မြို့ပြမြေပြန်လည်ညှိနှိုင်းပြင်ဆင်သတ်မှတ်မှုစီမံချက်
မြို့ပြစီမံကိန်းရေးဆွဲခြင်း city planning ကို ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် စတင် ရေးဆွဲ အကောင်အထည် ဖေါ်နေပြီလို့ သိရပါတယ်။ ပြည်နယ်နှင့် တိုင်းဒေသကြီး မြို့ကြီးများတွင်လည်း ဆောင်ရွက်ရန် စီစဉ် နေပြီလို့ သိရှိရတဲ့အတွက် မြို့ပြစီမံကိန်းရေးဆွဲခြင်း လုပ်ငန်းစဉ်တွေထဲက တစ်ခုဖြစ်တဲ့မြို့ပြမြေ ပြန်လည်ညှိနှိုင်းပြင်ဆင်သတ်မှတ်မှု စီမံချက်အကြောင်း သိသမျှဝေမျှလိုက်ပါတယ်။
Land Readjustment နမူနာပုံစံ
အထက်ပါပုံကိုကြည့်ရင် စီမံချက်မစတင်မီက တည်ရှိတဲ့မြို့ပြလမ်းဟာ ညီညာဖြောင့်တန်းမှုမရှိခြင်း ဆက်သွယ်မှုလမ်းကြောင်းရှည်လျားခြင်း ကျဉ်းမြောင်းခြင်းတို့ကို တွေ့ရှိရမှာဖြစ်ပါတယ်။ အဲဒီလိုအခြေအနေတွေကြောင့် မြို့ပြအင်္ဂါရပ်တစ်ခုဖြစ်တဲ့ convenience အဆင်ပြေမှု အချက်ကို ထိခိုက်လျက်ရှိပြီး သွားလာဆက်သွယ်မှု အဆင်မပြေဖြစ်နေပါတယ်။ Re-plotting လို့ခေါ်တဲ့ မြို့ကွက် ပြန်လည်ရေးဆွဲပြီး မြေကို အကွက်ကျကျပြန်လည် သတ်မှတ်ပေးလိုက်တဲ့အခါမှာ လူထု အထောက်အကူပြု မြို့ပြအဆောက်အအုံတွေဖြစ်တဲ့ လမ်း၊ ပန်းခြံ စသည်တို့ကို စနစ်တကျ တည်ဆောက်နိုင်တာကိုတွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီလို ပြန်လည်ညှိနှိုင်း ပြင်ဆင်သတ်မှတ် ဆောင်ရွက်မှုအတွက် လိုအပ်တဲ့ ရန်ပုံငွေကို ပေါ်ထွက်လာတဲ့ အရန်မြေကွက်များကနေ အသုံးပြုနိုင်ပါတယ်။ ဒီလိုစီမံချက်မျိုးကို မြို့ဟောင်းများ စနစ်တကျဖွံ့ဖြိုးမှုမရှိတဲ့ မြို့သစ်များ ကျေးရွာမှမြို့ဖြစ်လာတဲ့မြို့များကို ပြန်လည်ဖွံ့ဖြိုးရေးပြုလုပ်တဲ့အခါမှာ အသုံးပြုနိုင်ပါတယ်။ မြေပိုင်ရှင်များအနေနဲ့ ဒီလိုစီမံချက်ကြောင့် ပိုင်ဆိုင်တဲ့ မြေဧရိယာ လျော့နည်းသွားပေမယ့် မြို့အင်္ဂါရပ်နဲ့အညီ ဖွံ့ဖြိုးလာမှုကြောင့် မြေကွက်တန်ဖိုးများ မြင့်တက်လာပြီး ပိုင်ဆိုင်မှုအရင်းအနှီးအနေနဲ့ ပိုမိုမြင့်မားလာမှာဖြစ်ပါတယ်။ စစ်ပြီးခေတ် ဂျပန်နိုင်ငံကို ပြန်လည်တည်ထောင်ချိန် မြို့ပြစီမံကိန်း လုပ်ငန်းဆောင်ရွက်ရာမှာ ဒီလိုစီမံချက်ကို အောင်မြင်စွာ အသုံးချခဲ့တယ်လို့သိရပါတယ်။

No comments:
Post a Comment