၀၁၁ခုနှစ်အတွင်း မြို့တော်ပုသိမ်တွင် တတိယအကြိမ်မြောက် မီးလောင်မှု တစ်ခု ယနေ့ နေ့လည် (၂)နာရီ မိနစ်(၅၀)ခန့်က ဖြစ်ပွါးခဲ့ပါတယ်။ အမှတ်(၂)ရပ်ကွက် ကမ်းနားလမ်း ငွေဆောင်ဇက်ဆိပ်ဟောင်းရှိ ရွှေမြင့်မိုရ်သံပစ္စည်းစတီးနှင့် ဂက်စ်အိုးရောင်းဝယ်ရေး ဆိုင်တွင် ဂက်စ်အိုး လဲလှယ်ရာမှ စတင်မီးလောင်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး မြို့နယ်မီးသတ်မှ မီးသတ်ကား(၇)စီး မြို့နယ်စည်ပင် ရေကား(၁)စီးတို့ဖြင့် ၀ိုင်းဝန်းငြိမ်းသတ်မှုကြောင့် ညနေ(၃)နာရီ ခွဲလောက်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ ဆိုင်ခန်း(၃)ခန်း မီးလောင်ကျွမ်းခဲ့ပြီး လူ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ မီးလောင်မှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ပွါးသူ မရှိဘဲ ဆုံးရှုံးမှု တန်ဖိုး (၁၂)သိန်းခန့်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဌာနက ခန့်မှန်းတွက်ချက်ထားပါတယ်။ မီးလောင်ရာသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ အကြီးအကဲနှင့် တာဝန်ရှိသူများ လာရောက် ကြည့်ရှုသွားခဲ့ကြောင်း သိရှိရပါတယ်။ မီးလောင်မှုဖြစ်ပွါးတဲ့ ဆိုင်ခန်းအနီးမှာ တရားမ၀င် စက်သုံးဆီ အရောင်းဆိုင် ရှိနေပြီး ယင်းဆိုင်မှ ဆီတိုင်ကီများနဲ့ မီးလောင်မှုဖြစ်တဲ့ ဆိုင်မှ ဂက်စ်အိုးများကို မီးလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်းနိုင်မှုကြောင့်သာ မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယင်းဆီတိုင်ကီများ မီးလောင်ပေါက်ကွဲပါက မြို့တော်ပုသိမ်အတွက် စိုးရိမ်ရတဲ့ မီးလောင်မှုကြီး ဖြစ်ပွါးသွားနိုင်တဲ့အတွက် မြို့တော်သူ/သားများက အထူးစိုးရိမ် ထိတ်လန့်ခဲ့ကြရကြောင်း သိရှိရပါတယ်။ မြို့တော်ပုသိမ်မှာ ကမ်းနားလမ်းတစ်လျောက် မြောက်မြားစွာသော တရားမ၀င် ဆီဆိုင်များ သိုလှောင်ခြင်း ရောင်းချခြင်းများ ပြုလုပ်နေကြတဲ့ အတွက် ယခုလို ပေါ့ဆမှုကြောင့် မီးလောင်မှုမျိုး ထပ်မံဖြစ်ပွါးမှာကို မလိုလားတဲ့ မြို့တော်သူ/သားများက နွေရာသီဖြစ်၍ ဆီဆိုင်များကို မြို့တွင်း၌ မထားစေလိုကြကြောင်း သိရှိရပါတယ်။









Monday, December 5, 2011

Bamboo strip Buddha Image of Pathein City

မြို့တော်ပုသိမ်က နှီးဘုရား

ပုသိမ်မြို့တော် ကမ်းနီကျေးရွာအုပ်စု ကြိုးတံတားထိပ် အနီးရှိ အေးချမ်းတဲ့အရိပ်အာဝါသနဲ့ ချမ်းမြေ့ဖွယ် ပတ်ဝန်းကျင်တို့ပြည့်စုံတဲ့ လောကနန္ဒာ စေတီတော် ပရ၀ဏ် အတွင်းမှာ ဆုတောင်းပြည့် အောင်စကြာ နှီးဗုဒ္ဓရုပ်ရှင်တော်မြတ် တစ်ဆူ ကိန်းဝပ်စံပယ်တော် မူလျက်ရှိပါတယ်။ အဲဒီရုပ်ရှင်တော်မြတ်ကို မြို့တော်ပုသိမ်မှ ဘုရားဒါယိကာ (ရွှေမြင့်မိုရ် သံထည်နှင့် ဂက်စ်မီးဖိုရောင်းဝယ်ရေး)နှင့် ၇ရက်သားသမီးများ၏ ကောင်းမှုဖြင့် ကောဇာသက္ကရာဇ် ၁၃၆၉ခုနှစ် သီတင်းကျွတ်လပြည့်ကျော် (၁၃)ရက်နေ့မှာ မြန်မာမှုနှီးပညာရှင် လုံးအွန်ဆိုင် (ခေါ်) ဦးဝိမလဗုဒ္ဓိနှင့် အဖွဲ့သားများက စတင်ရက်လုပ် ပူဇော်ခဲ့ပြီး တန်ဆောင်မုန်းလပြည့်ကျော်(၁၅)ရက်နေ့မှာ ပြီးစီးခဲ့ပါတယ်။ ယင်းနှစ် နတ်တော်လပြည့်ကျော်(၉)ရက် (၂၄.၁၂.၂၀၀၇)နေ့မှာ မုနိတော်၊ ဦးခေါင်းတော်၊ လက်ဝဲလက်ယာ လက်မောင်းတော် ဌာပနာတိုက်တို့မှာ ဌာပနာထည့်သွင်းပူဇော်ခဲ့ပြီး ဗုဒ္ဓါဘိသေကအနေကဇာတင် အခမ်းအနားကို အောင်မြင်စွာ ဆင်ယင်ကျင်းပခဲ့ပါတယ်။ နှီးဘုရားရက်လုပ်ခဲ့ရာမှာ-
(က) ဒေသခံကျေးရွာ(၁၁)ရွာမှ ခင်ပွန်းကြီးဆယ်ပါး ကံချေကန်တော့ခြင်း
(ခ) အဘိဓမ္မာခုနစ်ကျမ်း အသံမစဲ ရွတ်ဖတ်ပူဇော်ခြင်း
(ဂ) ဓမ္မစကြာနှင့် မေတ္တာသုတ် ရွတ်ဖတ်ပူဇော်ခြင်း
(ဃ) ဆရာတော်နှင့်တကွ ပရိတ်သတ်အားလုံးက သက်ကင်းအာဟာရကိုသာ သုံးဆောင်ကြခြင်း
(င) ၇ရက်သားသမီးများက သရဏဂုံတည်ကာ နှီးသပ် နှီးချောကြခြင်း
(စ) အပူဇော်ခံမည့် ရာဇမတ်အတွင်း သတ်သတ်မှတ်မှတ် ရက်လုပ်ပူဇော်ခြင်း စတဲ့ စည်းကမ်းချက်များနဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ နှီးဗုဒ္ဓရုပ်ရှင်တော်မြတ်ဆိုင်ရာ အချက်အလက်တွေကတော့-
ဉာဏ်တော်အမြင့် ၁၁ပေ ၃.၅လက်မ
ပလင်တော်အမြင့် ၂ပေ
ဒူးတော်နှစ်ဖက်အကျယ် ၉ပေ၉လက်မ တို့ဖြစ်ပါတယ်။
ပုသိမ်မြို့တော်ရဲ့ နံမည်ကျော် ချောင်းသာနဲ့ ငွေဆောင် ကမ်းခြေသို့ သွားရာလမ်းဘေးမှာ တည်ရှိတဲ့ အတွက် အပန်းဖြေခရီးထွက်ရင်း နှလုံးစိတ်ဝမ်း ငြိမ်းချမ်းစေရာ ကောင်းသောလိုရာဆန္ဒ ပြည့်ဝစေကြောင်း ၀င်ရောက်ဖူးမျှော် ဆုတောင်းနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
 

ပုသိမ်ကြိုးတံတားအလှ
နှီးဘုရားသို့အ၀င်မုခ်ဦး
ကျိုက်ထီးရိုးပုံစံတူစေတီ
မြို့တော်ပုသိမ်က လောကနန္ဒာစေတီတော်
လောကနန္ဒာစေတီပရ၀ဏ်အတွင်းက စေတီတော်များ

နှီးဗုဒ္ဓရုပ်ရှင်တော်မြတ်ကိန်းဝပ်ရာ စံကျောင်းတော်
ဆုတောင်းပြည့် အောင်စကြာ နှီးဗုဒ္ဓရုပ်ရှင်တော်မြတ်
ဆုတောင်းပြည့် အောင်စကြာ နှီးဗုဒ္ဓရုပ်ရှင်တော်မြတ်
ဆုတောင်းပြည့် အောင်စကြာ နှီးဗုဒ္ဓရုပ်ရှင်တော်မြတ်