Saturday, February 23, 2013

Competation of Htamanae cooking

ထမနဲပြိုင်ပွဲခြိမ့်ခြိမ့်သဲ


ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပတဲ့ သတ္တမအကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့ နေ့လယ် ၂နာရီခွဲကနေ ညနေ ၅နာရီအထိ တောင်ကြီးမြို့ အဝေရာကုန်းသာယာ မီးပုံးပျံကွင်းမှာ ကျင်းပခဲ့ပါတယ်။

အစဉ်အလာမပျက်
ထမနဲထိုးပြိုင်ပွဲကို အစိုးရအဖွဲ့တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲအမှာစကားကို အစိုးရအဖွဲ့အကြီးအကဲကပြောကြားပြီး ပြိုင်ပွဲကိုစတင်ခဲ့ပါတယ်။

အမှာစကား
စုရုံးတက်ကြွ ပြိုင်ကြမည်
ပြိုင်ပွဲကို မြို့ပေါ်ရပ်ကွက်များ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်အပါအ၀င် အဖွဲ့အစည်းများ ဌာနဆိုင်ရာများ အသင်းပေါင်း (၆၀)ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ပြင်ဆင်မှုကောင်း အောင်မြင်ကြောင်း
အကြိတ်အနယ်ယှဉ်ပြိုင်ကြ
ဒိုင်လူကြီးများက အကဲဖြတ်အမှတ်ပေးချိန်မှာ တိုင်းရင်းသားရိုးရာအကများနဲ့ဖျော်ဖြေခဲ့ပြီး ဆုချီးမြှင့်ပွဲ ကျင်းပခဲ့ရာမှာ ရပခအသင်းက ပထမ ရရှိခဲ့ကြောင်းသိရှိရပါတယ်။
ရှမ်းရိုးရာကိန္နရီကိန္နရာအက
ပထမဆုရအသင်းအား ဆုချီးမြှင့်စဉ်

Wednesday, February 20, 2013

New sun of our future

အနာဂတ် ထာဝရ အလင်းရှင်

Inspecting the damage of motorcycle stand

မော်တော်ဆိုင်ကယ်ရပ်သည့်နေရာအန္တရာယ်ရှိမှုစစ်ဆေး


တောင်ကြီးမြို့ မြို့မဈေးကြီးအနီး ဗိုလ်ချုပ်လမ်းဘေး ပလက်ဖေါင်း စင်္ကြန်ပေါ်မှာရှိတဲ့ မော်တော်ဆိုင်ကယ် ရပ်နားဖို့သတ်မှတ်ထားတဲ့ နေရာကြမ်းခင်း အက်ကွဲမှုကို ယမန်နေ့က ပြည်နယ်စည်ပင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါတယ်။

ပြည်နယ်စည်ပင် အင်ဂျင်နီယာချုပ်က ရှင်းလင်းတင်ပြ
တောင်ကြီးမြို့မြို့မဈေးပတ်ဝန်းကျင်မှာ ယာဉ်ရပ်နားဖို့ နေရာကျဉ်းမြောင်းတဲ့အတွက် လက်ရှိနေရာမှာ လွန်ခဲ့တဲ့ (၂)လကျော်ကစပြီး ဆိုင်ကယ်ရပ်နားဖို့အတွက် နေရာသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ဗိုလ်ချုပ်လမ်းဘေး ယူစီအေ ဆိုင်ခန်းတွေရဲ့ ခေါင်မိုးပေါ်မှာဖြစ်နေတဲ့အတွက် ဆိုင်ခန်းရှင်တွေက သူတို့ရဲ့ ဆိုင်ခန်းများ ကြံ့ခိုင်မှုကို ထိခိုက်မှာစိုးရိမ်လျက်ရှိကြောင်း သိရှိရပါတယ်။ 
“ဆိုင်ခေါင်မိုးဆိုပေမယ့် ယူစီအေက စဆောက်ကတည်းက (၃)ထပ်ဆောက်ဖို့ လုပ်ခဲ့တာဆိုတော့ ကွန်ကရစ် ကြမ်းခင်းလောင်းထားတာပါ။ ကြံ့ခိုင်မှုရှိပါတယ်။ အက်ကွဲကြောင်းဖြစ်နေတယ်ဆိုတာက မမှန်ပါဘူး အဲဒီနေရာတွေက ကြမ်းခင်းအဆက်နေရာတွေပါ။ ယူစီအေမှာ အဆက် (၄)နေရာရှိပါတယ်။ ကွန်ကရစ်ကြမ်းခင်းလောင်းရင် သတ်မှတ်တဲ့ အတိုင်းအတာအလိုက် အဆက်နေရာထားရပါတယ်။ တစ်သားတည်း အရှည်လိုက် လောင်းလို့မရပါဘူး။ အခုဖြစ်တာက အဲဒီအဆက်နေရာအပေါ်မှာ ရေမ၀င်အောင်အုပ်ထားတဲ့ အပေါ်ယံအင်္ဂတေကွာပြီး ဆက်ကြောင်းပေါ်လာလို့ အက်ကွဲတယ်ထင်ကြတာပါ။ အန္တရာယ်မရှိပါဘူး။ မိုးရေမ၀င်အောင် ဆက်ကြောင်းကြားထဲကို ကတ္တရာလောင်းပေးပါ့မယ်” လို့ ပြည်နယ်စည်ပင် အင်ဂျင်နီယာချုပ်က ရှင်းလင်းပြောကြားခဲ့ပါတယ်။
“ယူစီအေဆိုင်ခန်းတွေဟာ နှစ်ထပ်လမ်းဖြစ်နေတဲ့ ဗိုလ်ချုပ်လမ်းဘေးအောက်က သံလွင်လမ်းဘေး ရေနှုတ်မြောင်းပေါ်မှာ လမ်းမြေကိုကျူးကျော်ပြီး ၂၀၀၇ခုနှစ်က စတင်ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ လမ်းနေပြည်သူတွေကကန့်ကွက်လို့ တစ်ထပ်ဆောက်ပြီးရပ်ထားရတာပါ။ အဲဒီဆိုင်တွေကြောင့် မိုးတွင်းအခါမှာ သံလွင်လမ်းမှာ ရေစီးရေလာမကောင်းပဲ ရေမြုပ်လေ့ရှိပါတယ်လို့” စည်ပင်ဝန်ထမ်းတစ်ဦးထံမှ သိရှိခဲ့ရပါတယ်။

Saturday, February 16, 2013

Decentralization Workshop in Taunggyi

ဒေသန္တရစီမံအုပ်ချုပ်ခြင်းအလုပ်ရုံဆွေးနွေးပွဲ

ယခုတလော မြို့တော်တောင်ကြီးမှာ အခမ်းအနားတွေပေါနေပါတယ်။ ရှမ်းပြည်နယ်နေ့ ပြည်ထောင်စုနေ့ ဖွံ့ဖြိုးရေးစီမံကိန်းမြို့နယ်ရွေးချယ်ခြင်း အစည်းအဝေးတွေအပြင် မနေ့ကနဲ့ ဒီနေ့မှာတော့ “ပြောင်းလဲလာသောရာသီဥတုနှင့်လိုက်လျောညီထွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူထုပူးပေါင်းပါဝင်သော ဒေသန္တရစီမံအုပ်ချုပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ” ကို တောင်ကြီးတက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမမှာကျင်းပခဲ့ပြန်ပါတယ်။ ပြည်နယ်အစိုးရအဖွဲ့ဝင်များ တာဝန်ရှိသူများ ၃၀၀ကျော်တက်ရောက်ခဲ့ကြပါတယ်။

ခေါင်းစဉ်အလိုက်တင်ပြကြ

အလုပ်ရုံဆွေးနွေးပွဲမှာ Decentralization, Poverty reduction, Gender equality နဲ့ Fund for Environment ခေါင်းစဉ်တွေနဲ့ ပညာရှင်များကဆွေးနွေးကြပြီး အုပ်စု၅စုဖွဲ့ကာ အကြောင်းအရာအလိုက် ဆွေးနွေးခဲ့ကြပါတယ်။

ကျားမ တန်းတူညီမျှဖို့

ပြီးတော့ ထုံးစံအတိုင်း တက်ရောက်ကြသူတွေရဲ့ အကြံပြုဆွေးနွေးချက်တွေကိုဖြည့်စွက်ပြီး တစ်ဖွဲ့ချင်းအလိုက် ပြန်လည်သုံးသပ်တင်ပြခဲ့ကြပါတယ်။ တက်ရောက်လာကြသူတွေရဲ့ ဗဟုသုတတွေကို ဖလှယ်ခွင့်ရတာရယ် တာဝန်ရှိသူတွေရဲ့ လုပ်ဆောင်ချက်တွေကို သိရတာရယ် ကအကျိုးရှိပါတယ်လို့ တက်ရောက်ခဲ့သူတစ်ဦးကပြောပါတယ်။

အဖွဲ့လိုက်ဆွေးနွေးကြ

အလုပ်ရုံဆွေးနွေးပွဲကို စိမ်းလန်းအမိပြေတိုးတက်ရေးအဖွဲ့က ဦးဆောင်စီစဉ်ခဲ့တာဖြစ်ပြီး နိုင်ငံတော်လူမှုရေးနှင့်စီးပွါးရေးအကြံပေးကောင်စီမှ အကြံပေး ဒေါက်တာဇော်ဦးလည်း တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။

Friday, February 15, 2013

Meeting for township selection for CDD project

လူထုအခြေပြုဖွံ့ဖြိုးရေးစီမံကိန်းမြို့နယ်ရွေးချယ်ခြင်း

နယ်စပ်ရေးရာဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကဦးဆောင်ကျင်းပတဲ့ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ လူထုအခြေပြုဖွံ့ဖြိုးရေးစီမံကိန်း ရှမ်းပြည်နယ်အတွင်း မြို့နယ် ရွေးချယ်ခြင်းအတွက် အကြံပေးခြင်း အစည်းအဝေး”ကို မနေ့က မနက်၉နာရီခွဲကနေ ညနေ ၄နာရီခွဲအထိ မြို့တော်ခန်းမမှာကျင်းပခဲ့ပါတယ်။

ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲကအမှာစကားပြောကြား

အစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲနဲ့အဖွဲ့ဝင်များ ဌာနဆိုင်ရာများ ရှမ်းပြည်နယ်အတွင်းမှ ခရိုင်အုပ်ချုပ်ရေးမှူးများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များ အစိုးရမဟုတ်သောအဖွဲ့အစည်းများ ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ ဖိတ်ကြားထားသောဧည့်သည်များ ၂၀၀ကျော် တက်ရောက်ခဲ့ကြပါတယ်။

စီမံကိန်းအကြောင်းရှင်းလင်းတင်ပြ
Community Driven Development လူထုအခြေပြုဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအကြောင်းကို တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်ကြသူများရဲ့ မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

အကြံပြုဆွေးနွေး

စီမံကိန်းမြို့နယ်ရွေးချယ်ခြင်းအတွက် သတ်မှတ်ချက်များအကြောင်းကို တာဝန်ရှိသူတစ်ဦးကရှင်းလင်း တင်ပြခဲ့ပြီး တက်ရောက်လာကြသူများကို အဖွဲ့ငယ်(၁၀)ဖွဲ့ ဖွဲ့စည်းကာ အဖွဲ့လိုက် စီမံကိန်းမြို့နယ်များကို ရွေးချယ်စေခဲ့ပါတယ်။

အဖွဲ့လိုက်ဆွေးနွေး မဲခွဲဆုံးဖြတ်
ကမ္ဘာ့ဘဏ်ကိုယ်စားလှယ်က အံ့သြ၀မ်းမြောက်

မြန်မာနိုင်ငံမှာ အခုလိုမျိုး စီမံကိန်းတစ်ခုကို ပွင့်လင်းမြင်သာစွာ ပြည်သူလူထုကိုယ်တိုင်ရွေးချယ် ပါဝင်ဆောင်ရွက်ခွင့်ဟာ ပထမဆုံး ဖြစ်တာမို့ အစည်းအဝေးတက်ရောက်လာကြသူများက အထူးစိတ်ဝင်စားကာ တက်တက်ကြွကြွ ပါဝင်ဆွေးနွေးကြတာကိုတွေ့ရပါတယ်။ အများစုရွေးချယ်ကြတဲ့မြို့နယ်များကတော့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နမ့်ဆန်မြို့နယ်နဲ့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရွာငံမြို့နယ်တို့ ဖြစ်ကြပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့အမေရိကန်ဒေါ်လာသန်း၈၀အကူအညီကို ပြည်နယ်တိုင်းဒေသကြီး၁၄ခုနဲ့
နေပြည်တော်ကောင်စီတို့က မြို့နယ်တစ်မြို့နယ်စီကို ရွေးချယ်ပြီး မြို့နယ်အတွင်းက ကျေးရွာအုပ်စုအားလုံးကို တစ်အုပ်စုအတွက် ဒေါ်လာ ၂၇၀၀၀ကို ပထမနှစ်မှာစတင်ထောက်ပံ့မှာဖြစ်ပြီး ကျေးရွာလူထုကလိုလားတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လူထုကိုယ်တိုင် ဆောင်ရွက်စေမှာ ဖြစ်တယ်လို့သိရပါတယ်။

ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရပြီ

Union day from Taunggyi

ပြည်ထောင်စုနေ့

ရှမ်းပြည်နယ် အစိုးရအဖွဲ့ကကျင်းပတဲ့ (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ သ၀ဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို တောင်ကြီးမြို့ အဝေရာမီးပုံပျံကွင်းမှာ ၁၂.၂.၂၀၁၂ နေ့ နံနက် ၈နာရီမှာကျင်းပခဲ့ပါတယ်။ နိုင်ငံတော်သမ္မထံမှ ပေးပို့တဲ့ ပြည်ထောင်စုနေ့သ၀ဏ်လွှာကို အစိုးရအဖွဲ့ အကြီးအကဲကဖတ်ကြားခဲ့ပြီး ပြည်သူလူထု ၇၀၀ခန့်တက်ရောက်ခဲ့ပါတယ်။

ပြည်ထောင်စုနေ့
ပြည်ထောင်စုနေ့ အထိမ်းအမှတ် ညစာစားပွဲကို မြို့တော်ခန်းမမှာ ဆက်လက်ကျင်းပခဲ့ပါတယ်။ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက အကများနဲ့ဖျော်ဖြေခဲ့ကြောင်းသိရပါတယ်။

ညစာစားပွဲ
ကိုးကန့်အက
ရှမ်းအက
ပအို့ဝ်အက
ဓနုအက
ဂုဏ်ပြုပန်းခြင်း

Thursday, February 7, 2013

66th anniversary of Shan state Day

(၆၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့


၂၀၁၃ခုနှစ် ဖေဖေါ်ဝါရီလ (၇)ရက်နေ့မှာ ကျရောက်တဲ့ (၆၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားများကို ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့မှာ ကျင်းပခဲ့ကြကြောင်းသိရပါတယ်။ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ် တက်ရောက်ပြီး သ၀ဏ်လွှာဖတ်ကြားတဲ့ အခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန် မြို့တော်ခန်းမမှာကျင်းပခဲ့ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်ကသ၀ဏ်လွှာဖတ်ကြားခြင်း

ရှမ်းပြည်နယ်နေ့နှင့် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဌာနဆိုင်ရာ ပြခန်းများကိုလည်း ကျောက်တိုင်ကွင်းအတွင်းမှာ ခင်းကျင်းပြသလျက်ရှိကြောင်း သိရပါတယ်။

ယဉ်ကျေးမှုပြခန်း
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးပြခန်း
စက်မှုလယ်ယာပြခန်း

ပြည်နယ်အစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ ယနေ့ နံနက်(၁၁)နာရီ ရွှေဘုန်းပွင့် စေတီတော်မြတ်ရင်ပြင်မှာရှိတဲ့ ဓမ္မာရုံမှာလည်း သံဃာတော်အရှင်သူမြတ်(၁၁)ပါးတို့အား လှူဖွယ်ဝတ္ထုအစုစုနှင့် နေ့ဆွမ်းတို့ဖြင့် ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရှိရပါတယ်။
သံဃာတော်များအားလှူဒါန်းခြင်း