Thursday, September 5, 2013

Value of Life

ဘဝတန်ဖိုး


လူကြီးပဲဖြစ်ဖြစ်၊ ကလေးပဲဖြစ်ဖြစ်၊ အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် မိမိတို့ရဲ့ ဘဝ ဖြစ်ပေါ်လာတဲ့အကြောင်းတွေကို စဉ်းစားကြည့်ကြပါ။ စဉ်းစားကြည့်ရင် သိလိမ့်မယ်။ 
မိမိတို့ ဘဝ ဘယ်က စဖြစ်သလဲဆိုရင် မိဘနှစ်ပါးကနေ ဖြစ်ပေါ်လာတာ။

ဒါဆိုရင် ဘဝဖြစ်ပေါ်ခြင်းရဲ့အစဟာ မိဘနှစ်ပါး။ သို့သော် မိဘကြောင့်ပဲ မိမိတို့ ဖြစ်တာလားလို့မေးရင် မိသားစုတိုင်းမှာ အကဲခတ်ကြည့်လိုက်ရင် မိဘနှစ်ပါးရှိတိုင်း သားသမီးဆိုတာ ရှိချင်မှလည်းရှိတယ်၊ တချို့မိသားစုတွေမှာ သားသမီးမရှိတာတွေလည်းရှိတယ်။ တချို့ကျတော့လည်း သားသမီးတွေ လေးငါးဆယ်ယောက်ရှိကြတဲ့ ပုဂ္ဂိုလ်တွေလည်းရှိကြတယ်။

ဒါ ဘာပြောချင်တာလဲဆိုတော့ မိဘရှိတိုင်း သားသမီးရှိတာမဟုတ်ဘူးဆိုတာ ပြောချင်လို့။ ဒါဆိုရင် မိမိတို့ ဘဝ ဖြစ်ပေါ်လာတာ မိဘဆိုတဲ့အကြောင်းတစ်ခုတည်းတော့ မဟုတ်သေးဘူး။ နောက်အကြောင်းတစ်ခုတော့ ရှိနေလိမ့်ဦးမယ်။
အဲဒီနောက်အကြောင်းတစ်ခုက လူ့ဘဝဆိုတာ ကုသိုလ်ကံကြောင့်ဖြစ်တာ။

တချို့မိဘတွေမှာ ကံအားလျော်စွာ သားသမီးတစ်ယောက် ရှိချင်ရှိမယ်၊ နှစ်ယောက်ရှိချင်ရှိမယ်၊ သုံးယောက်ရှိချင်ရှိမယ်။ ကံအားလျော်စွာ သားသမီးဆိုတာ ဖြစ်ပေါ်လာတာ။ ကံအားလျော်စွာဆိုတာ ဒီမိဘကမွေးပေမယ့် သားသမီးချင်းအတူတူ တူကြရဲ့လား။ ရုပ်အဆင်းတွေရော တူကြရဲ့လား။ ပုံစံသာ နည်းနည်းဆင်ချင်ဆင်ကြတယ်။ ဒီမိဘကပဲ ပထမဦးစွာ သားယောက်ျားလေးမွေးတဲ့အတွက် နောက်တစ်ခါ သားယောက်ျားလေးပဲ မွေးပါလားဆိုပြီး ပြောလို့မရဘူး။ ယောက်ျားလေး မွေးချင်မွေးမယ်၊ မိန်းကလေးမွေးချင်မွေးမယ်။

ဒီမိဘကပဲ မွေးပေမယ့် ဘာလို့ ယောက်ျားလေးဖြစ်လိုက် မိန်းကလေးဖြစ်လိုက် ဖြစ်ရတာလဲ။ ဘာကွာလို့လဲဆိုရင် ကံ ကွာလို့ပဲ။ ယောက်ျားလေးတွေကြီးပဲ မွေးတယ်ထားဦး အဲဒီ ယောက်ျားလေးတွေ ပုံစံတူလေးတွေ မွေးပါလား၊ ဉာဏ်ရည်တူလေးတွေ မွေးပါလား။ ဘာဖြစ်လို့ မတူကြတာလဲဆိုရင် ကံ မတူလို့ မတူကြတာ။

မိမိတို့ဘဝရဲ့ ကျေးဇူးရှင်တွေကို ရှာကြည့်တဲ့အခါမှာ မိဘ နဲ့ ကံ က အဓိကအကြောင်းအနေနဲ့ပါတယ်။ မိဘ နဲ့ ကံ အကြောင်းနှစ်ခုတည်းနဲ့ မိမိတို့ဘဝ ရှင်သန်ရပ်တည်လို့ ရသလားလို့မေးရင်လည်းပဲ မဟုတ်သေးဘူး။ မိဘ တွေ ကံတွေက ရှိပါတယ်။ နေစရာ အိမ်မရှိသေးရင် အိမ်မရှိတဲ့အတွက် သေသွားနိုင်တယ်။ ဝတ်စရာ အဝတ်မရှိရင်လည်း ရာသီဥတုဒဏ်ကို မခံနိုင်ဘဲ သေသွားနိုင်တယ်။ စားစရာ အစားအစာမရှိတဲ့အတွက်လည်း သေနိုင်တယ်။ ဒါဆိုရင် မိမိတို့ဘဝဖြစ်ပေါ်တဲ့အကြောင်းတွေမှာ

စား ဝတ် နေ ရေး လို့ခေါ်တဲ့ အိုးတွေ အိမ်တွေ တိုက်တာအဆောက်အဦတွေ စားဖွယ် သောက်ဖွယ်တွေ အဝတ်အထည်တွေ သစ်ပင်တောတောင် ရေမြေတွေလည်းလိုတယ်။

ဘဝဖြစ်ပေါ်ဖို့ အကြောင်းတရားကို စဉ်းစားလိုက်တဲ့အခါမှာ မိဘကိုလည်းတွေ့ရတယ်။ ကံကိုလည်းတွေ့ရတယ်။ သစ်ပင် တောတောင် ရေမြေ အိုး အိမ် တိုက် တာ အဆောက်အဦအစရှိတဲ့ မှီခိုစရာတွေကိုလည်းတွေ့ရတယ်။ ဒါဆိုရင် မိမိတို့ ဘဝ ရှင်သန်ရပ်တည်ဖို့အတွက် အထောက်အပံ့ပေးတဲ့ ကျေးဇူးရှင်တွေကိုသိပြီး အဲဒီကျေးဇူးတရားတွေကို ပြန်ပြီးတော့ ဆပ်နိုင်ကြရမယ်။ ကျေးဇူးဆပ်နိုင်တော့မှ ကြီးပွားတိုးတက်ခြင်းဆိုတဲ့ ကုသိုလ်မင်္ဂလာတွေဖြစ်ပေါ်လာလိမ့်မယ်။ ကုသိုလ်မင်္ဂလာဖြစ်လာတော့မှ ဘဝဆိုတာ တည်မြဲနေမှာ။ မဟုတ်ရင် ကုသိုလ်လည်းပျောက် လူ့ဘဝလည်းပျောက်လိမ့်မယ်။

ကုသိုလ်ပျောက်ရင် ချမ်းသာသုခတွေ ပျောက်သွားလိမ့်မယ်။ ကုသိုလ်ကောင်းမှုတွေ ရှိတာနဲ့ မရှိတာ၊ ချမ်းသာသုခတွေ ရှိတာနဲ့ မရှိတာ ဘယ်လိုများသိရမလဲဆိုရင် မိမိတို့ ယခုရရှိထားတဲ့ လူ့ဘဝနဲ့ အခြား အခြားသော ပုဂ္ဂိုလ်သတ္တဝါတွေရဲ့ ဘဝကို နှိုင်းယှဉ်ကြည့်ရင် ကုသိုလ်ရှိတာနဲ့ မရှိတာလည်းသိလာမယ်။ ကောင်းမှုဖြစ်တာနဲ့ မဖြစ်တာလည်းသိလာမယ်။ ချမ်းသာတာနဲ့ ဆင်းရဲတာလည်းသိလာမယ်။ ချမ်းသာ ဆင်းရဲ ဘာဖြစ်လို့ကွဲပြားသွားသလဲဆိုရင် ကုသိုလ်ရှိတာနဲ့ မရှိတာကွာသွားတယ်။ ကုသိုလ်ရှိသမျှ ချမ်းသာရှိလိမ့်မယ်။ ကောင်းမှုမှန်သမျှ ချမ်းသာတွေဖြစ်လိမ့်မယ်။ ကုသိုလ်တွေပျောက်ပြီး ကောင်းမှုတွေပျောက်ပြီဆိုရင် ချမ်းသာလည်းပျောက်လိမ့်မယ်။ ချမ်းသာသုခကို နားလည်ဖို့အတွက် ကုသိုလ်ကောင်းမှုကို သိရမယ်။

အကယ်၍များ လူသားစင်စစ်က ကုသိုလ်ကိုလည်း ဘာမှန်းမသိ၊ ဉာဏ်လည်းမရှိဘူးဆိုရင် လူ့ဘဝကနေ တိရစ္ဆာန် ဖြစ်သွားနိုင်တယ်။ အပါယ်လေးဘုံဆိုတာ စာသုံးအရပြောပေမယ့် သဘောတရားအရပြောရရင် ချမ်းသာတွေကင်းတဲ့ဘုံဘဝပဲ။ ဒီလိုဘဝမျိုးမရောက်အောင် ကုသိုလ်ရအောင်ယူရမယ်။ ကောင်းမှုဖြစ်အောင်လုပ်ရမယ်။ ကုသိုလ်နဲ့ ကောင်းမှုက အတူတူပဲ။

ဒီတော့ကုသိုလ်ဆိုတာ မြန်မာလိုပြောတော့ ကောင်းတဲ့လုပ်ရပ်တွေ၊ ကောင်းတဲ့အပြောအဆိုတွေ၊ အကြံအစည်တွေကို ကုသိုလ်လို့ခေါ်တယ်။ စိတ်ထဲကကောင်းတဲ့အရာတွေကို တွေးတောကြံစည်ရင် အဲဒါ ကုသိုလ်ပဲ။ လုပ်တဲ့အလုပ်က အပြစ်တွေကင်းပြီးတော့ ကောင်းတဲ့အကျိုးတွေပြန်လာရင် ကုသိုလ်ပဲ။ ကောင်းမှုပျောက်သွားရင် ဘဝပျောက်သွားလိမ့်မယ်။

ယခု မိမိတို့ ရထားတဲ့ဘဝလေးသည် ကောင်းမှုကုသိုလ်ကံကြောင့်ရတာ၊ ကုသိုလ်ကံကြောင့်ရသလို ကုသိုလ်ကောင်းမှုနဲ့နေရင် ချမ်းသာဟာ မပျောက်တော့ဘူး။ ချမ်းသာမပျောက်သလို လူ့ဘဝ၊ သုဂတိဘဝလည်း မပျောက်တော့ဘူး။ အကယ်၍များ ကုသိုလ်ပျောက်သွားရင်တော့ လူဆိုတဲ့ လူ့ဘဝပျောက်ပြီးတော့ အပါယ်လေးဘုံသားဖြစ်တဲ့ ငရဲ၊ တိရစ္ဆာန်၊ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အဆင့်အတန်းနိမ့်တဲ့ အပါယ်ခံဘဝ ကျရောက်သွားလိမ့်မယ်။

ဒါကြောင့် မြတ်စွာဘုရားက တိုက်တွန်းပါတယ်။ “ပုညာနိ ဘိက္ခဝေ မာ ဘာယိတ္ထ သုခေဿတံ အဓိဝစနံ” တဲ့။ ချမ်းသာချင်ရင် ကုသိုလ်ကောင်းမှုရှိရမယ်။

အကယ်၍များလူစင်စစ်က ကောင်းတာကိုမတွေး၊ ကောင်းတာကိုမပြော၊ ကောင်းတာကို မလုပ်ဘူးဆိုရင် ကုသိုလ်ပျောက်သွားတာနဲ့တစ်ပြိုင်နက် လူ့ဘဝပျောက်ပြီးတော့ တိရစ္ဆာန်ဘဝရောက်သွားရနိုင်တယ်။

မိမိတို့ရထားတဲ့ လူ့ဘဝ တန်ဖိုးရှိပါတယ်။ ကုသိုလ်ရှိရင် ရှိသလောက် ကောင်းကောင်းမွန်မွန် ကြိုးစားပြီးပြုလုပ်နိုင်ရင် ပြုလုပ်နိုင်သလောက် ချမ်းသာသုခရနိုင်ပါတယ်။

တိရစ္ဆာန်ကျတော့ ဒီလိုလုပ်ခွင့်မရှိပါဘူး။ ဉာဏ်လည်းမရှိပါဘူး။ ဒါကြောင့် ကုသိုလ်ကောင်းမှုနဲ့နေတဲ့ မိမိတို့ဘဝတန်ဖိုးရှိတယ်ဆိုတာ သိသွားပါပြီ။

တန်ဖိုးရှိတာလေးကို သိပြီးတဲ့နောက် မိမိတို့ဘဝကို တန်ဖိုးထားရမယ်။

ဒါနကုသိုလ် - စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း၊
သီလကုသိုလ် - မိမိသူတစ်ပါး နှစ်ဦးသား မထိခိုက်အောင်ရှောင်ကြဉ်ပြီးနေထိုင်ခြင်း၊
ဘာဝနာကုသိုလ် - အသိဉာဏ်တွေတိုးတက်အောင် ကြိုးစားခြင်းဖြင့် မိမိတို့ဘဝဟာ အပါယ်ခံဘဝ၊ ဆင်းရဲနိမ့်ကျတဲ့ဘဝ ဘယ်တော့မှ မရောက်နိုင်တော့ပါဘူး။

ကုသိုလ်ကောင်းမှုပျောက်ခဲ့ရင်တော့ ဘဝဟာအဆင့်အတန်းနိမ့်ပြီး မိမိတို့ဘဝ ပျောက်ကွယ်သွားရလိမ့်မယ်။ ဒါကြောင့် ဘဝတန်ဖိုးကိုသိပြီး တန်ဖိုးရှိအောင်ကြိုးစားကြပါ။
 
အရှင်ဇောတိက
(ဓမ္မပါရဂူ)

No comments:

Post a Comment