Sunday, November 27, 2011

Bus Rapid Transit (BRT) System

အမြန်သွားဘတ်(စ်)ကား ပို့ဆောင်မှုစနစ်

EST သဘာဝပတ်ဝန်းကျင် ရေရှည်တည်မြဲစေသော သယ်ယူပို့ဆောင်မှု၏ သမူဟမဟာဗျူဟာ (၁၂)ချက် အနက်မှ တစ်ခုဖြစ်သည့် Public Transport Planning and Transport Demand Management(TDM) (လူထု သယ်ယူပို့ဆောင်ရေး အစီအမံနဲ့ သယ်ယူပို့ဆောင်ရေး လိုအပ်ချက် စီမံခန့်ခွဲမှု)ကို အကောင် အထည် ဖေါ်ရာတွင် ကမ္ဘာ့နိုင်ငံအများအပြား၌ အအောင်မြင်ဆုံးနည်းလမ်း တစ်ခုဖြစ်သည့် Bus Rapid Transit (BRT) System (အမြန်သွားဘတ်(စ်)ကား ပို့ဆောင်မှုစနစ်) ကို တင်ပြလိုပါတယ်။ တစ်ကယ်တော့ BRT ဆိုတာ စရိတ်စကကုန်ကျမှု အနည်းဆုံးနဲ့ အခြေခံအဆောက်အဦ လိုအပ်ချက်မရှိသလောက်နဲ့ သာမန် ဘတ်(စ်)ကား ပို့ဆောင်မှုစနစ်ကို ပိုမိုလျင်မြန်စွာ ပိုမိုအကျိုးဖြစ်ထွန်းစွာ သယ်ယူပို့ဆောင်နိုင်အောင် စနစ်တကျ ပြုပြင် ပြောင်းလဲပေးတဲ့ စနစ်ဖြစ်ပါတယ်။ မြို့ပြသယ်ယူပို့ဆောင်ရေး စနစ်တစ်ခုမှာ ရှိနေပြီးသား ဖြစ်တဲ့ အခြေခံအဆောက်အဦ (လမ်းတံတား ကားမှတ်တိုင် စသည်) နဲ့ ဘတ်(စ်)ကား တွေကိုပဲ အသုံးပြုပြီး ပိုမိုလျင်မြန်တဲ့ Rail Transit (ရထားပို့ဆောင်မှု) ပုံစံ ဖြစ်အောင် ပြင်ဆင်ပေးလိုက်တဲ့ အခါမှာ BRT စနစ်ဖြစ်လာပါတယ်။ အဓိကပြောင်းလဲမှုကတော့ ဘတ်(စ်)ကားလမ်း ကို သီးခြား သတ်မှတ်ပေး လိုက်တာပဲဖြစ်ပါတယ်။ (ရန်ကုန်မြို့တော်မှာလည်း အဲဒီနည်းလမ်းဆန်ဆန် ဘတ်(စ်)ကား လမ်းကြောင်းကို မျဉ်းအ၀ါနဲ့ရေးဆွဲ သတ်မှတ်ခဲ့ဖူးပါတယ်။) အဲဒီဘတ်(စ်)ကားလမ်းကို အခြားယာဉ်တွေ မ၀င်ရောက်နိုင်အောင် ဘတ်(စ်)ကားတွေလည်း မထွက်နိုင်အောင် ကာရံထားပေးပြီး လမ်းကြောင်းကို လည်း ကားတစ်စီးစာ အကျယ်ပဲ လုပ်ပေးထားပါတယ်။ ပြီးတော့ အခြားယာဉ်တွေအတွက် သွားလာရေးလည်း မထိခိုက်အောင် ဘတ်(စ်)ကား မှတ်တိုင်တွေကို ပုံမှန်အားဖြင့် လမ်းအလယ်မှာ ဆောက်လုပ်ထားပေးလေ့ ရှိပါတယ်။ BRT စနစ်ကို ၁၉၇၄ခုနှစ်လောက်က ဘရာဇီးနိုင်ငံမှာ စတင်အသုံးပြုခဲ့ပြီး နောက်ပိုင်းမှာ မြောက်အမေရိက၊ ဥရောပနဲ့ သြစတေးလျ တို့ထိ တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိပြီး အဲဒီနိုင်ငံတွေမှာ Busway, Quality Bus လို့လည်း ခေါ်ဝေါ်ကြပါတယ်။ အောင်မြင်တဲ့ စနစ်မှာဆိုရင် သယ်ယူပို့ဆောင်မှုနှုန်းဟာ တစ်နာရီကို (၁၇)မိုင်ကနေ မိုင်(၃၀)ကြားထိရှိပါတယ်။ အာရှမှာ ဆိုရင် ဂျပန်၊ တရုပ်၊ အိန္ဒိယနဲ့ အင်ဒိုနီးရှားတို့မှာ အသုံးပြုလျက်ရှိပါတယ်။ ဂျပန်နိုင်ငံမှာဆိုရင် BRT ယာဉ်တွေဟာ မြေအောက်မီးရထားတွေလို မှတ်တိုင်မှာ ဘတ်(စ်)ကား ရောက်ရှိမယ့် အချိန်စာရင်းတွေ ရေးထားပြီး ဘတ်(စ်)ကားတွေကလည်း အဲဒီအချိန်တွေ အတိုင်း ရောက်ရှိအောင် မောင်းနှင်နိုင်တဲ့အထိ ဆောင်ရွက်နိုင်နေပြီဖြစ်ပါတယ်။ ခရီးသည်အများစုကို အချိန်တိုအတွင်း ထိထိရောက်ရောက် လျင်လျင်မြန်မြန် ပို့ဆောင်ပေးနိုင်တဲ့ BRT စနစ်ကို မြန်မာနိုင်ငံမှာ အကောင်အထည် ဖေါ်နိုင်မယ်ဆိုရင် အချိန်ကြာမြင့်စွာ ဘတ်(စ်)ကားစောင့်ရ စီးရတဲ့ဒုက္ခတွေ တစ်စီးနဲ့တစ်စီး အပြိုင်မောင်းလို့ ဘုရားတနေရတဲ့ဒုက္ခတွေ ငါးပိသိပ် ငါးချဉ်သိပ် တိုးဝှေ့စီးရတဲ့ဒုက္ခတွေက လွတ်ကင်းနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
 အမေရိကန်နိုင်ငံ၌  Bus Rapid Transit ပေါင်း(၄၈)ခုအသုံးပြုလျက်ရှိပါတယ်။
အိန္ဒိယနိုင်ငံဒေလီမြို့က Bus Rapid Transit
တရုပ်နိုင်ငံ ကျန်စုမြို့က Bus Rapid Transit
ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့တော်က Bus Rapid Transit
တောင်အာဖရိကနိုင်ငံမှ Bus Rapid Transit

Monday, November 21, 2011

Environmentally Sustainable Transport (EST)

သဘာဝပတ်ဝန်းကျင်ရေရှည်တည်မြဲစေသော သယ်ယူပို့ဆောင်မှု

အရင်ဆုံး Environmentally Sustainable Transport (EST) အကြောင်း တင်ပြချင်ပါတယ်။ EST ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကတော့  Transport development that meets the needs of the present without preventing future generations from meeting their needs. မျိုးဆက်သစ်များရဲ့ လိုအပ်ချက် ပြည့်စုံမှုကို အတားအဆီးမဖြစ်စေဘဲ မျက်မှောက် ပစ္စက္ခ လိုအပ်ချက်များ ကိုလည်း ပြည့်စုံစေသည့် သယ်ယူပို့ဆောင်ရေး ဖွံဖြိုးမှု လို့ဆိုပါတယ်။ ကမ္ဘာမှာ ၂၀ရာစုနှောင်းပိုင်းက စလို့ အာရှနိုင်ငံတွေမှာ ယာဉ်ကြောပိတ်ဆို့မှု၊ စွမ်းအင်အသုံး မလုံလောက်မှု၊ လေထု၊ရေထု ညစ်ညမ်းစေမှုနဲ့ ယာဉ်ဆူညံသံများ စတဲ့ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်နွှယ်ပြီး ဖြစ်ပေါ်လာတဲ့ စီးပွါးရေးနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ problems တွေရှိလာခဲ့ပါတယ်။ အဲဒီ problems တွေ ပေါ်ပေါက်လာစေတဲ့ အကြောင်းရင်းတွေကတော့ စီးပွါးရေး အလျင်အမြန် ဖွံ့ဖြိုးလာမှုနဲ့ မြို့ပြအသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များကြောင့် သယ်ယူပို့ဆောင်ရေး လိုအပ်ချက် အလွန်တရာ မြင့်မားလာမှု၊ စက်တပ်ယာဉ်မီးခိုးထုတ်လွှတ်မှုကို ထိန်းချုပ်ခြင်း အားနည်းမှုနဲ့ သယ်ယူ ပို့ဆောင်ရေး လိုအပ်ချက်နဲ့လျော်ညီတဲ့ အခြေခံ အဆောက်အအုံ မပြည့်စုံမှု တို့ပဲ ဖြစ်ပါတယ်။ 

ယာဉ်ကြောပိတ်ဆို့မှုက စီးပွားရေးဆိုင်ရာ Problem ဖြစ်ပါတယ် (အိန္ဒိယနိုင်ငံကပုံ)
လေထုညစ်ညမ်းစေမှုက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ Problem ဖြစ်ပါတယ်(ဗီယက်နမ်ကပုံ)
အဲဒါကြောင့် အာရှဒေသ အပြည်ပြည်ဆိုင်ရာ EST ညီလာခံကို ဂျပန်နိုင်ငံ နာဂိုရာမြို့မှာ ၂၀၀၃ခုနှစ် မတ်လက ကျင်းပခဲ့ပြီး  Nagoya Statement on Environmentally Sustainable Transport in the Asian Region ကိုထုတ်ပြန်ခဲ့ပါတယ်။ ဆက်လက်ပြီး အာရှဒေသ မနီလာ သဘာဝပတ်ဝန်းကျင်နဲ့ သယ်ယူပို့ဆောင်ရေး မူဝါဒ ဆွေးနွေးပွဲ ကို ဖိလစ်ပိုင်နိုင်ငံမနီလာမြို့မှာ ၂၀၀၄ခုနှစ် ဇန်န၀ါရီလမှာ ကျင်းပခဲ့ပြီး  Manila Statement ကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ပထမဆုံး EST ဖိုရမ်ကိုတော့ နာဂိုရာမှာပဲ ၂၀၀၅ခုနှစ် သြဂုတ်လက ကျင်းပခဲ့ကြပြီး Aichi Statement ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလိုနဲ့ ၂၀၀၆၊ ၂၀၀၈၊ ၂၀၀၉ နဲ့ ၂၀၁၀ တွေမှာ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ယိုးဒယားတို့မှာ EST ဖိုရမ်တွေကျင်းပခဲ့ကြ ပါတယ်။ ဒါ့အပြင် အာရှမြို့တော်ဝန်များရဲ့ EST မြှင့်တင်ရေး မူဝါဒဆွေးနွေးပွဲကို ၂၀၀၇ခုနှစ်က ကျိုတိုမှာ ကျင်းပခဲ့ပြီး  Kyoto Declaration ထုတ်ပြန်ခြင်း၊ ၂၀၀၈ခုနှစ်က ယိုးဒယား ဘန်ကောက်နဲ့ ၂၀၁၀ မတ်လက တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တို့မှာ ကျိုတိုကြေညာချက်ကို အာရှမြို့တော်ဝန်များက လက်မှတ်ရေးထိုးခြင်းတို့ ဆောင်ရွက်ပြီး EST ဖေါ်ဆောင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အဲဒီလို ပူးပေါင်း ဖေါ်ဆောင်ခဲ့ကြတဲ့ အာရှနိုင်ငံပေါင်း (၂၂)နိုင်ငံရှိပြီး မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။
ပဉ္စမအကြိမ်မြောက် EST ဖိုရမ်ကို ၂၀၁၀သြဂုတ်လက ဘန်ကောက်၌ကျင်းပခဲ့ပုံ
EST အတွက် သမူဟမဟာဗျူဟာ (၁၂)ချက်ရှိပါတယ်။ အဲဒါတွေကတော့-
  1. Public Health (လူထုကျန်းမာရေး)
  2. Road Safety and Maintenance (လမ်းလုံခြုံမှုနဲ့ ထိန်းသိမ်းမှု)
  3. Non-motorized Transport (စက်စွမ်းအင်မဲ့သယ်ယူပို့ဆောင်မှု)
  4. Cleaner Fuels (စက်သုံးဆီသန့်စင်ရေး)
  5. Public Transport Planning and Transport Demand Management(TDM) (လူထုသယ်ယူပို့ဆောင်ရေး အစီအမံနဲ့ သယ်ယူပို့ဆောင်ရေးလိုအပ်ချက် စီမံခန့်ခွဲမှု)
  6. Traffic Noise Management (ယာဉ်ဆူညံမှု စီမံခန့်ခွဲမှု)
  7. Environment and People Friendly Urban Infrastructures (လူနဲ့ပတ်ဝန်းကျင် သဟဇာတဖြစ်စေသည့် မြို့ပြ အခြေခံအဆောက်အဦများ)
  8. Vehicle Emission Control, Standards, Inspection and Maintenance(I/M) (ယာဉ်မီးခိုးထုတ်လွှတ်မှုထိန်းချုပ်ရေး၊ စံသတ်မှတ်ရေး၊ စစ်ဆေးရေးနှင့် ထိန်းသိမ်းရေး)
  9. Strengthening Road Side Air Quality Monitoring and Assessment (စဉ်ဆက်မပြတ် လမ်းဘေးလေထု အရည်အသွေး စောင့်ကြည့်အကဲဖြတ်ခြင်း)
  10. Social Equity and Gender Perspectives (လူမှုညီမျှရေးနဲ့ ကျား၊ မတန်းတူမှု)
  11.  Land Use Planning (မြေအသုံးချမှုအစီအမံ) နဲ့
  12. Strengthening Knowledge Base, Public Participation and Awareness (ဗဟုသုတမြှင့်တင်ရေး၊ လူထုပူးပေါင်းပါဝင်ရေးနဲ့ သတိဂရုပြုရေး) တို့ပဲဖြစ်ပါတယ်။

Sunday, November 20, 2011

3 Main Factors effected on Regional Development

ဒေသဖွံ့ဖြိုးရေးအတွက် အဓိကမဏ္ဍိုင်(၃)ရပ်

ဒေသဖွံ့ဖြိုးရေးအတွက် အဓိကမဏ္ဍိုင်(၃)ရပ်
ဒေသဖွံ့ဖြိုးရေးအသိသညာအရ စစ်မှန်ပြည့်စုံသော ရေရှည်တည်မြဲသော ဒေသဖွံ့ဖြိုးရေး တည်ဆောက်ရန် အဓိကမဏ္ဍိုင်(၃)ရပ် ရှိပါတယ်။ အဲဒါတွေကတော့ 
  1. Environmental Management ( သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု )
  2. Disaster Management ( သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု )နဲ့
  3. Human Security ( လူမှုလုံခြုံမှု ) တို့ပဲဖြစ်ပါတယ်။
ပထမဆုံး သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုကို တင်ပြချင်ပါတယ်။ Environmental Management ဆိုတာ Environmental Conservation ဆိုတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး မဟုတ်ပါဘူး။ တစ်ကယ်တော့ Development ဖွံ့ဖြိုးတိုးတက်ရေးနဲ့ Conservation ထိန်းသိမ်းရေး ဆိုတာ ပြဒါးတစ်လမ်း သံတစ်လမ်း ဆန့်ကျင်ဘက် လုပ်ငန်းစဉ်များဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးလိုချင်ရင်တော့ ပေးဆပ်ရမယ့် အရင်းအနှီးရှိပါတယ်။ အဲဒါကတော့ သဘာဝပတ်ဝန်းကျင်ပဲ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို အသုံးမချဘဲ ထိန်းသိမ်းထားမယ်ဆိုရင်တော့ ဖွံ့ဖြိုးတိုးတက်မှုကို ရမှာ မဟုတ်ပါ။ ဒါပေမယ့် ရေရှည် တည်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်မှု Sustainable Development ဖြစ်ချင်ရင်တော့ သဘာဝပတ်ဝန်းကျင်ကို တည်မြဲအောင် လုပ်ဖို့လိုပါတယ်။ အဲဒီမှာ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုတာ ဒေသဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့ လုပ်ငန်းစဉ်ကြီး တစ်ရပ်ဖြစ်လာပါတယ်။ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုကို စနစ်တကျ အကောင်အထည်ဖေါ်ရန် အတွက် အောက်ပါ လုပ်ငန်းသုံးရပ်ကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲဒါတွေကတော့-
  1. Environmentally Sustainable Transport ( သဘာဝပတ်ဝန်းကျင် ရေရှည်တည်မြဲစေသော သယ်ယူပို့ဆောင်မှု )
  2. Solid Waste Management ( အမှိုက်စီမံခန့်ခွဲမှု )
  3. Sustainable Production and Consumption ( ရေရှည်တည်မြဲသော ထုတ်လုပ်မှုနှင့် စားသုံးမှု ) တို့ပဲဖြစ်ပါတယ်။

မြို့တော်ပုသိမ်၏ စာပေဟောပြောပွဲ

စာပေဟောပြောပွဲကျင်းပမည်

မြန်မာနိုင်ငံ စာဆိုတော်နေ့အထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး မြို့တော်ပုသိမ်၏ မြို့တော်ခန်းမ၌ ၂၁.၁၁.၂၀၁၁ရက်နေ့ ည(၇)နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။ စာပေဟောပြောပွဲမှာ ဟောပြောကြမယ့် စာရေးဆရာများကတော့ လယ်တွင်းသားစောချစ်၊ ချစ်နိုင်(စိတ်ပညာ)နဲ့ မြင်းမူမောင်နိုင်မိုးတို့ဖြစ်ကြပါတယ်။ အဲဒီစာရေးဆရာကြီးများဟာ မြို့တော်ပုသိမ်မှာ တစ်ရက်ဟောပြောပြီး ၂၂.၁၁.၂၀၁၁ရက်နေ့မှာ ကန်ကြီးဒေါင့်မြို့နှင့် ၂၃.၁၁.၂၀၁၁ရက်နေ့မှာ ကျောင်းကုန်းမြို့တို့သို့ သွားရောက် ဟောပြောကြမှာ ဖြစ်ပါတယ်။ နိုင်ငံကျော် စာရေးဆရာကြီးများဖြစ်ကြပြီး တိုင်းကျိုးပြည်ပြု စာကောင်းပေမွန်များ ရေးသားခဲ့ ရေးသားဆဲဖြစ်ကြသူများ၏ စာပေဟောပြောပွဲဖြစ်တာမို့ မြို့တော်သူမြို့တော်သားများက အထူးစိတ်ဝင်စားနေကြပြီး ဆရာကြီးများရဲ့ အတွေးအမြင် အတွေ့အကြုံတွေကို ဝေမျှခံယူခွင့်ရဖို့ ရင်ခုန်လျက်ရှိနေကြကြောင်း တင်ပြလိုက်ရပါတယ်။

၂၀၀၉ခုနှစ်က မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည့် စာပေဟောပြောပွဲတွင် ဆရာလယ်တွင်းသားစောချစ် ဟောပြောနေပုံ

စိတ်အပန်းဖြေစရာ(၄)

အွန်လိုင်းက မြန်မာပြန်ဟာသ အချို့ဖေါ်ပြလိုက်ပါတယ်



Saturday, November 19, 2011

Publishing Hulttaw Bulletin

လွှတ်တော်သတင်းလွှာထုတ်ဝေ

ပြည်သူ့အသံ..လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ..လွှတ်တော်ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက်..လွှတ်တော်ကဖေါ်ဆောင်ရွက် ဟူသည့် ဆောင်ပုဒ်ဖြင့် မြို့တော်ပုသိမ်တွင် ၈.၁၁.၂၀၁၁ ရက်နေ့ကစတင်ကျင်းပခဲ့သော ဧရာဝတီတိုင်းဒေသကြီး ပထမအကြိမ်လွှတ်တော် ဒုတိယအကြိမ်ပုံမှန်အစည်းအဝေး၏ သတင်းလွှာ အတွဲ(၁) အမှတ်(၁)ကို ၉.၁၁.၂၀၁၁ ရက်နေ့မှစတင်၍ ထုတ်ဝေခဲ့ကြောင်း သိရှိရပါတယ်။ သတင်းလွှာတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းချက်များနှင့် သက်ဆိုင်ရာဝန်ကြီးများ၏အဖြေများ၊ လွှတ်တော်နှင့် ဒီမိုကရေစီဆိုင်ရာ သုတဆောင်းပါးများ၊ အဆိုအမိန့်များ၊ လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက်များ၊ ပြင်ပအင်တာဗျူးများ၊ သတင်းသုတနှင့် ကာတွန်းများ စသည်ဖြင့် ကဏ္ဍစုံစုံ ဝေေ၀ဆာဆာ ထည့်သွင်း ဖေါ်ပြထားကြောင်း တွေ့ရှိရပါတယ်။ ဒါ့အပြင် ပွင့်လင်းမြင်သာမှုရှိတဲ့ ဆောင်ရွက်ချက်တွေနဲ့ မီဒီယာများလွတ်လပ်စွာ သတင်းရယူနိုင်ခဲ့ တဲ့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ရဲ့မွှေးပျံ့တဲ့ဂုဏ်သတင်းနဲ့အတူ လွှတ်တော်ဆိုင်ရာသတင်းတွေကို  ပြည်သူသို့ အချိန်မီ ထုတ်ပြန်ပေးနိုင်ဖို့ လွှတ်တော်သတင်းလွှာများကို ထုတ်ဝေသည့်နေ့တိုင်း တစ်မြို့နယ်အတွက် စောင်ရေ(၂၀၀)စီ ပေးပို့ဖြန့်ဝေပေးလျက်ရှိပါတယ်။ ဒါကြောင့် ကျင်းပဆဲ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဟာ ပြည်သူ့အသံ ပြည်သူ့ဆန္ဒ ပြည်သူ့မျှော်လင့်ချက်တွေကို မည်သို့မည်မျှ နားထောင် ခံစားပြီး ဖေါ်ဆောင်နေကြောင်းကို လွှတ်တော်သတင်းလွှာဖတ်ရှုရင်း လေ့လာနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။


Friday, November 18, 2011

What design should be done?

ဘယ်လိုပုံစံပြင်ကြမှာလဲ

စည်ပင်က မြို့တော်ပုသိမ်၏ တစ်ခုတည်းသော မြို့အ၀င်ဆိုင်းဘုတ်ကို မကြာခင်ကာလက  ပြင်ဆင်မှုတစ်ချို့ထပ်လုပ်ခဲ့ပါတယ်။ ယခုနှစ် နှစ်ဦးပိုင်းတွင် ``ဧရာဝတီတိုင်း ပုသိမ်မြို့က လှိုက်လှဲစွာကြိုဆိုပါ၏´´ ဟူသည့်ယခင်စာသားအစား ``ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ကလှိုက်လှဲစွာကြိုဆိုပါ၏ Welcome to Pathein City Ayeyarwady Region´´  လို့စာသားပြင်ခဲ့ပြီး ပုသိမ်ထီးသုံးဆင့်ကိုလည်း နိုင်ငံတော်အရောင်ဖြစ်သည့် ၀ါစိမ်းနီ အဆင့်လိုက် ပြင်ဆင်ရေးဆွဲခဲ့ပါတယ်။ ယခုပြင်ဆင်မှုကတော့ အဲဒီပုသိမ်ထီး သုံးဆင့်ကို ဖယ်ရှားခဲ့ခြင်းဖြစ်ပါတယ်။ မည်သည့်အတွက်ကြောင့် မြို့တော်ပုသိမ်၏ သင်္ကေတဖြစ်သော ပုသိမ်ထီးကို မြို့ဝင်ဆိုင်းဘုတ်မှဖယ်ရှားရသည်ကို သက်ဆိုင်ရာသို့ မေးမြန်းခဲ့ရာ အသစ်ပြန်လုပ်ရန်ဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။ ဘယ်လိုပုံစံလုပ်မယ်ဆိုတာ မသိရသေးပေမယ့် ပုသိမ်ဟိုတယ်ရှေ့က ပုသိမ်ထီးလှဲထားသည့်ပုံကို ဖျက်သိမ်းဖယ်ရှားခဲ့ခြင်းနှင့် ယခုဖယ်ရှားလိုက်သည့် ထီးသုံးဆင့်သည်လည်း ဘေးတိုက်ပုံစံဖြစ်နေခဲ့ခြင်းတို့ကို ဆက်စပ်ကြည့်ပါက ပုသိမ်ထီး ထောင်လျက်ပုံစံပြန်လုပ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။ မြို့တော်သို့ လာရောက်ကြသူများကလည်း မြင်နေကျပုံစံမဟုတ်ပဲ တစ်ခုခု လိုအပ်နေသကဲ့သို့ ခံစားရသည့် မြို့ဝင်ဆိုင်းဘုတ်ကို ဘာကြောင့်ပြင်ဆင်ရသည် ဒီအတိုင်းထားမည်လား ဘယ်လိုပုံစံပြင်မှာလဲ စသည်ဖြင့် စိတ်ဝင်တစား သိလိုနေကြကြောင်း နှင့် မြို့တော်အတွင်း အထူးအဆန်း လုပ်လေ့ရှိသော စည်ပင်ကိုလည်း စောင့်ကြည့်နေကြကြောင်းသတင်းရရှိပါတယ်။
နောက်ဆုံးပြင်ဆင်ထားသော မြို့တော်ပုသိမ် မြို့ဝင်ဆိုင်းဘုတ်

မည်သို့ထပ်မံပြင်ဆင်မည်ကို စောင့်ကြည့်ခံနေရသော လက်ရှိမြို့တော်ပုသိမ် မြို့ဝင် ဆိုင်းဘုတ်

Tuesday, November 15, 2011

City's pictures taken from Ngawon river

င၀န်မြစ်တွင်းမှရိုက်ထားသောမီးမျှောပွဲပုံများ ထပ်တင်ပေးလိုက်ပါတယ်








Monday, November 14, 2011

Kanthonezint nondisappearing

ကန်သုံးဆင့်လည်းပွင့်လေပြီ

မြို့တော်ပုသိမ်၏ မဟာဗန္ဓုလလမ်းမကြီး (ယခင် ပုသိမ်-မုံရွာလမ်း) ပုသိမ်တက္ကသိုလ် ဆိုင်းဘုတ်နေရာမှစ၍ မိုးလေ၀သလမ်းဆုံအထိ လမ်းဘေးတစ်လျောက် ယခင်က ကာရံထားသော အတားအဆီး ကွန်ကရစ်ကွက် နံရံများနေရာတွင် ပွင့်လင်းမြင်သာသော သံပန်းစည်းရိုးများဖြင့် အစားထိုးခြင်းကို သက်ဆိုင်ရာက ပြင်ဆင်ဆောင်ရွက်ခဲ့သဖြင့် မြို့တော်ပုသိမ်နှင့် ခွဲခြားမရသော မြို့တော်၏ နှလုံးသည်းပွတ် ကန်သုံးဆင့်ကို ကားလမ်းပေါ်မှ ထင်ထင်ရှားရှား မြင်တွေ့ရပြီ ဖြစ်ပါတယ်။ ညအချိန် ကန်သုံးဆင့်၏ မီးရောင်စုံအလှအပများကို လမ်းမပေါ်မှ ရှုမြင်နိုင်သကဲ့သို့ နံနက်စောစော လမ်းလျောက် ထွက်သည့် မမပုသိမ်သူများအတွက်လည်း ကန်ရေပြင်ကို ဖြတ်သန်းလာသည့် လွတ်လပ် လတ်ဆတ်သော လေနုအေးများကို အမောပြေရှူရှိုက်ရင်း နှင်းမြူကြားမှ ကန်သုံးဆင့်အလှကို ခံစားနိုင်ပြီ ဖြစ်သဖြင့် နံရံနောက်ကွယ်မှ ကန်သုံးဆင့်သည်လည်း ခေတ်နှင့်အညီ ကြွားကြွားဝင့်ဝင့် ပွင့်လန်းလာပြီဖြစ်ကြောင်း သိရှိရပါတယ်။
ယခင်က ကာရံထားသောနံရံဟောင်း

ပွင့်လင်းမြင်သာသောစည်းရိုးသစ်

ပွင့်ပန်းတို့နဲ့ အလှချင်းယှဉ် စည်းရိုးသစ်ကမာန်ဝင့်ချင်

အတားအဆီးနံရံဖျက်ခဲ့ပေမယ့် အကာအကွယ် စည်းရိုးတော့လိုသေးတယ်
ကန်သုံးဆင့်ရဲ့ လွတ်လပ်အလှပန်း ပွင့်လန်းနေလေပြီ

Saturday, November 12, 2011

Movie clip of fire cup floating fastival

ရှင်ဥပဂုတ္တဖောင်တော်ကို မီးပန်းဖြင့်ပစ်ဖေါက်ပူဇော်စဉ်



The tradition should be changed

ပြုပြင်သင့်ပြီဖြစ်တဲ့ အစဉ်အလာဆိုး (ငတက်ပြားည)
ပုသိမ်မြို့တော်တွင် ယနေ့နံနက်(၁)နာရီခွဲခန့်က ဆိုင်ကယ်စီး လူငယ်နှစ်ဦး မဟာဗန္ဓုလလမ်းလယ်ပေါ်ရှိ စည်ပင်ပိုင်ပန်းအိုး(၃၀)ကျော်အား တွန်းချခဲ့ကြသဖြင့် ပန်းအိုး(၉)လုံး တန်ဘိုးငွေ (၄၅၀၀၀)ခန့်ပျက်စီးခဲ့ကြောင်းနှင့် ထိုသို့ဥပဒေမဲ့ ပြုမူခဲ့ကြသူများအား ထိရောက်စွာ အရေးယူပေးပါရန် မြို့နယ်စည်ပင်က အမှတ်(၂)ရဲစခန်းထံ တိုင်ကြားထားကြောင်းသိရှိရပါတယ်။ `လူငယ်လေးတွေပါ ကျွန်တော်တို့ အရေးမယူချင်ပါဘူး။ ဒါပေမယ့် နိုင်ငံပိုင်ပစ္စည်းတွေဆိုတော့ အရေးမယူလို့မရဘူး။ ဘာကြောင့်ပဲဖြစ်ဖြစ် ဖျက်လိုဖျက်ဆီး လုပ်ချင်တဲ့စိတ်တွေရှိနေလို့ ဒီလိုဖြစ်တာပါ။ အဲဒီစိတ်ထားတွေ ပြင်ဖို့လိုနေပါပြီ။ စည်ပင်သာယာလုပ်ငန်းဆိုတာ Public Participation မပါဘဲ ဘယ်နိုင်ငံမှာမှ မအောင်မြင်ပါဘူး´ ဟု စည်ပင်ဝန်ထမ်းတစ်ဦးကပြောပါတယ်။ တန်ဆောင်တိုင် ငတက်ပြားညနဲ့ပတ်သက်လို့ မြို့ခံတစ်ဦးက `ဒီလိုပါပဲ လူငယ်တွေပျော်ကြတာပေါ့ ငယ်ငယ်ကဆို ကြက်တွေခိုးချက်စား မိတော့လည်းပြန်လျော်ပေး။ အပျော်ပဲလေ။ ခုလည်း ကျနော့်ဆိုင် ဆိုင်းဘုတ်မှာ စက်ဘီးတာယာတွေချိတ်ထားကြတာပဲ ဘေးနားကလူပျိုကြီးအိမ်မှာ ထမီအလံလုပ်ထောင်ထားလို့ စောစောစီးစီးဆဲနေတာကြားရသေးတယ်။ လူငယ်လေးတွေက ကွယ်ရာကနေရီကြတာပေါ့´ ဟုဆိုပါတယ်။ အခြားလူငယ်တစ်ဦးကတော့ `ပျော်တာနဲ့ဖျက်ဆီးတာကွာပါတယ်။ နောက်တာလည်း တစ်ဖက်လူခံသာဖို့လိုပါတယ်။ မခံသာအောင်နောက်ရင်တော့ စော်ကားတာပဲ အသရေဖျက်တာပဲ။ ကိုယ်ချင်းစာတရားရှိဖို့လိုပါတယ်။ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးတာတော့ တော်တော်ဆိုးပါတယ်။ အဲဒါဟာကိုယ့်ကိုကိုယ် ဓါးနဲ့ခုတ်တာနဲ့တူပါတယ်။ ကိုယ်လည်းပြည်သူပဲ။ ကိုယ်ပစ္စည်းကိုယ်ဖျက်ဆီးပစ်တဲ့လူလောက် မိုက်မဲတဲ့သူမရှိဘူး။´ ဟုပြောပါတယ်။
လူငယ်လူရွယ်များအတွင်း အရက်သေစာသောက်စားခြင်း ဆေးသုံးစွဲခြင်း အလေ့အထများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေခြင်းသည်လည်း အကြောင်းတရားတစ်ခုဖြစ်ပါတယ်။ အရက်မူးရူးနေသူများသည် သာမန်အားဖြင့် အသိဖြင့်ထိန်းချုပ်နိုင်စွမ်း နည်းပါးပြီး ဒေါသအလျောက်မဆင်မခြင်ပြုမူတတ်ကြသဖြင့် ရာဇ၀တ်မှုများဖြစ်ပွားရခြင်းဖြစ်ပါတယ်။ ဒါ့အပြင် မည်သူကမည်သို့ မည်သည့်ခေတ်တွင် မည်သည့်အကြောင်းကြောင့် စတင်ခဲ့မှန်းမသိသည့် ရိုးရာအစဉ်အလာဆိုး တစ်ခုဖြစ်သည့် ငတက်ပြားညလုပ်ရပ်များသည်လည်း တာဝန်သိမှု၊တာဝန်ယူမှုဖြင့် အခွင့်အရေးနှင့်လွတ်လပ်မှုကို လဲလှယ်ရယူရသည့် ဒီမိုကရေစီခေတ်တွင် မရှိသင့်တော့ဟုဆိုရမှာ ဖြစ်ပါတယ်။ Community စိတ်ထားမရှိသော Public များရှိနေသရွေ့ ဒီမိုကရေစီသည်လည်း ရာနှုန်းပြည့်မရရှိနိုင်ဆိုသည်ကို ကောင်းစွာနားလည်ရန်နှင့် အစဉ်အလာကောင်းကိုထိန်းသိမ်းပြီး အစဉ်အလာဆိုးများကို ပြတ်ပြတ်သားသား ဖယ်ရှားပစ်ရန် လိုအပ်ပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

မြို့တော်သားတိုင်း ထိန်းသိမ်းသင့်တဲ့ အလှအပများ




Friday, November 11, 2011

မြို့တော်ပုသိမ်က မီးမျှောပွဲ

ပထမအကြိမ် ရှင်ဥပဂုတ္တမထေရ်မြတ်ပူဇော်ပွဲနှင့် ဆီမီးတစ်သိန်းမီးမျှောပွဲ

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဘေးဥပဒ်အန္တရာယ် အမျိုးမျိုးမှ ကင်းလွတ်ကာ အေးချမ်းစည်ပင် ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်လျက် ပထမအကြိမ် ရှင်ဥပဂုတ္တမထေရ်မြတ်ပူဇော်ပွဲနှင့် ဆီမီးတစ်သိန်းမီးမျှောပွဲကို ယနေ့ ညနေ(၆)နာရီမှ (၇း၃၀)နာရီအထိ နေရာအသီးသီး၌ ကျင်းပခဲ့ရာ အဓိကအခမ်းအနားနေရာဖြစ်သော မြို့တော်ခန်းမရှေ့ရင်ပြင်တွင် အထူးစည်ကားခဲ့သည်ကိုတွေ့ရှိရပါတယ်။ နိဗ္ဗာန်ဈေးပွဲတော်ကို ယင်းနေရာမှ ရေဆင်းတန်ဆောင်းရှေ့ထိ ဆိုင်ပေါင်း(၁၄)ဆိုင်ခွဲ၍ တပြိုင်နက်ကျင်းပခဲ့ပါတယ်။ ပထမဦးစွာ ရပ်ကွက်အသီးသီးမှ လူအင်အား တစ်ထောင်ကျော်ဟာ ဦးလူတံတားအနီး လှေအစီးပေါင်း(၁၅၀)ကျော်ကနေ ဆီမီးခွက် နှစ်သောင်းကို မျှောချခဲ့ပါတယ်။ အဲဒီဆီမီးခွက်များဟာ င၀န်မြစ်အတွင်း မီးပင်လယ်တစ်ခုကဲ့သို့ မျောပါလာပြီး နောက်မှာ ရှင်ဥပဂုတ္တဖောင်တော် လိုက်ပါလာခဲ့ကာ မြို့တော်ခန်းမရှေ့သို့ရောက်ရှိချိန်မှာ မေတ္တာဦး တံတားပေါ်မှ မီးရှူးမီးပန်းများကို ပစ်ဖေါက်ပူဇော်ခဲ့ကြပါတယ် ဖောင်တော်နောက်ကနေ မော်တော်များဖြင့် ဓမ္မစကြာအဖွဲ့များကရွတ်ဆိုခြင်း ယိမ်းအကအဖွဲ့များက ယိမ်းကဖြင့်ပူဇော်ခြင်းတို့ဖြင့် လိုက်ပါခဲ့ကြပါတယ်။ ထိုအချိန်တွင် ကမ်းနားရင်ပြင်ရှိ ဆင်ဖြူတော်ယိမ်းအဖွဲ့မှ ကပြဦးခိုက်ကာ မြို့တော်ခန်းမပေါ်မှ မြန်မာသံတေးဂီတအဖွဲ့ကလည်း ဓမ္မပူဇာတေးများကို သီကျူးပူဇော်သကဲ့သို့ ရေဆင်းတန်ဆောင်းရှိ သံဃာတော်(၁၁)ပါးကလည်း ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ခဲ့ကြပါတယ်။ ကမ်းနားရင်ပြင် တံတားကနေ တာဝန်ရှိသူများက ဆီမီးခွက်(၂၀၀၀)ကို ထပ်မံမျှောချပေးခဲ့ပြီး ကျန်ဆီမီးခွက်များကို ဦးလူတံတားရှိ လှေများမှ ထပ်မံမျှောချခဲ့ကြတဲ့အတွက် ဆီမီးခွက်တစ်သိန်းသည် င၀န်မြစ်ကြောအတွင်း စုန်ဆင်းမျှောပါနေပုံကို ကမ်းလုံးညွတ်မျှ လာရောက်ကြသူ မြို့တော်သူ/သားများမှာ အထူး ၀မ်းမြောက်ကျေနပ်ဂုဏ်ယူစွာ လက်ခုပ်သြဘာများတီး၍ ကြည့်ရှုအားပေးခဲ့ကြပါတယ်။ မီးကြာခွက်များ တိုင်းမှူးသင်္ဘောဆိပ် အရောက်တွင် သင်္ဘောဆိပ်ပေါ်မှ မီးရှူးမီးပန်းများကိုပစ်ဖေါက်ခဲ့ကြပါတယ်။ ပထမဆုံးအကြိမ် ကျင်းပသော ပွဲတော်ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် အကြီးကျယ်ဆုံးဟု ဆိုရလောက်သော မီးမျှောပွဲကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းဟာ ပုသိမ်မြို့တော်သူ/သားများရဲ့ ညီညွတ်မှုကြောင့်ဖြစ်ပါတယ်။ အဝေးရောက် မြို့တော်သူ/သားများအတွက် ဂုဏ်ယူဝမ်းမြောက်နိုင်အောင် ပုံအချို့တင်ပေးလိုက်ပါတယ်။ ပိုကောင်းတဲ့ပုံတွေရရင်လည်း ထပ်တင်ပေးပါဦးမယ်။