Friday, September 28, 2012

Urban Redevelopment Project

မြို့ပြပြန်လည်ဖွံ့ဖြိုးရေးစီမံချက်

မြို့ပြဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲရာတွင် မြို့မြေပြန်လည်ညှိနှိုင်း သတ်မှတ်ခြင်း စီမံချက် Land Readjustment Project နှင့် အတူ ဆောင်ရွက်ရမည့် စီမံချက် တစ်ခုဖြစ်ပါတယ်။ မြို့ပြလူဦးရေ တိုးပွါးလာခြင်းနှင့် စီးပွါးရေးဖွံ့ဖြိုးလာခြင်း တို့ကြောင့် သင့်လျော်သော မြို့ပြအဆောက်အအုံများ ဆောက်လုပ်ရန်အတွက် အသုံးပြုနိုင်ပါတယ်။

တဲပေါ်မှသည်တိုက်ပေါ်ဆီသို့
စီမံချက်ရဲ့ရည်ရွယ်ချက်က မြေကို အကျိုးရှိရှိ အသုံးချပြီး လူနေထိုင်ရန် သို့မဟုတ် စီးပွါးရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် နေရာများ ရရှိဖို့ ဖြစ်ပါတယ်။ ပုံမှာပြထားတဲ့အတိုင်း မြေပိုင်ရှင်Aနဲ့B မှာ Aရဲ့မြေကွက်က သေးငယ်ပြီး အဆောက်အအုံ မဆောက်နိုင်ပဲ Bရဲ့မြေကွက်ပေါ်မှာတော့ Bပိုင်တဲ့ အဆောက်အအုံနဲ့ Dကမြေငှားပြီး ဆောက်ထားတဲ့အဆောက်အအုံ တို့ကိုတွေ့ရပါတယ်။ Bက သူပိုင်တဲ့အဆောက်အအုံပေါ်မှာ Cကို အိမ်ငှားတင်ထားပါတယ်။ ABမြေကွက်ဘေးမှာ လမ်းကျဉ်းကလေးတွေရှိပါတယ်။ Redevelopment လုပ်လိုက်တဲ့အခါမှာ ABCD အားလုံးအတွက် အဆောက်အအုံနဲ့ နေရာ ရရှိပြီး ကျယ်ဝန်းတဲ့ လမ်းတစ်ခုပါ ရရှိလာတာတွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီစီမံချက်ရဲ့ အဓိက ရည်ရွယ်ချက်အတိုင်း Xအတွက်ပါ နေရာချထားပေးနိုင်ပါတယ်။ မြို့အခြေအနေအရ ဘေးတိုက်ချဲ့ထွင်မှုကို မလုပ်ဆောင်ပဲ မြို့ပြဖြစ်ထွန်းမှုထိန်းချုပ်နယ်မြေတွေ သတ်မှတ်ပြီး ကျစ်လျစ်မှုရှိရှိနဲ့ သက်တောင့်သက်သာ နေထိုင် သွားလာနိုင်တဲ့ မြို့အဖြစ် တည်ဆောက်ရာမှာ ဒီစီမံချက်ဟာ အလွန်အသုံးဝင်ပါတယ်။ မြို့ကို ဒေါင်လိုက်ချဲ့ထွင်ခြင်း နည်းတစ်နည်းလည်း ဖြစ်ပါတယ်။

Before and After

Sustainable Land Management in Urban Context

မြို့ပြမြေစီမံခန့်ခွဲမှုသင်တန်း
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန အောက်မှာရှိတဲ့ မြို့ပြသုတေသနနှင့် ဖွံ့ဖြိုးရေးဌာနနဲ့ UN-Habitat တို့ရဲ့ United Nations Human Settlements Programme အရ ပထမဆုံး ဖွင့်လှစ်ခဲ့တဲ့ Sustainable Land Management in Urban Context သင်တန်းကို ရန်ကုန်မြို့မှာ ၁၀.၉.၂၀၁၂ ကနေ ၁၆.၉.၂၀၁၂ အထိ ဖွင့်လှစ်ပို့ချခဲ့တယ်လို့ သိရှိရပါတယ်။
သင်ခန်းစာပို့ချမှု
သင်တန်းဆင်းပွဲ
သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း
အဲဒီသင်တန်းကို ပြည်နယ်တိုင်း ဒေသကြီး ၁၄ခုမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ စည်ပင်သာယာရေးအဖွဲ့များက အလယ်အလတ်အဆင့် အရာထမ်းများ ၂၇ဦး ရန်ကုန်နဲ့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီများက အရာထမ်း ၃ဦး စုစုပေါင်း ၃၀ဦး တက်ရောက်ခဲ့ပါတယ်။ ယခင်အိုးအိမ်ဦးစီးက အငြိမ်းစား အရာရှိများနဲ့ UN-Habitat က ပညာရှင်များက သင်ခန်းစာများကို ပို့ချခဲ့ကြပြီး လေ့လာရေးခရီးစဉ် အနေနဲ့ ရွှေပြည်သာစက်မှုဇုန်နဲ့ သင်္ဃန်းကျွန်းက အိမ်ရာစီမံကိန်းများကို သွားရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။
စီးပွါးရေးဖွံ့ဖြိုးမှု လူဦးရေတိုးပွါးမှု အလုပ်အကိုင် အခွင့်အလမ်းများပိုမိုရရှိနိုင်မှုတို့ကြောင့် မြို့ပြနေထိုင်သူ များပြားလာတဲ့အတွက် မြို့ပြဖြစ်ထွန်းမှုတွေ လျင်မြန်လာမှုနဲ့အတူ မြို့မြေစနစ်တကျ စီမံခန့်ခွဲနိုင်မှုဟာ ယနေ့ခေတ်မှာ အရေးတကြီး လိုအပ်ချက်ဖြစ်လာကြောင်း သိရှိရပါတယ်။