Saturday, August 24, 2013

Procedure of Urban Development Planning

မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းအစီအစဉ်


 ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းကို ဆောင်ရွက်နေသည့် ခုလိုအချိန်အခါတွင် ပြည်သူစိတ်မ၀င်စားသော ပြည်သူပါဝင်ခွင့်မရသော ပြည်သူမပါဝင်သော စီမံကိန်းများကို မည်သို့မျှ အောင်မြင်အောင် အကောင်အထည်ဖေါ်နိုင်မည်မဟုတ်ပါ။ မအောင်မြင်သော စီမံကိန်းကို ဆောင်ရွက်ခြင်းထက် စီမံကိန်းမရေးဆွဲခြင်းက အချိန်ကုန်ငွေကုန်လူပင်ပန်းစတဲ့ အလဟသ ဖြစ်မှုတွေကို တားဆီးရာရောက်ပါတယ်။ အဲဒါကြောင့် စီမံကိန်းရေးဆွဲရာမှာ အောင်မြင်တဲ့စီမံကိန်းတစ်ခုဖြစ်နိုင်ဖို့အတွက် ကြိုတင်စဉ်းစား စီစဉ် ရေးဆွဲဖို့ကအဓိကကျလာပါတယ်။ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုကို ဘယ်လိုရေးဆွဲသင့်သလဲဆိုတာကို ဂျပန်နိုင်ငံမှာ ကျင့်သုံးတဲ့ အစီအစဉ်နမူနာတစ်ခုနဲ့တင်ပြလိုပါတယ်။

မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကိုရေးဆွဲရာတွင်အဓိကတာဝန်ရှိသူမှာ စည်ပင်သာယာအဖွဲ့အစည်းဖြစ်သော်လည်း စည်ပင်သာယာကစတင်ရေးဆွဲခြင်းထက် မြေပိုင်ရှင်များ လူထုစီမံကိန်းရေးဆွဲသည့် အစိုးရမဟုတ်သောအဖွဲ့အစည်းများက အဆိုပြုခြင်းကပိုမိုကောင်းမွန်ပါတယ်။ ယင်းတို့က အဆိုပြုလာသော စီမံကိန်းကို စည်ပင်သာယာက လိုအပ်သည်ဟုဆုံးဖြတ်ပါက လူထုကြားနာခြင်းနဲ့ ရှင်းလင်းခြင်းအစည်းအဝေးတွေပြုလုပ်ပြီး စီမံကိန်းအကြမ်းအဖြစ်ရေးဆွဲပါတယ်။ မလိုအပ်တဲ့စီမံကိန်းလို့ ဆုံးဖြတ်ရင်တော့ ထပ်မံပြင်ဆင်ပြီးပြန်လည်တင်ပြရမှာဖြစ်ပါတယ်။ ပြီးရင် သက်ဆိုင်တဲ့ နေထိုင်သူများရဲ့ အမြင်တွေကို ရယူပြီး လူထုဆန်းစစ်မှုနဲ့ စီမံကိန်းကြမ်းကိုလိုအပ်သလို ပြင်ဆင်ရပါတယ်။ အဲဒီလို ပြင်ဆင်ပြီးတဲ့ စီမံကိန်းကိုမှ မြို့နယ်အဆင့် စီမံကိန်းရေးဆွဲရေးကောင်စီက အတည်ပြုပေးရပါတယ်။
ခုလို မြို့ပြစီမံကိန်းကို မြေရှင်ရော သက်ဆိုင်ရာအိမ်ရှင်သာမက လူထုကြားနာမှုတွေနဲ့ ရေးဆွဲမယ်ဆိုရင်တော့ ပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှု မလွဲမသွေရရှိမှာဖြစ်တဲ့အတွက် အောင်မြင်တဲ့စီမံကိန်းတစ်ခု ဖြစ်မှာဖြစ်ပါတယ်။

Tuesday, August 20, 2013

Outcomes for Rural Development Planning

ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းအတွက် ဆွေးနွေးဖော်ထုတ်ချက် (Outcomes) ၁၇ ချက်


၁။ ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းအတွက် သမ္မတရုံးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်သည့် ဦးစိုးသိန်း နှင့် ဦးအောင်မင်း၊ မွေးမြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ နိုင်ငံတော်သမ္မတအကြံပေး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ၊INGO များ၊ NGO များ ၊ လုပ်ငန်းရှင်များ၊ပညာရှင်များနှင့် တွေ့ဆုံပွဲမှ အောက်ပါဆွေးနွေးဖော်ထုတ်ချက် (Outcomes) ၁၇ ချက် ရရှိခဲ့ပါတယ်-

(က) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး Strategic Framework ရေးဆွဲရန် အလှူရှင်အဖွဲ့အစည်းများ ဖွံ့ဖြိုး ရေးမိတ်ဖက်အဖွဲ့များနှင့် အစည်းအဝေးပြုလုပ်၍ ၎င်းတို့မှရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ တောင်း ခံရန်နှင့် Strataegic Framework အတွက် အကြံဉာဏ်များ ရယူရန်၊

(ခ) ကျေးရွာလူထု၏တာဝန်ယူမှု Mind Set ကို ဖော်ဆောင်ပေးသွားရန်၊

(ဂ) ကျေးလက်ဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် ကျား၊ မတန်းတူညီမျှမှုကို စဉ်းစားရန်၊

(ဃ) ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တိုင်းတွင် All Inclusive အားလုံးပါဝင်စေရန်၊

(င) ရေရှည်တည်တံ့ခိုင်မြဲသော ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်သွားရန်၊

(စ) ကျေးလက်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် စီးပွားရေးအရလှုပ်ရှားမှုရှိသော (economically vibrant)၊ လူမှုရေးအရအားလုံးပါဝင်သော၊ ဒီမိုကရေစီကိုအခြေခံ သော နည်းလမ်းများဖြင့် ဆောင်ရွက်ရန်၊

(ဆ) လုပ်ငန်းများကို အစိုးရမှ ကိုယ်တိုင်ဆောင်ရွက်ရမည့်အစား ပြည်သူလူထုကို empowerment ပြုလုပ်၍ အစိုးရဌာနမှ Facilitation လုပ်ပေးရန်၊

(ဇ) ဆင်းရဲသားများအတွက် ငွေကြေးအရင်းအနှီးသည် အရေးကြီးသည့်အတွက် Micro-credit ကို ဆက်လက်ဆောင်ရွက်ရန်၊ သို့ရာတွင် Micro-business၊ Micro-enterprise နှင့် ချိတ်ဆက်ပေးရန်၊

(ဈ) ကျေးလက်နေပြည်သူများအတွက်လျှပ်စစ်မီးရရှိရေးသည်အရေးကြီးသည့်အတွက် ကျေးလက်မီးလင်း ရေး လုပ်ငန်းများကို အလေးထားဆောင်ရွက်ရန်၊

(ည) ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် ပြည်သူလူထုအား ထိန်း ချုပ်ခြင်းမပြုဘဲ ထိန်းကျောင်းမှုကိုသာ ပြုလုပ်ပေးရန်၊ လွတ်လပ်စွာ ရွေးချယ်ပေးရန်၊

(ဋ) ဗဟိုချုပ်ကိုင်မှုဖြေလျော့မှုနှင့် ပြုပြင်ပြောင်းလဲမှုများကို အောက်ခြေ တွင် ထင်သာမြင်သာ ရှိစေရေး ဆောင်ရွက်ရန်၊

(ဌ) Mechanism နှင့် Process ကို ခိုင်မာစွာ ဆောင်ရွက်ရန် အထူးသဖြင့် ပြည်သူများ၏ လိုအပ်ချက်များကို အချိန်မီ ဖြည့်ဆည်းပေးရန်၊ အောက်ခြေအထိပါ ဒီမိုကရေစီ နည်းလမ်း ကျကျ ဆောင်ရွက်ရန်၊

(ဍ) ကျေးလက်ဖွံ့ဖြိုးရေးကို ဌာနပေါင်းစုံမှ ဆောင်ရွက်နေသည့်အတွက် ပြည်ထောင်စုအဆင့် တွင် ပူးပေါင်း ဆောင်ရွက်ပေးမည့် ဌာနတစ်ခုရှိစေရန်နှင့် ကောင်းမွန်သော Coordination Mechanism တည် ထောင်ရန်၊

(ဎ) နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန်နှင့် စီမံကိန်းများဆောင်ရွက်ရာ တွင် အဆင်ပြေ စေရန် MoU လက်မှတ်ရေးထိုးမှု Process မြန်ဆန်စေရေး ဆောင်ရွက်ရန်၊

(ဏ) ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှရေးဆွဲသည့် စီမံကိန်းများ လိုက်လျော ညီထွေ ရှိစေရန် ညှိနှိုင်းဆောင်ရွက်ရန်၊

(တ) ကျေးလက်ပြည်သူများကိုယ်တိုင်ပါဝင်ဆောင်ရွက်မှသာ အောင်မြင်မှုရနိုင်မည်ဖြစ်ပြီး ဌာန ဆိုင်ရာများမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားရန်၊

(ထ) ICT နည်းပညာအကူအညီဖြင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက် ပေးရန်။

၂။ ၎င်းဖော်ထုတ်ချက် (Outcomes) များနှင့်ပတ်သက်၍ မည်သူမဆို ဆက်လက်အကြံပြုပေး နိုင်ပါရန် ဖိတ်ခေါ်အပ်ပါတယ်။ မကြာခင်မှာလည်းကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးပွဲကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပေးဖော်ပြအပ်ပါတယ်။

Saturday, August 17, 2013

Twice of Pretending

နှစ်ချက်လိမ်


မျက်စိပါတော့ ကြည့်တတ်ကြတာချည်းပဲ၊ ကလေးလူကြီး မရွေးပါဘူး။ ဒါပေမဲ့ အမြင်ကျဉ်းရင် နဲနဲ လေးပဲမြင်လိမ့်မယ်။ ဒါကြောင့် နွားခြေရာခွက်ထဲ က ဖားသူငယ်ဆိုပြီးပုံစံပြပြောကြတယ်။  နွားခြေရာခွက်ရေအိုင်ငယ်လေးထဲ မှာနေတဲ့ဖားလေးဟာ မြစ်ချောင်းပင်လယ်ရေပြင်ကျယ်ကိုမမြင်ဘူးတော့ သူနေနေတဲ့ နွားခြေရာခွက်အိုင်လေးကိုပဲ အကျယ်ကြီးလို့ထင်မိတာပေါ့။ တကယ်တော့ ဒါဟာ အမြင်ကျဉ်းတာ။

လောကလူသားတွေ မျက်စိပါပေမဲ့ အမြင်ကျဉ်းတော့ ကြည့်နိုင်သလောက်ပဲ မြင်တတ်ကြတယ်။ ညအခါ TV ကဇာတ်လမ်းလာ တယ်။ ချစ်၊ မုန်း၊ ပြုံးပျော်၊ ကြောက်ရွံ့၊ အံ့သြ ဇာတ်လမ်းမျိုးစုံပါပဲ။ စုံသလောက် ကြည့်လည်းကြည့်နိုင်ကြတယ်။ ကြည့်သလောက် ကြိုက်လဲကြိုက်ကြတယ်။ ကြိုက်သ လောက် စွဲလည်း စွဲကြတယ်။ ဘယ်သူဘဲကြည့်ကြည့် ဇာတ်လမ်းနဲ့ သရုပ်ဆောင်တွေကိုပဲ မြင်ကြတယ်။ ဇာတ်လမ်းကအတု၊ သရုပ်ဆောင်ကလည်းအတုဆိုတာကိုတော့ ဘယ်သူမှအမြင်ကျယ်ကျယ်နဲ့ မစဉ်းစား မိကြဘူး။

ဒီလိုမစဉ်းစားမိတော့ ဇာတ်လမ်းနဲ့သရုပ်ဆောင်ကို တကယ်ထင်ပြီး
ဒေါသတွေဖြစ်၊ သောက တွေဖြစ်၊ အချစ်နဲ့အမုန်းတွေဖြစ်ပေါ်လာကြတယ်။ ကြိုက်နှစ်သက်မှုတွေ၊ စွဲလမ်းမှုတွေ ရှည်သထက်ရှည် တော့တာပေါ့။ တကယ်တော့ ဇာတ်လမ်းနဲ့သရုပ်ဆောင်တွေဟာ အတုအယောင် အလှည့်အစား၊ အလှိမ့် အပတ်တွေဆိုတာကို သတိထားအာရုံစိုက်ပြီး ဉာဏ်နဲ့တွေးလို့ သိမြင်သွားခဲ့ရင် ချစ်၊ မုန်း၊ ပြုံး၊ ပျော် အစွဲ အလမ်းတွေဟာလည်း ပြတ်တောက်သွားတော့တာပါပဲ။

သတိထားစဉ်းစားပြီး ဉာဏ်နဲ့တွေးကြည့်ရင် ရုပ်ရှင်ဇာတ်လမ်း၊ ဗီဒီယို ဇာတ်လမ်းတွေဆိုတာ နှစ် ချက်လိမ်တွေချည်းပါပဲ။ ဇာတ်လမ်းကလည်း တကယ်မဟုတ်တော့ တစ်ချက်လိမ်၊ သရုပ်ဆောင်ကလည်း တကယ်ဖြစ်တာ မဟုတ်တော့ တစ်ချက်လိမ်၊ ဒီလို နှစ်ချက်လိမ်တွေ ချည်းပါပဲ။

ဆိုကြပါစို့ ဇာတ်လမ်းက ရေးတဲ့သူရဲ့စိတ်ကူး တကယ်ဖြစ်ရပ်မှမဟုတ်ပဲ၊ ဇာတ်လမ်းထဲမှာ ကွဲပြဲကျိုးကန်း၊ ပဲ့ရွဲ့သွားပေမဲ့ အပြင်မှာ ဘာမှဖြစ်တာမှ မဟုတ်ပဲ၊ ဇာတ်လမ်းထဲမှာ သနားစရာကောင်းလောက်အောင် နေစရာမရှိ၊ စားစရာမရှိ၊ စုတ်စုတ်ပြတ်ပြတ်နဲ့ ဆင်းရဲတဲ့မင်းသမီးဟာ အပြင်မှာတော့ တိုက်နဲ့ကားနဲ့ စိန်နဲ့ရွှေနဲ့ ချမ်းသာလိုက်တာမှ ကျိကျိတက်။ ဒီတော့ အားလုံးဟာ အလိမ်အတုတွေချည်းပါပဲ။

ငွေရဖို့ ဇာတ်လမ်းထဲမှာ ဆင်းရဲသားအယောင်ဆောင်ပြီး သနားစရာ
ဖြစ်အောင် လုပ်ပြနေတဲ့ မင်းသား၊ မင်းသမီးတွေဟာ ရုပ်ရှင်ကြည့်ပရိသတ်တွေထက် ပိုပြီးချမ်းသာကြွယ်ဝကြတာကို သေသေ ချာချာ သတိထားကြိုးစား ဉာဏ်နဲ့အာရုံစိုက်ပြီးတွေးကြည့်လိုက်ရင် ဒါကိုပြတ်ပြတ်သားသား သိမြင်သွားပါ လိမ့်မယ်။ အဲဒီလို သိခဲ့ရင်လည်း ဘယ်မင်းသား မင်းသမီး ဘယ်ဇာတ်လမ်းကိုပဲကြည့်ကြည့် သနားစရာ လည်းမရှိ၊ ၀မ်းနည်းစရာလည်းမရှိ၊ ဝမ်းသာစရာလည်းမရှိ ဒါကိုဆက်ပြီး သိသွားလိမ့်မယ်။

ထိုနည်းတူစွာ လောကကြီးထဲက လူတွေရဲ့ ဘဝများစွာ ဟာလည်း
နှစ်ချက်လိမ်တွေနဲ့ ဖုံးကွယ်ပြီး၊ ဖွဲ့စည်းပြီးထားကြတာချည်းပါပဲ။ လူတစ်ယောက်ကို သာမန်အားဖြင့်ကြည့်ရင် လူလို့မြင်မှာပဲ ပုံစံအားဖြင့် ချမ်းသာ၊ ဆင်းရဲ၊ ပညာရှိ၊ ပညာမဲ့၊ ရာထူးရှိ၊ ရာထူးမဲ့ ဒီလို အနေအားဖြင့်လည်း ထင်မှတ်ထားကြတာပဲ။

တကယ်တော့ ရုပ်ဆိုတဲ့သဘော၊ နာမ်ဆိုတဲ့သဘော နှစ်ခုကို လူဆိုတဲ့ အမည် ချမ်းသာ ဆင်းရဲ၊ ပညာရှိ ပညာမဲ့၊ ရာထူးရှိ ရာထူးမဲ့ ဆိုတဲ့ အမည်တွေနဲ့ တစ်ချက်လိမ်လိုက်ကြတယ်။ မြဲတဲ့အနေ ကောင်းတဲ့အနေ အခိုင်အမာပိုင်ဆိုင်နေပါတယ် ဆိုတဲ့အနေအားဖြင့်လည်း တစ်ချက်လိမ်လိုက်ကြတယ်။ ဒီလို နှစ်ချက်လိမ် တွေကြောင့် ဖြစ်ရပ်မှန် ရုပ်နာမ်သဘောဟာ ပျောက်ကွယ်သွားရတော့တာပဲ။

တကယ့်အမှန်တရားကို မြင်ချင်ရင် အမည်နာမအမျိုးမျိုးတွေကို ဖယ်ရှားနိုင်ရမယ်။ မြဲ၊ ကောင်း၊ ပိုင် တွေကို ကျော်လွှားသွားနိုင်ရ မယ်။ ဒီလိုဖယ်ရှား ကျော်လွှားနိုင်ခဲ့ရင် နှစ်ချက်လိမ်တွေပျောက်ပြီး
နှစ်ချက်လိမ်ကြောင့် ချစ်၊ မုန်း၊ ပြုံး၊ ပျော်ပြီး စွဲလမ်းနှစ်သက်၊ မခွဲနိုင် မခွါရက်တွေလည်း ပျောက်ကွယ်သွားကာ လွတ်လပ်တဲ့ ငြိမ်းအေးမှု သုခကို အပြည်အဝရရှိသွားနိုင်ကြလိမ့်မယ်

လူတွေရဲ့ဘဝမှာ နှစ်ချက်လိမ်ကို ပယ်ဖျောက်နိုင်ဖို့ တရား အားထုတ် ကြရတာ တရားကိုနည်းမှန် လမ်းမှန် အားထုတ်နိုင်ရင် နှစ်ချက်လိမ်
ပျောက်ကွယ်ပြီး၊ အမှန်တရားကို ရသွားကြတာချည်းပါပဲ။ ဒီနှစ် ချက်လိမ်ပျောက်ဖို့အရေးမှာ သတိနဲ့ဉာဏ်ပါအာရုံစိုက်ကာ ကြိုးစားပြီးတွေးတောဆင်ခြင်သုံးသပ် အထပ် ထပ်ပွါးများနေရင် လွယ်ကူစွာပျောက်ကွယ်သွားမှာ ဖြစ်တဲ့အတွက် သတိကိုရှေ့ကထားပါ၊

ဉာဏ်ပါတဲ့ အတွေးနဲ့ကြိုးစားပြီး အာရုံစိုက်ကြည့်လိုက်မယ်ဆိုရင် လူတစ်ယောက်မှာ အပူ၊ အအေး၊ ဥတု၊ ပြုလုပ်ချက် ကံ၊ ရှေ့ဆောင်တဲ့စိတ်၊
ထောက်ပံ့တဲ့အစာအာဟာရတွေကြောင့် ပြောင်းပြောင်း၊
ပြောင်းပြောင်းသွားနေတဲ့ ပုံစံအနေအထား ရုပ်သဘောတရားတွေ၊ ဘာလာလာဘာဖြစ်ဖြစ် သိကာသိကာနဲ့ ပျောက်ပျောက်သွား နေတဲ့ နာမ်တရား အခြေအနေတွေဟာ ထင်ရှားစွာဖြစ်ပေါ်နေတာကို ပိုင်ပိုင်နိုင်နိုင် သိမြင်လာတဲ့အခါ လူဆိုတဲ့အမည် ပညာတတ် ပညာမဲ့၊ ပစ္စည်းရှိ ပစ္စည်းမဲ့၊ ရာထူးရှိ ရာထူးမဲ့ ဆိုတဲ့ အမည်သတ်မှတ်ချက် အပြောတွေဟာလည်း ဘယ်ကိုရောက်သွားလို့ ရောက်သွားမှန်း မသိလောက်အောင်
ပျောက်ကွယ်သွား လိမ့်မယ်။

ဒါဆိုရင် သင်တို့ဟာ အမည်တွေနဲ့ လိမ်ထားတဲ့ အလိမ်တစ်ချက်ကို ဖယ်ရှားနိုင်လိုက်တာပါပဲ။ ရှေ့ဆက်ပြီး ဘယ်ပုံပြောင်းပြောင်း
ပြောင်းနေတဲ့သဘာဝနဲ့ ဘယ်လိုသိသိ သိနေတဲ့သဘာဝနှစ်ခုဟာ တစ်ခဏချင်း ပေါ်သည်နှင့်ပျောက် မရှိတော့တဲ့သဘောကို
ရောက်ရောက်သွားကြတာကိုလည်း သတိ ရှေ့ထားဉာဏ်အား စိုက်တဲ့ အတွေးနဲ့ ဂရုတစိုက်ကြိုးစားပြီး ပွားများကြည့်လိုက်မယ်ဆိုရင် တစ်ခဏချင်း ပျောက်သွားလို့မမြဲ၊ မမြဲလို့ အကောင်းမဟုတ်၊ ကိုယ်ထင်ထားတဲ့အတိုင်းမမှန် သူ့သဘာဝအတိုင်းသာ မှန်နေတာကို သိမြင်ခဲ့မယ်ဆိုရင်လည်း မြဲ၊ ကောင်း၊ ပိုင် ဆိုတဲ့ အလိမ်တစ်ချက် ထပ်မံပြီးတော့ ပျောက် ကွယ်သွားဦးတော့ အမှန်ပါပဲ။

ဒီလိုနှစ်ချက်လိမ်ပျောက်သွားရင်တော့ အမှန်ကိုရောက်ကာ သင်တို့ ခုရော နောင်ပါ လွတ်မြောက်ချမ်းသာပြီး ငြိမ်းအေးသွားရတာကို ဘယ်သူမှမပြောလဲ ကိုယ့်ဘာသာကိုယ် သိမြင် သွားလိမ့်မယ်။

ဒါကို သန္ဒိဋ္ဌိကော အကာလိကော လို့ တရားဂုဏ်တော်တွေထဲမှာ အတိအကျပြထားခဲ့ပါ တယ်။ သန္ဒိဋ္ဌိကော - ကိုယ်တိုင်အားထုတ် ကိုယ်တိုင်သိ နှစ်ချက်လိမ်ပျောက် ငြိမ်းအေးလွတ်မြောက်ရ။
အကာလိကော - ခုချက်ချင်းသိ ခုချက်ချင်းလွတ်၊ မနက်ဖြန် သဘက်ခါ နောင်နှစ် နောင်ဘဝ မဟုတ်ရပါ။

လောကမှာ အတုကို ဘယ်သူမှမကြိုက် မနှစ်သက်ကြပါ။ အတုဆိုတာ တန်ဖိုးလည်းမရှိ၊ သိရင် တန်ဖိုးလည်းမထားကြပါ။ မသိရင်တော့ ကြိုက်နှစ်သက်ကာ တန်ဖိုးအထားကြီး ထားနေကြဦးမှာပါပဲ။ အစစ်အမှန်ကိုမရနိုင်သူများဟာလည်း အတုအပနဲ့ပဲကျေနပ်နှစ်သက် ကြရတာ သဘာဝတစ်ခုပါပဲ။

တန်ဖိုး မရှိတဲ့ ဘုန်းကြီးသူ၊ တန်ခိုးကြီးသူ၊ ဆရာဝန်ကြီး၊ အင်္ဂျင်နီယာကြီး၊ ဗိုလ်ကြီး၊ သူဋ္ဌေးကြီး အစရှိတဲ့ ဂုဏ် ပကာသန အမည်နာမများကို အမှန်ထင်ကာ နှစ်သက်တွယ်တာနေခဲ့ရင်တော့ နှစ်ချက်လိမ်နဲ့ မိသွားတဲ့ သင့်ရဲ့ဘဝ ဘယ်တော့မှ ငြိမ်းအေးလွတ်မြောက်ချမ်းသာခြင်းသို့ရောက်မှာ မဟုတ်တော့ပါဘူး။

ဒါကြောင့် မိမိငယ်စဉ်က အဖွားရွတ်ပြခဲ့တဲ့ သံဝေဂလင်္ကာလေးတစ်ခုနဲ့ သတိပေးလိုက်ရမယ်ဆိုလျှင်
“ရှာသည့် ပစ္စည်း ငါ၏မီးဟု၊ ငါ့မီး ငါလောင်၊ ငါသာ လောင်၏” ရာထူး၊ အာဏာ၊ ပစ္စည်းဥစ္စာ၊ တန်ခိုးပါဝါ၊ အတတ် ပညာမှန်သမျှ ရှာနိုင်သမျှရှာဖွေပြီး ငါပိုင်တာပဲ ဟု စိတ်ထဲမှာ သိမ်းပိုက်ထားလိုက်ပါလျှင် ကိုယ့်ကိုယ်ကို မီးနဲ့ရှို့နေတဲ့ငမိုက်သား ဘယ်သောခါမှ ငြိမ်းအေးလွတ်မြောက်မှုကို ရလိမ့်မယ်ဆိုတာ မမျှော်မှန်းပါနှင့် တော့။

အမည်နာမနှစ်ချက်လိမ်တို့ရဲ့ ဝဲသြဃထဲမှာ နှစ်သက်စွာနစ်မွန်းပြီး အတိဒုက္ခရောက်နေရလိမ့်မယ် ဆိုတာကို သတိပေး အသိပေးရင်း
နှစ်ချက်လိမ်ကလွတ်မြောက်အောင်ကြိုးစားပြီး ပညာရှိ သူတော်ကောင်း ဘဝ ရကြရောက်ကြကာ ယခုဘ၀မှာတင် ငြိမ်းအေးလွတ်မြောက်ကြပါစေဟု ဆန္ဒပြုရင်း …….

သတိပြု ။
အလိမ်ခံရရင် သင်တို့ဘဝတွေ ဒုက္ခတွေ ရှည်သွားပေလိမ့်မယ်။ ဆင်းရဲတာမရှည်ချင်ရင် အလိမ်ခံ ဘဝလွတ်မြောက်အောင် ကြိုးစားကြ။ လိမ်တာကိုသိနိုင်တဲ့ဉာဏ်၊ သတိ၊ ဝီရိယ၊ သမာဓိနဲ့ အတွေးအကြံ တွေဟာ သင်တို့မသေသေးသမျှ သင်တို့မှာရှိနေကြတဲ့အတွက် ရှိတဲ့ဉာဏ်အတွေးတွေကို သတိ၊ ဝီရိယ၊ သမာဓိအကူအညီနဲ့ ထုတ်ဖေါ်ပြီး သုံးလိုက်ကြပါ။ ချက်ချင်းသုံးချက်ချင်းလွတ်မယ်။ နောင်မှသုံးရင် နောင်မှ လွတ်မယ်။ မသုံးတတ်ရင်တော့ ဘယ်တော့မှလွတ်မှာ မဟုတ်ပါလေ။

အရှင်ဇောတိက
ဓမ္မပါရဂူ

Monday, August 12, 2013

Road but not used as road

လမ်းမဖြစ်သောလမ်း


ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့သည် သန့်ရှင်းမှု အေးချမ်းမှု ခေတ်မီမှု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု သာယာလှပမှုတို့ဖြင့် ထင်ရှား ကျော်ကြား၏။ ထို့ကြောင့် တောင်ကြီးမှာနေခွင့်ရသူတို့သည် ကံကောင်းသူများဟု ထင်စရာရှိ၏။ သာမန်အားဖြင့် မှန်ပါသည်။ မြန်မာနိုင်ငံရှိ မြို့အများအပြားနှင့်နှိုင်းယှဉ်လျင် တောင်ကြီးသည် ပို၍နေပျော်ဖွယ်ရှိသည်ကားမည်သူမျှ မငြင်းနိုင်ပါ။ သို့သော် တောင်ကြီးမြို့နေရာအချို့တော့ နေပျော်ဖွယ်မရှိသည်ကို သိကြသူနည်းပါမည်။ ယင်းနေရာများအနက် တစ်နေရာကို ဖေါ်ပြလိုပါသည်။ ထိုနေရာကား လမ်းမတော်ရပ်ကွက် တောင်ကြီးမြို့မဈေးဘေး ဗိုလ်ချုပ်လမ်းနှင့် စ၀်စံထွန်းလမ်းကြားရှိ တပင်ရွှေထီးလမ်းဖြစ်၏။

ဈေးကွဲချိန် လမ်းပေါ်ကဈေးတန်း
တပင်ရွှေထီးလမ်းကား သမိုင်းဝင်လမ်းတစ်ခုဖြစ်သည်။ ပင်လုံစာချုပ်၏အစဟုဆိုနိုင်၏။ ၁၉၄၇ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းတို့ ဘိလပ်သွား၍ လွတ်လပ်ရေးကိုအရေးဆိုစဉ် ရှမ်းစော်ဘွားများက “အောင်ဆန်းသည်ငါတို့၏ကိုယ်စားလှယ်မဟုတ်”ဟု ကြေးနန်းရိုက်သဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်လူထု၏ကိုယ်စားလှယ်ဖြစ်ကြောင်း လူထုအစည်းအဝေးပြုလုပ်ဆုံးဖြတ်ရန်အတွက် တောင်ကြီးမြို့မဈေးမှ ဈေးသူဈေးသားများက စတင်ပြီး စုစည်းဆန္ဒထုတ်ဖေါ် အစည်းအဝေးပြုလုပ်ခဲ့သည့်နေရာသည် ယခုတပင်ရွှေထီးလမ်းဖြစ်သည်ဟု ရှေးမီနောက်မီ လူကြီးများက စကားလက်ဆင့်ကမ်း၍ သိရ၏။
ထိုသမိုင်းဝင်လမ်းကား လမ်းမဟုတ်သောလမ်းဖြစ်နေချေပြီ။

တစ်လမ်းလုံးပိတ်ဆို့နေသောဈေးဆိုင်များကို ဂြိုဟ်တုဓါတ်ပုံမှာပင် အထင်အရှား
ရှမ်းပြည်နယ်၏သဘာဝတစ်ခုက ဈေးနေ့များတွင် အရပ်ရပ်မှ ရောင်းဝယ်ဖေါက်ကား ရောက်ရှိလာသူများဖြင့် ဈေးအနီးရှိ လမ်းအသီးသီး၌ ဈေးသည်တို့ဖြင့် စည်ကားပိတ်ဆို့နေလေ့ရှိတတ်သည်။ ပြည်သူအများစုအတွက် ဟင်းရွက်သီးနှံ အစုံအလင်ရွေးချယ်ဝယ်ယူနိုင်သဖြင့် လမ်းနေလူထုက မငြူစူကြ။ (၅)ရက်မှတစ်ခါမို့ ပျော်စရာဟုပင် ထင်ကြသည်။ သို့သော် တပင်ရွှေထီးလမ်းကား ထိုသို့မဟုတ် နေ့စဉ်လမ်းပိတ်ဆို့ဈေးရောင်းရာ နေရာဖြစ်နေ၏။ နေ့သာမက ညဘက်ကျပြန်တော့လည်း ညဈေးတန်းက လမ်းကိုပိတ်ဆို့လျက် ၁၂နာရီ တစ်နာရီထိ ဆူညံနေပြန်သေးသည်။ ထိုလမ်းပေါ်သို့ ဈေးစတင်ရောင်းကြသည်က ၁၉၉၆ကတည်းကဖြစ်သော်လည်း စည်းကမ်းတကျဖြစ်ခဲ့သည်မို့ များစွာဒုက္ခမရှိကြ။ မနက်ပိုင်း ကုန်စိမ်းတန်းက ၁၀နာရီလောက်သိမ်းပြီး ညဈေးတန်းက ၄နာရီမှစသည် ညဈေးတန်းပိတ်ချိန်က ည၉နာရီ။ လမ်းကို တစ်ဝက်ကျော်ကျော်ဖွင့်ထားပေးသဖြင့် ကားဆိုင်ကယ်များဝင်ထွက်၍ရ၏။ တဖြေးဖြေးနှင့် စည်းကမ်းကပျက်လာသည် လွန်ခဲ့သည့် သုံး လေးနှစ်လောက်ကစပြီး ကုန်စိမ်းဈေးတန်းနှင့် ညဈေးတန်းအချိန်တို့က တစ်ဆက်တည်းဖြစ်သွားသည်။ လမ်းကိုလည်းအပြည့်ပိတ်လိုက်ကြသည်။ လမ်းနေပြည်သူများ သွားလာရေးခက်ခဲကုန်၏။ အမြဲတမ်းဆိုင်ခန်းများသဖွယ်မရွေ့မပြောင်း ရောင်းချနေသဖြင့် သန့်ရှင်းရေးလည်းမကောင်းတော့။ ညဈေးတန်းစားသောက်ဆိုင်များမှ စွန့်ပစ်ရေများ မီးဖိုပြာများ စားကြွင်းစားကျန်များက လမ်းဘေးရေမြောင်းတွင် ပြည့်လျှံ နံစော်နေတော့၏။ လမ်းနေပြည်သူများ၏ လူမှုရေး စီးပွါးရေး ကျန်းမာရေးကိစ္စများအတွက် ဒုက္ခဖြစ်နေရုံမျှမက အများပြည်သူများအတွက်ပါ သွားရေးလာရေးခက်ခဲကြရ၏။ မကြာခင်က စည်ပင်သာယာမှ ကုန်စိမ်းဈေးကို ၁၂နာရီသိမ်းပြီး ညဈေးတန်းကို ၃နာရီမှဆိုင်ဖွင့်ရန် စီစဉ်ခဲ့သဖြင့် အချိန်ပိုင်းမျှ သွားလာရေးအဆင်ပြေသလိုရှိ၏။ ပြည်သူအများက နှစ်ရှည်လများ လူမှုဒုက္ခကိုမလိုလားတော့။ အစိုးရသစ်၏ ဖြေလျော့ပေးမှုကြောင့် ကားဈေးများကျပြီး ကားဝယ်စီးလိုသော်လည်း ပေ၁၀၀ကျော်လမ်းဘေးက ကားဝင်မရသည့်အိမ်ရှင်များမှာ ဆိုင်ကယ်ပင်ဝယ်စီး၍မဖြစ်နိုင်သဖြင့် မည်သူ့ကိုအပြစ်ဆိုရမည်မသိဖြစ်နေ၏။ စည်ပင်ကတော့ တာဝန်အရှိဆုံးဖြစ်လိမ့်မည်။ လမ်းကိုလမ်းအဖြစ် အသုံးမပြုနိုင်သည့် သမိုင်းဝင်လမ်းကြီးကို တောင်ကြီးစည်ပင်က မည်သို့စီမံပေးမည်ကို ပြည်သူအများက စောင့်ကြည့်နေကြပါ၏။