Tuesday, June 25, 2013

ဘဝ (သို့မဟုတ်) အပေါစား ဇာတ်လမ်းတစ်ပုဒ်

"ဘဝ (သို့မဟုတ်) အပေါစား ဇာတ်လမ်းတစ်ပုဒ်"

အပေါစားဇာတ်လမ်းတစ်ပုဒ်ကို ကြည့်ဖူးကြပါသလား။ ကြည့်နေစဉ် မပြီးခင်မှာလည်း အဓိပ္ပါယ်မရှိ၊ တန်ဖိုးမရှိ၊ ကြည့်ပြီးသွားတော့လည်း အဓိပ္ပါယ်မရှိ၊ တန်ဖိုးမရှိ။

တကယ်တော့ လူတွေဟာ ဘဝအထိုထို တန်ဖိုးရှိသည်ဟု ပြောဆိုနေ ကြလေ၏။ အမြင့်မြတ်ဆုံးဘဝ ဘုရားရှင်၊ ဘုရားသခင်နှင့် တမန်တော်များ၊ ထို့နောက် သူတော်စင်ဘဝ၊ သူဋ္ဌေးသူကြွယ်၊ ရာထူးရှင်၊ အာဏာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များဘဝ၊ ထိုထို ဘဝများစွာကို တန်ဖိုးရှိသည်ဟု ပြောဆိုနေကြပေ၏။

ဘဝများစွာဟာလေပူဖောင်းတစ်လုံးပမာ လေရှိနေစဉ် တက်ကြွ
ဖောင်းကားနေသော်ငြားလည်း လေပေါက်သွားသော်၊ သုံးမရ၊ ပြုမရ မတက်မကြွ အသုံးမကျ ဘာအဓိပ္ပါယ်မှလည်း မရှိတော့ပါချေ။ လူ့ဘဝလည်း ထိုနည်းတူစွာ မိမိတို့ရခဲ့ပြီးသော လွန်ခဲ့တဲ့ဘဝများစွာ ဘာမှ သုံးစား မရတော့ပါ။ ယခုဘဝလည်း ရှေးဘဝများနည်းတူပဲ မကြာခင်ကွယ်ပျောက်ပြီး အသုံးမဝင်ဖြစ်ကြရတော့မှာဘဲ။ ဒါကြောင့် ဘဝဆိုတာ အပေါစားဇာတ်လမ်းတစ်ပုဒ်။

ဘဝကိုတန်ဖိုးရှိသည်ထင်ပြီး သေတာတောင်မှ ပြန်ရှင်ထမြောက်ချင် ကြသောသူတွေကလည်း ဒုနဲ့ဒေး။ အချိန်ကျရင် ဘုရားသခင်က တရားစီရင်ကာ ကောင်းကင်ဘုံသို့ ခေါ်တော်မူမှာပဲဟု အယူအစွဲနဲ့ မျှော်လင့်စောင့်စားနေကြတဲ့ အရူးတွေကလည်းများမှများ။ ဒီလိုလူတွေကြားထဲမှာတော့ ဗုဒ္ဓဘုရားရှင်ဟောတော်မူခဲ့သော နိဗ္ဗာန်ချမ်းသာတရားဟာ ပျောက်ကွယ်နေမှာ အမှန်ပါပဲ။

လူ့ဘဝအထွေထွေမှာ လက်နက်ကို တန်ဖိုးရှိသည်ဟု ထင်နေသူများက လက်နက်ကိုဆုပ်ကိုင်ထားကြ၏။ ရာထူးအာဏာကို ဆုပ်ကိုင်ထား ကြ၏။ အတတ်ပညာကို တန်ဖိုးရှိသည်ဟု ထင်နေကြသူများကလည်း အတတ်ပညာကို ရှာဖွေနေကြ၏။ ငွေကြေးဥစ္စာကို တန်ဖိုးရှိသည်ဟု ထင်နေကြသူများကလည်း ငွေကြေးဥစ္စာကို ရှာဖွေကာ ဆုပ်ကိုင် ထားနေကြ၏။ ဘဝခန္ဓာကို တန်ဖိုးရှိသည်ဟုထင်နေကြသူများကလည်း ဘဝခန္ဓာကို တွယ်တာတပ်မက်နှစ်သက်စွာ ဆုပ်ကိုင်နေကြတုန်းပါပဲ။

ကိုယ့်အထင်နဲ့ကိုယ် ဘယ်လိုပဲထင်ထင် ဘယ်လိုပဲ မြင်မြင် ဘဝမှန်သမျှ တန်ဖိုးထားနေကြရင် လေပူဖောင်းကို ခင်နေသလိုပါပဲ။ လေပူဖောင်းကွဲသွားရင် ဝမ်းနည်းတသယူကြုံးမရ
ဖြစ်ကြရတာ။ ပုံပမာအားဖြင့် ဘုရားပွဲက ဝယ်ယူလာတဲ့ လေပူဖောင်းနဲ့ ခုံမင်နှစ်သက်စွာ ဆော့ကစားနေတဲ့ ကလေးငယ်။ ဆူးတစ်ချက်ထိ ဆူးတစ်ချင်ငြိလို့ လေပူဖောင်း ကွဲသွားတဲ့အခါ ဝမ်းနည်းစွာနဲ့ ငိုကြွေးနေရသလိုပါပဲ။

လူ့ဘဝဟာလည်း ကံတစ်ချက်လှည့်တာနဲ့ စိတ်တစ်ချက် ဥတုတစ်ချက်ပြောင်းတာနဲ့ အာဟာရတစ်ချက် တိမ်းစောင်းသွားတာ နဲ့ လေပူဖောင်းကွဲသလို ကွဲကြေသွားရလိမ့်မယ်။ ဒါကြောင့် လေပူဖောင်းနဲ့တူစွာ ဘဝခန္ဓာ ငွေကြေးဥစ္စာအတတ်ပညာ၊ ရာထူးအာဏာ၊ တန်ခိုးအရှိန်အဝါတွေကို သိပ်များများကြီး တန်ဖိုးမထားမိပါစေနဲ့။ ဒါတွေကို တန်ဖိုးကြီးကြီးထားမိရင် မိုက်မဲတဲ့ ကလေးငယ် ငိုကြွေးရသလို ပူဆွေးရသလို မိမိတို့လည်း မလွဲမသွေ ပူပန်မှုတွေနဲ့ ကြုံတွေ့ရမှာ အမှန်ပါပဲ။

မနေ့က ဖြစ်ခဲ့ပြီးတာ ခုချိန်မှာ ဘာအဓိပ္ပါယ်မှ မရှိတော့ပါ။ ယခုဖြစ်နေဆဲမှာလည်း တဒင်္ဂခဏလေးမို့ သိပ်ပြီးအဓိပ္ပါယ်ရှိလှတာ
တော့ မဟုတ်ပါ။ နောင်ဖြစ်လာမယ့်ဟာတွေလည်း မရေရာ မသေချာတာမို့ အဓိပ္ပါယ်အတိအကျ သတ်မှတ်ပြလို့မရပါဘူး။

ဒါကြောင့် ဘယ်အချိန်ကြည့်ကြည့် အဓိပ္ပါယ်မရှိ အနှစ်သာရမရှိတဲ့ အတွက် မိမိဘဝကို အဆင့်မြင့်တယ် ၊ တန်ဖိုးရှိတယ်၊ အဓိပ္ပါယ် အနှစ်သာရရှိတယ်လို့ အတင်းဆွဲယူကာ ဆုပ်ကိုင်မထားကြပါနဲ့။ အကယ်၍ ဇွတ်အတင်းဆုပ်ကိုင်ဆွဲယူထားမိမယ်ဆိုရင်ဖြင့် ဒါဟာ အယူမှား (ဒိဋ္ဌိ)လို့ ဘုရားရှင်က ဟောပြတော်မူခဲ့ပါတယ်။

လူညံ့တွေက လူတော်တွေကို ချီးမွမ်းဂုဏ်ပြုကြပေမဲ့ ညံ့ညံ့တော်တော် အချိန်တန်တော့ အားလုံးပြီးသွားကြ ပျောက်သွားကြတာမို့ ဘာအနှစ်သာရမှမရှိ အနတ္တဟု ဘုရားရှင်က အတိအကျ
ပြောခဲ့တာကိုလည်း သတိထားပြီး နှလုံးသွင်းပေးရမယ်။

အကောင်းလာလာ အဆိုးလာလာ အတော်လာလာ အညံ့လာလာ နောက်ဆုံးမှာ အပျက်ထဲမှာ အားလုံးပေါင်းစုတဲ့အတွက် ဘဝမှန်သမျှဟာ အပေါစားဇာတ်လမ်းတစ်ပုဒ်မျှသာပါပဲ။ ကြည့်နေဆဲလည်းဘာမှမဟုတ် ကြည့်ပြီးသွားတော့လည်း ဘာမှမဟုတ်။

ဒါကြောင့် ဘဝကို တန်ဖိုးထား ဂုဏ်ယူဝင့်ကြွားနေတဲ့ မာန၊ ခုံမင်တွယ်တာ ပျော်ရွှင်နေပါတဲ့ တဏှာ၊ ဆုပ်ယူကာ အတည်ပြုတဲ့ ဒိဋ္ဌိတွေကို ကျော်လွှားနိုင်ဖို့ မိမိရဲ့ဘဝဖြစ်စဉ်ကို အပေါစား ဇာတ်လမ်း တစ်ပုဒ်ကို ကြည့်ရသလို မြင်အောင်ကြိုးစားရမယ်။

ဒီလောက်ပြောရုံမျှမရ၊ သင်တို့ခန္ဓာကိုယ်ကို တန်ဖိုးထားကာ သ နေကြဦးမယ်ဆိုရင် ဓမ္မပဒပါဠိတော်မှာလာတဲ့ ပူတိဂတ္တတိဿရဟန်းကို ဟောကြားခဲ့တဲ့တရားတော်ကို သတိထားကာနှလုံးသွင်း ဆင်ခြင်ပေးရမယ်။ တကယ်တော့ သင်တို့ တန်ဖိုးထားတဲ့ ခန္ဓာကိုယ်ဟာ စိတ်ရှိနေလို့သာပေါ့။ စိတ်သာမရှိတော့ရင် ဘာမှ သုံးမရ စက်ဆုပ်စရာအသုဘ တန်ဖိုးမရှိတဲ့ ဘဝဆိုတာ သင်တို့ရဲ့ရှေ့က ကွယ်လွန်သွားကြတဲ့ ဘိုးဘွား မိဘ ညီအစ်ကို မောင်နှမ ဆွေမျိုးသားချင်း မိတ်ဆွေသင်္ဂဟတို့ရဲ့ အသုဘခန္ဓာကိုယ်တွေက ပြပြသွားကြတာပဲ။

တန်ဖိုးရှိတယ်လို့ထင်သူတွေ သတိသာထားကြပေတော့။ ကိုယ့်ကိုယ်ကို အသုံးကျတယ်လို့ ထင်သူတွေ သတိသာ ထားကြပေတော့။ ကိုယ့်ကိုယ်ကို အဓိပ္ပါယ်ရှိသူလို့ ထင်သူတွေ သတိသာထားကြပေတော့။

စိတ်ရှိလို့သာ ခန္ဓာကိုယ်ဟာ အသုံးဝင်သယောင်ယောင် သရုပ်ဆောင်ပြနေတာ။ စက်ဆုပ်စရာနဲ့ အသုံးမကျ တန်ဖိုးမရှိတဲ့ အခြေအနေကိုဖုံးဖိပြီး အတင်းအဓမ္မ ဇာတ်လမ်းဇာတ်ကွက် ဆင်ပြီး ပြနေရတဲ့အတွက် ဘဝခန္ဓာလှုပ်ရှားမှု ဖြစ်ပေါ်သမျှဟာ အပေါစားဇာတ်လမ်းတစ်ပုဒ်မျှသာပါပဲ။

မူရင်းမကောင်းရင် မိတ္တူလည်းမကောင်းတာမို့ မူရင်းဘဝခန္ဓာကမှ မကောင်းဘဲ၊ မိတ္တူဖြစ်တဲ့ ကုသိုလ်နဲ့ အကုသိုလ် ကောင်းကောင်း၊ ဆိုးဆိုး၊ တော်တော်၊ ညံ့ညံ့ တွေဟာလည်း ဘာမှကောင်းတယ်လို့ ယူဆလို့ မရနိုင်တော့ပါ။

ဒါကို သိမြင်တော်မူခဲ့သော ဘုရားရှင်နဲ့ ရဟန္တာသခင်တွေဟာ သူတို့ရဲ့ အပေါစားဇာတ်လမ်းတွေကို ဆက်လက်မက လိုတော့ဘဲ ချုပ်ငြိမ်းရုပ်သိမ်းကာ မဟာပရိနိဗ္ဗာန်ဝင်စံသွားကြတော့တာပါပဲ။

ဒါကြောင့် သင်တို့သည်လည်းပဲ မမောတမ်း မပန်းတမ်း မနားတမ်း ကပြနေရတဲ့ဘဝ သို့မဟုတ် အပေါစားဇာတ်လမ်းတစ်ပုဒ်ကို ရပ်တန်းက ရပ်သင့်ပြီဟု သတိပေးလိုက်ရပါတယ်။

**** ပူဖောင်းပမာ တို့ခန္ဓာ၊ သတိရှိကြပါ။ ***

အရှင်ဇောတိက
(ဓမ္မပါရဂူ)

No comments:

Post a Comment