ထင်းရူးမြို့တော်မှ ဗုဒ္ဓနေ့
ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် မြန်မာနိုင်ငံတစ်ဝှန်းလုံး၌ ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပကြလေ့ရှိသော်လည်း ထင်းရူးမြို့တော် ကလောမြို့တွင်မူ တစ်မူထူးခြားစွာ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယပွဲတော်ကို မြို့လုံးကျွတ် ကျင်းပကြသည်ကို တွေ့ရှိရပါတယ်။
မြို့ပေါ်ရပ်ကွက်များ ဌာနဆိုင်ရာများနဲ့ မြို့ပေါ်ရှိ စစ်ဦးစီးတက္ကသိုလ်နှင့် တပ်ရင်းများက မြို့လယ်ဓမ္မာရုံတွင် အပူဇော်ခံထားသော နှစ်ကျိပ်ရှစ်ဆူဘုရား ရုပ်ပွားတော်များကို ကဆုန်လဆန်း (၁၃)ရက်နေ့တွင် မိမိတို့ တည်နေရာယာယီစံကျောင်းတော်သို့ ပင့်ဆောင်အပူဇော်ခံ ထားရှိကာ ပရိတ် ပဌာန်း ဓမ္မစကြာတရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း အနေကဇာတင်ခြင်းများ ဆောင်ရွက်ကြပြီး ကဆုန်လပြည့်ညတွင် မူလကျိန်းဝတ်ရာ ဓမ္မာရုံသို့ ပြန်လည် ပို့ဆောင်ကြရာတွင် မြို့တွင်း လှည့်လည် အပူဇော်ခံခြင်းဖြင့် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်ကျင်းပကြခြင်း ဖြစ်ပါတယ်။
ယခုနှစ်တွင်မူ ကဆုန်လပြည့်နေ့ နေ့လယ်ပိုင်းမှ စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် ကဆုန်လပြည့်ကျော်(၁)ရက် ညမှသာ ဘုရားပွဲ လှည့်လည်နိုင်ခဲ့ပေမယ့် ယခင်နှစ်များနည်းတူ မြို့လုံးကျွတ် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း တင်ပြလိုက်ပါတယ်။
No comments:
Post a Comment