Friday, October 19, 2012

Sufficient water for Borsai?

ဘော်ဆိုင်းအတွက် ရေ ရတော့မှာလား

ကလောမြို့နဲ့ မိုင်(၄၀)ကျော် ဝေးပြီး ပင်းတယမြို့နဲ့ (၈)မိုင်ကျော်သာရှိတဲ့ ကလောမြို့နယ်ထဲက ဘော်ဆိုင်းဆိုတဲ့ရွာဟာ အိမ်ခြေ ၈၇၀ရှိပြီး လူဦးရေ ၄၆၀၀ကျော် နေထိုင်ကာ ငါးရက်တစ်ခါ ရောင်းဝယ်ဖေါက်ကားတဲ့ ဈေးကြီး တစ်ဈေးလည်းရှိလို့ စည်ပင်သာယာတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။ ရှေးမြန်မာမင်းများ လက်ထက်ကတည်းက သတ္ထုတူးဖေါ်ခြင်းလုပ်ငန်းနဲ့ ထင်ရှားခဲ့တဲ့ရွာဖြစ်ပြီး ယနေ့အချိန်မှာလည်း ခဲမဖြူ ခနောက်စိမ်းစတဲ့ တွင်းထွက်တွေကြောင့် သတ္ထုတွင်းကုမ္ပဏီတွေ လာရောက်ရင်းနှီးမြုပ်နှံ အလုပ်လုပ်ကိုင်ကြတဲ့ရွာ ဖြစ်ပါတယ်။ ဒါပေမယ့်မြေအောက်ရေ တူးဖေါ်လို့မရဘဲ အနီးအနားမှာလည်း ချောင်းနဲ့ ရေထွက်တွေမရှိလို့ သောက်သုံးရေရှားပါးပါတယ်။ သောက်ရေကို တစ်နှစ်စာ မိုးရေလှောင်ကန်တွေနဲ့ စုဆောင်းထားရပြီး သုံးရေကိုတော့ ရွာဘေးက ရေကန်ရေကို သုံးကြရပါတယ်။

သပ္ပါယ်စွာဖူးမြော်ရသော ရေဖြူကန်စေတီ
ခဲသတ္ထုများအများအပြားပါဝင်သောကျောက်ခဲတစ်ခု


ခုတော့ သတ္ထုသန့်စင်စက်ရုံတည်ထောင်မယ့် ကုမ္ပဏီတစ်ခုက ဘော်ဆိုင်းရွာအတွက် သောက်သုံးရေ ဖြန့်ဝေလှူဒါန်းတော့မယ်လို့ သိရပါတယ်။ စက်ရုံအတွက် လိုအပ်တဲ့ရေကို ပင်းတယမြို့နယ် ထိုးပုံရွာအနီးက ဇော်ဂျီမြစ်ထဲစီးဝင်တဲ့ ချောင်းတစ်ခုကနေု ၇မိုင်ဝေးတဲ့ စက်ရုံအထက်က တောင်ကုန်းပေါ်မှာရှိတဲ့ ရေကန်ကို ၆လက်မပိုက်နဲ့တင်ပို့ပြီး ဘော်ဆိုင်းအတွက် တစ်နေ့လိုအပ်တဲ့ရေဂါလံ တစ်သိန်းကို ၂လက်မပိုက်နဲ့နေ့စဉ် ပေးဝေသွားမယ်လို့ဆိုပါတယ်။ ဘော်ဆိုင်းရွာအတွင်းမှာ စည်ပင်က ဆောက်လုပ်ပေးထားတဲ့ ဂါလံ၃၀၀၀၀ဆံ့ မိုးရေလှောင်ကန် တစ်ခုရှိထားလို့ အဲဒီကန်ထဲကို ရေဖြည့်ပေးဖို့ ၂လက်မပိုက် မီတာ ၄၀၀၀ လောက်ပဲသွယ်တန်းပေးရမှာပါလို့ ကျေးရွာလူကြီးတစ်ဦးကပြောပါတယ်။
ရေတင်ပိုက်လိုင်းများပြပုံ
ထိုးပုံရွာအနီးကရေအရင်းအမြစ်
သတ္ထုသန့်စင်စက်ရုံပုံ
စက်ယန္တရားများနဲ့အလုပ်လုပ်ကြသည်
တည်ဆောက်ဆဲစက်ရုံ
 စက်ရုံအနေနဲ့ နည်းပညာအဆင့်မြင့်တာကြောင့် ဘော်ဆိုင်းဒေသက တူးဖေါ်ပြီး မသန့်စင်နိုင်ပဲ စွန့်ပစ်ကြရတဲ့ သတ္ထုရိုင်းများကိုပါ ၀ယ်ယူပြီး သန့်စင်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိသတ္ထုတွင်းတွေဟာ ခဲပါဝင်မှု ၂၀%အထက်ရှိမှသန့်စင်နိုင်ပြီး တည်ဆောက်ဆဲစက်ရုံကတော့ ၇%အောက်အထိ သန့်စင်နိုင်တယ်လို့သိရပါတယ်။ စက်ရုံအတွက်လိုအပ်တဲ့ လုပ်သားတွေကိုလည်း ဒေသခံတွေကို သင်တန်းကျောင်းမှာ သင်တန်းပေးပြီး အလုပ်ခန့်ထားမှာဖြစ်တဲ့အတွက် ဘော်ဆိုင်းဒေသဟာ မကြာခင်ကာလမှာ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမယ်လို့ ဒေသခံတွေက မျှော်လင့်နေကြကြောင်း သိရှိရပါတယ်။



No comments:

Post a Comment