Sunday, December 4, 2011

One of the famous pagoda of Pathein city

လေးကျွန်းရန်အောင် ဖောင်တော်ဦးစေတီတော်

    ခရစ်နှစ် ၁၁၁၅ ခုနှစ်တွင် ပုဂံပြည့်ရှင် အလောင်းစည်သူမင်း (မဏိစည်သူမင်း)သည် ဖောင်စကြာဖြင့် တိုင်းခန်းလှည့်လည်စဉ် ပုသိမ်မြို့၌ ခရီးတစ်ထောက်ရပ်နားခဲ့ရာ ထိုနေရာကိုလည်း ပုဂံမင်းရောက်သည်ကို အစွဲပြု၍  ပုဂံရောက်ကွင်း ဟု ခေါ်တွင်ခဲ့ပြီး အလောင်းစည်သူမင်းကြီးက ကိုးတောင်ပြည့် စေတီတော်ကို တည်ထားခဲ့ရာ ဖောင်တော်ဦးစေတီတော် ဟု ဘွဲ့မည်သမုတ်ခဲ့ပါတယ်။

မဏိစည်သူမင်းကြီး၏ကောင်းမှုတော် ဖောင်တော်ဦးစေတီ
  ခရစ်နှစ် ၁၄၅၅ခုနှစ်တွင် ပုသိမ်(၃၂)မြို့ကိုအပိုင်စားသော ဗညားအိမ်မင်း (ရွှေတိဂုံစေတီတော်ကို ယခုဉာဏ်တော်သို့ ရောက်အောင် ပြုပြင်ခဲ့သူ ဘုရင်မကြီးရှင်စောပု၏ သမက်တော်) က ဖောင်တော်ဦး စေတီတော်ကို ငုံ၍ စေတီတစ်ဆူတည်ထားခဲ့ရာ ဥသြငှက်များ အတောင်ချင်းယှက် ဖူးမျှော်ကြသည်ကို အစွဲပြု၍ ရွှေဥသြစေတီတော်ဟု ဘွဲ့အမည် တွင်ခဲ့ပြန်ပါတယ်။ ဉာဏ်တော် မည်မျှရှိကြောင်း မှတ်တမ်းမရှိတဲ့ ရွှေဥသြစေတီတော်သည် ကာလရှည်ကြာ၍ ပြိုကျပျက်စီးခဲ့ရာ မူလ ဖောင်တော်ဦးစေတီသာ ကျန်ရှိခဲ့ပါတယ်။ ခရစ်နှစ် ၁၉၃၀ပြည့်တွင် မဟာဗောဓိကျောင်းဆရာတော် ဦးနန္ဒိယ ဦးစီးပြီး ကောင်းမှုတော်စေတီသဏ္ဍာန် လုံးဝန်းသောပုံဖြင့် မူလစေတီတော်ကို မထိစေဘဲ လှိုဏ်ချန်ငုံ၍ စေတီတော်တစ်ဆူ ပြန်တည်တော်မူပါတယ်။ ၁၉၅၀ပြည့်မှ ပြီးစီးခဲ့ပြီး ဉာဏ်တော် (၈၄)ပေရှိကာ ပြည်လုံးချမ်းသာစေတီတော် လို့ ဘွဲ့မည်တွင်ခဲ့ပြန်ပါတယ်။

ပြည်လုံးချမ်းသာစေတီ၏ ငှက်ပျောဖူးနှင့်ထီးတော်ကို ယနေ့အချိန်ဖူးတွေ့ရပုံ
 ၁၉၈၉ခုနှစ်တွင် ထိုစဉ်က န.တ.ခ တိုင်းမှူး ဗိုလ်ချုပ်မြင့်အောင်ဦးဆောင်၍ အများပြည်သူနှင့် တပ်မတော်သားများ၏ ကောင်းမှုဖြင့် ဘက်စုံမွမ်းမံပြင်ဆင်ခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့ရာ ယခင် ပြည်လုံးချမ်းသာ စေတီတော်ကို ငုံ၍ ပုဂံခေတ် အနုလက်ရာများဖြင့် ပြန်လည် တည်ဆောက်ရန် စီစဉ်ခဲ့ပါတယ်။ ထိုနှစ် မတ်လ(၂၁)ရက်နေ့တွင် ပုပ္ပါးသာသနာပြု ရသေ့ကြီးဦးပြည့်စုံ အကူအညီဖြင့် အုတ်မြစ်ချခဲ့ပြီး ဗိသုကာဆရာကြီး ဦးစောလှနှင့်အဖွဲ့က ယနေ့ ဖူးမြင်ရသည့် စေတီတော်ပုံ အတိုင်း ပြုပြင်တည်ဆောက်ခဲ့ပါတယ်။ စေတီတော်၏အောက်ခြေကို ကန်တော့ပလင်ဘုရားပုံသဏ္ဍာန် အမြင့် ၂၂ပေ၊ အလယ်ပိုင်းကို သဗ္ဗညုဘုရားပုံသဏ္ဍာန် အမြင့် ၄၉ပေ ၉လက်မ အပေါ်ဆုံးအပိုင်းကို အာနန္ဒာဘုရားပုံသဏ္ဍာန် အမြင့် ၇၅ပေ ၃လက်မ တို့ဖြင့် တည်ထားခဲ့ပါတယ်။ ထီးတော်အမြင့် ၁၅ပေ အပါအ၀င် စေတီတော်ကြီး၏ ဉာဏ်တော်မှာ ၁၆၂ပေ (၁၀၈တောင်ပြည့်) ဖြစ်ပြီး ဘွဲ့တော်ကို လေးကျွန်းရန်အောင် ဖောင်တော်ဦးစေတီ ဟုဘွဲ့ကမ္ဗည်းတင်ခဲ့ပါတယ်။

အရုဏ်ဦး၌ဖူးမြင်ရသည့် လေးကျွန်းရန်အောင်ဖောင်တော်ဦးစေတီတော်
အဲဒါကြောင့် လေးကျွန်းရန်အောင်ဖောင်တော်ဦးစေတီတော်ဟာ ထီးသုံးဆင့်ရှိသည့် ဘွဲ့သုံးမည်ရ သုံးဆူဘုရား စေတီတော်ကြီးအဖြစ် ထင်ရှားကြောင်း တင်ပြလိုက်ရပါတယ်။

လေးကျွန်းရန်အောင်ဖောင်တော်ဦးစေတီဖူးကြရအောင်
စေတီတော် အ၀င်မုခ်ဦး
သမိုင်းဝင် ဆုတောင်းပြည့် သုမင်္ဂလာစေတီတော်
ရပ်ဝေးဘုရားဖူးများတည်းခိုရန် သုဓမ္မာဇရပ်
ရေသိမ်နဲ့ ကန်တော်မှာ ငါးစာကျွေးနိုင်ပါတယ်
ကိုးန၀င်းကပ်ကျော်စေတီတော်
နဂါးရုံဘုရားသို့ အ၀င်မုခ်ဦးတန်ဆောင်း
နဂါးရုံဘုရားသို့ နတ်လမ်း
နဂါးရုံဘုရား
လျောင်းတော်မူဘုရား
စကြာမုနိဘုရား

No comments:

Post a Comment