Wednesday, October 17, 2012

Filtered water for Aungpan

အောင်ပန်းလူထုအတွက် ရေသန့်စင်စနစ်

အောင်ပန်းမြို့လူထုအတွက် သောက်သုံးရေရရှိရေးကို မြို့ရေပေးရေးကော်မတီက တာဝန်ယူ ဖြန့်ဝေပေးနေပါတယ်။ မြို့ရေပေးရေးကော်မတီဆိုတာ မြို့ဖွံ့ဖြိုးရေးအထောက်အကူပြု ကော်မတီရဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ မြို့ရေပေးရေးကော်မတီဟာ မြို့နယ်စည်ပင်ရဲ့ကြီးကြပ်မှုနဲ့ မြို့ပေါ်ရပ်ကွက်(၁၂)ခုမှာ အိမ်ခြေ ၅၀၀ကျော်ကို တစ်နေ့ ရေဂါလံ ၃သိန်းကျော်ဖြန့်ဝေပေးနေပါတယ်။ အဓိကရေအရင်းအမြစ်တွေကတော့ ငါးကြောင်အိုင်ဆည်နဲ့ နန့်အွန်ရေထွက်တို့ပဲ ဖြစ်ပါတယ်။ ငါးကြောင်အိုင်ဆည်ရေဟာ မိုးတွင်းအခါမှာ လွန်စွာနောက်ကျိပြီး နှစ်ရက်လောက် အနယ်ထိုင်ပြီးမှ သုံးလို့ရတဲ့အတွက် ရေသန့်စင်စနစ်တစ်ခု တည်ဆောက်ဖို့ ပြည်သူလူထုရဲ့ဆန္ဒနဲ့အညီ နိုင်ငံတော်သမ္မတကြီးက လမ်းညွှန်ခဲ့ပါတယ်။

အောင်ပန်းအတွက်ရေအရင်းအမြစ် ငါးကြောင်အိုင်ဆည်
နွေအတွက်ရေကိုမိုးမှာစုထားရပါတယ်
မြို့နယ်စည်ပင်က အနှေးသဲရေစစ်စနစ် Slow Sand Filtering System ကို အသုံးပြုပြီး ရေသန့်စင်မယ့် အနည်ထိုင်ကန်နဲ့ ရေစစ်ကန်တို့ကိုတည်ဆောက် နေရာမှာ ၉၀%ပြီးစီးပြီး မကြာမီမှာ လုပ်ငန်းစတင်နိုင်တော့မယ်လို့ သိရပါတယ်။ ``အနယ်ထိုင်ကန်က ဂါလံ ၅၀၀၀၀ဆံ့ပြီး အကန့် ၁၂ကန့်ပါရှိပါတယ်။ ဆည်ကနေ ၆လက်မပိုက်နဲ့ ရောက်လာတဲ့ ရေတွေကို အဲဒီအကန့်တွေထဲမှာ ကွေ့ကောက်စီးဆင်းစေပြီး အနည်ကျစေပါတယ်။ အပေါ်ယံရေကြည်ကို ၄လက်မပိုက်နဲ့ ရေစစ်ကန်ကိုပို့ပါတယ်။ ရေစစ်ကန်က ၁၁ပေမြင့်ပြီး အောက်မှာ ကျောက်စရစ်သုံးထပ်နဲ့ သဲတစ်ထပ်ကို အမြင့် ၆ပေခွဲအထိထည့်ထားပြီး အဲဒီရေစစ် အလွှာတွေနဲ့ ရေမှာရောနေတဲ့ နုံးတွေကို စစ်ထုတ်တာဖြစ်ပါတယ်။ ရေစစ်ကန်ကနှစ်ယူနစ်ဖြစ်ပြီး တစ်ယူနစ်ကို တစ်နေ့ ဂါလံ ၈၀၀၀၀ သန့်စင်နိုင်ပါတယ်။´´ လို့ စည်ပင်အရာရှိကပြောပါတယ်။

အနှေးသဲရေစစ်စနစ်၏နမူနာပုံစံ
အနယ်ထိုင်ကန်
အနှေးသဲရေစစ်ကန်
တာဝန်ရှိသူများကစစ်ဆေးစဉ်
 တည်ဆောက်ဆဲရေသန့်စနစ်ပြီးသွားတဲ့အချိန်မှာ အောင်ပန်းမြို့လူထုအတွက်ဖြန့်ဝေပေးတဲ့ရေဟာ တိုက်ရိုက်သောက်သုံးနိုင်တဲ့အဆင့် ဖြစ်မယ်လို့ မြို့သူမြို့သားတွေကမျှော်လင့်နေကြကြောင်း သိရှိရပါတယ်။


No comments:

Post a Comment