Friday, October 5, 2012

Let's Conserve our Heritage, Inlay Lake

အင်းလေးကန်ထာဝရတည်မြဲစေဖို့

မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး ကုန်းတွင်းရေအိုင်ကြီးဖြစ်ပြီး ထူးခြားတဲ့ လူနေထိုင်မှုနဲ့ ယဉ်ကျေးမှုတွေကြောင့် ကမ္ဘာကျော်တဲ့ အင်းလေးကန်ကြီးဟာ ကမ္ဘာလုံးဆိုင်ရာရာသီဥတုပြောင်းလဲမှုကြောင့် တဖြည်းဖြည်းနဲ့ ကန်ရေပြင်ပမာဏကျဉ်းမြောင်းလာမှု ရေလှောင်ပမာဏ လျော့နည်းလာမှုတွေနဲ့ ခန်းခြောက်ကွယ်ပျောက်နိုင်တဲ့ ဘေးအန္တရာယ်နဲ့ ကြုံတွေ့နေရပါတယ်။

တောင်တွေကာရံထားတဲ့အလယ်မှာ
အင်းလေးကန်တွင်းကရေပေါ်ကျွန်းမျောစိုက်ခင်းများ
  အာဆီယံယဉ်ကျေးမှုအမွေအနှစ်ဒေသ (ASEAN CULTURE HERITAGE) နဲ့ အာဆီယံသဘာဝအမွေအနှစ်ဒေသ (ASEAN HERITAGE PARK) ဖြစ်တဲ့ အင်းလေးကန်ရဲ့ ၂၀၁၀နွေရာသီမှာကြုံတွေ့ရတဲ့ ကန်ရေခန်းခြောက်မှုဟာ အင်းလေးကန် ထိန်းသိမ်းရေးကို ထိထိရောက်ရောက်လုပ်ဖို့ လိုအပ်နေပြီဆိုတာကို သတိပေးလိုက်တာပဲဖြစ်ပါတယ်။ အဲဒါကြောင့် ပုံမှန်ဆောင်ရွက်နေတဲ့ အင်းလေးကန် စီမံကိန်းတွေအပြင် နော်ဝေအစိုးရနဲ့ UNDP တို့ရဲ့ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ၂.၆သန်းနဲ့ ၂နှစ်စီမံကိန်းကို ၂၀၁၂နဲ့၂၀၁၃မှာ ဆောင်ရွက်လျက်ရှိပါတယ်။

ရေပေါ်မှာအိမ်ကလေးတွေဆောက်တယ်
 အင်းလေးကန်ရေဝေရေလဲ ဒေသတစ်ခုဖြစ်တဲ့ ကလောမြို့နယ်မှာလည်း အဲဒီစီမံကိန်းမှာ ပါဝင်ခဲ့ပါတယ်။ အဲဒီစီမံကိန်းကို UNDP ကကြီးကြပ်ပြီး လူထုအခြေပြုအဖွဲ့အစည်း(၁၀)ခုက အကောင်အထည်ဖေါ်ပါတယ်။ ကလောမြို့နယ်အတွင်းမှာ အင်းလေးကန် ထိန်းသိမ်းကာကွယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးစီမံကိန်းကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေရဲ့ အစည်းအဝေးကို စက်တင်ဘာလ နောက်ဆုံးပတ်မှာ ကလောမြို့ UNDP ရုံးမှာကျင်းပခဲ့ကြောင်း သိရှိရပါတယ်။

လုပ်ငန်းတိုးတက်မှုများဆွေးနွေးစဉ်
ကလောမြို့နယ်အတွင်း အင်းလေးကန် ထိန်းသိမ်းကာကွယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးစီမံကိန်းကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကတော့ 
၁။ အင်းသားစာပေယဉ်ကျေးမှုနှင့်ဒေသဖွံ့ဖြိုးရေးအသင်း
၂။ ရွှေရောင်လွင်ပြင်စိုက်ပျိုးထုတ်လုပ်ရေးသမ၀ါယမအသင်း
၃။ ဂေဟစနစ်ထိန်းသိမ်းရေးနှင့်ပြည်သူအစုအဖွဲ့ဖွံ့ဖြိုးရေးအသင်း
၎။ သဘာဝပတ်ဝန်းကျင်နှင့်စီးပွါးဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်
၅။ အမြဲစိမ်းအုပ်စု
၆။ လယ်ယာမြေဖွံ့ဖြိုးရေးအဖွဲ့
၇။ မြန်မာ့စိုက်ပျိုးရေးအားမန်အသင်း
၈။ သီရိမေအမျိုးသမီးဖွံ့ဖြိုးရေးသမ၀ါယမအသင်းလီမိတက်
၉။ ဓနုစာပေနှင့်ယဉ်ကျေးမှု ဖွံ့ဖြိုးရေးအဖွဲ့
၁၀။ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးမိတ်ဆွေများအသင်း တို့ပဲဖြစ်ပါတယ်။ ရပ်ရွာလူထုအခြေပြုအဖွဲ့တွေရဲ့ ပြည်သူပါဝင်သောလုပ်ငန်းစဉ်တွေအဖြစ် အဓိက ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကတော့ သောက်သုံးရေသန့်နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာပေးလုပ်ငန်း၊ စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်း၊ သစ်တောနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်း၊ ရေနှင့်မြေဆီလွှာထိန်းသိမ်းခြင်းလုပ်ငန်းနဲ့ လူမှုစီးပွါးဖွံ့ဖြိုးရေးလုပ်ငန်းတို့ဖြစ်ပါတယ်။ အင်းလေးကန်တိမ်ကောလာရခြင်းအကြောင်းရင်းတွေဖြစ်တဲ့ ရေဝေရေလဲဒေသတွေမှာ သစ်တောထွက်ပစ္စည်းတွေကို အလွန်အကျွံထုတ်ယူသုံးစွဲခဲ့မှု၊ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှုမရှိတဲ့ စိုက်ပျိုးနည်းစနစ်တွေကျင့်သုံးနေမှု၊ ကန်အတွင်းနုန်းပို့ချမှု တွေကို ဒီစီမံကိန်းကနေ လျော့နည်းစေပြီး အင်းလေးကန်ကို ကယ်တင်နိုင်မယ်လို့မျှော်လင့်ရပါတယ်။

No comments:

Post a Comment