Sunday, November 27, 2011

Bus Rapid Transit (BRT) System

အမြန်သွားဘတ်(စ်)ကား ပို့ဆောင်မှုစနစ်

EST သဘာဝပတ်ဝန်းကျင် ရေရှည်တည်မြဲစေသော သယ်ယူပို့ဆောင်မှု၏ သမူဟမဟာဗျူဟာ (၁၂)ချက် အနက်မှ တစ်ခုဖြစ်သည့် Public Transport Planning and Transport Demand Management(TDM) (လူထု သယ်ယူပို့ဆောင်ရေး အစီအမံနဲ့ သယ်ယူပို့ဆောင်ရေး လိုအပ်ချက် စီမံခန့်ခွဲမှု)ကို အကောင် အထည် ဖေါ်ရာတွင် ကမ္ဘာ့နိုင်ငံအများအပြား၌ အအောင်မြင်ဆုံးနည်းလမ်း တစ်ခုဖြစ်သည့် Bus Rapid Transit (BRT) System (အမြန်သွားဘတ်(စ်)ကား ပို့ဆောင်မှုစနစ်) ကို တင်ပြလိုပါတယ်။ တစ်ကယ်တော့ BRT ဆိုတာ စရိတ်စကကုန်ကျမှု အနည်းဆုံးနဲ့ အခြေခံအဆောက်အဦ လိုအပ်ချက်မရှိသလောက်နဲ့ သာမန် ဘတ်(စ်)ကား ပို့ဆောင်မှုစနစ်ကို ပိုမိုလျင်မြန်စွာ ပိုမိုအကျိုးဖြစ်ထွန်းစွာ သယ်ယူပို့ဆောင်နိုင်အောင် စနစ်တကျ ပြုပြင် ပြောင်းလဲပေးတဲ့ စနစ်ဖြစ်ပါတယ်။ မြို့ပြသယ်ယူပို့ဆောင်ရေး စနစ်တစ်ခုမှာ ရှိနေပြီးသား ဖြစ်တဲ့ အခြေခံအဆောက်အဦ (လမ်းတံတား ကားမှတ်တိုင် စသည်) နဲ့ ဘတ်(စ်)ကား တွေကိုပဲ အသုံးပြုပြီး ပိုမိုလျင်မြန်တဲ့ Rail Transit (ရထားပို့ဆောင်မှု) ပုံစံ ဖြစ်အောင် ပြင်ဆင်ပေးလိုက်တဲ့ အခါမှာ BRT စနစ်ဖြစ်လာပါတယ်။ အဓိကပြောင်းလဲမှုကတော့ ဘတ်(စ်)ကားလမ်း ကို သီးခြား သတ်မှတ်ပေး လိုက်တာပဲဖြစ်ပါတယ်။ (ရန်ကုန်မြို့တော်မှာလည်း အဲဒီနည်းလမ်းဆန်ဆန် ဘတ်(စ်)ကား လမ်းကြောင်းကို မျဉ်းအ၀ါနဲ့ရေးဆွဲ သတ်မှတ်ခဲ့ဖူးပါတယ်။) အဲဒီဘတ်(စ်)ကားလမ်းကို အခြားယာဉ်တွေ မ၀င်ရောက်နိုင်အောင် ဘတ်(စ်)ကားတွေလည်း မထွက်နိုင်အောင် ကာရံထားပေးပြီး လမ်းကြောင်းကို လည်း ကားတစ်စီးစာ အကျယ်ပဲ လုပ်ပေးထားပါတယ်။ ပြီးတော့ အခြားယာဉ်တွေအတွက် သွားလာရေးလည်း မထိခိုက်အောင် ဘတ်(စ်)ကား မှတ်တိုင်တွေကို ပုံမှန်အားဖြင့် လမ်းအလယ်မှာ ဆောက်လုပ်ထားပေးလေ့ ရှိပါတယ်။ BRT စနစ်ကို ၁၉၇၄ခုနှစ်လောက်က ဘရာဇီးနိုင်ငံမှာ စတင်အသုံးပြုခဲ့ပြီး နောက်ပိုင်းမှာ မြောက်အမေရိက၊ ဥရောပနဲ့ သြစတေးလျ တို့ထိ တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိပြီး အဲဒီနိုင်ငံတွေမှာ Busway, Quality Bus လို့လည်း ခေါ်ဝေါ်ကြပါတယ်။ အောင်မြင်တဲ့ စနစ်မှာဆိုရင် သယ်ယူပို့ဆောင်မှုနှုန်းဟာ တစ်နာရီကို (၁၇)မိုင်ကနေ မိုင်(၃၀)ကြားထိရှိပါတယ်။ အာရှမှာ ဆိုရင် ဂျပန်၊ တရုပ်၊ အိန္ဒိယနဲ့ အင်ဒိုနီးရှားတို့မှာ အသုံးပြုလျက်ရှိပါတယ်။ ဂျပန်နိုင်ငံမှာဆိုရင် BRT ယာဉ်တွေဟာ မြေအောက်မီးရထားတွေလို မှတ်တိုင်မှာ ဘတ်(စ်)ကား ရောက်ရှိမယ့် အချိန်စာရင်းတွေ ရေးထားပြီး ဘတ်(စ်)ကားတွေကလည်း အဲဒီအချိန်တွေ အတိုင်း ရောက်ရှိအောင် မောင်းနှင်နိုင်တဲ့အထိ ဆောင်ရွက်နိုင်နေပြီဖြစ်ပါတယ်။ ခရီးသည်အများစုကို အချိန်တိုအတွင်း ထိထိရောက်ရောက် လျင်လျင်မြန်မြန် ပို့ဆောင်ပေးနိုင်တဲ့ BRT စနစ်ကို မြန်မာနိုင်ငံမှာ အကောင်အထည် ဖေါ်နိုင်မယ်ဆိုရင် အချိန်ကြာမြင့်စွာ ဘတ်(စ်)ကားစောင့်ရ စီးရတဲ့ဒုက္ခတွေ တစ်စီးနဲ့တစ်စီး အပြိုင်မောင်းလို့ ဘုရားတနေရတဲ့ဒုက္ခတွေ ငါးပိသိပ် ငါးချဉ်သိပ် တိုးဝှေ့စီးရတဲ့ဒုက္ခတွေက လွတ်ကင်းနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
 အမေရိကန်နိုင်ငံ၌  Bus Rapid Transit ပေါင်း(၄၈)ခုအသုံးပြုလျက်ရှိပါတယ်။
အိန္ဒိယနိုင်ငံဒေလီမြို့က Bus Rapid Transit
တရုပ်နိုင်ငံ ကျန်စုမြို့က Bus Rapid Transit
ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့တော်က Bus Rapid Transit
တောင်အာဖရိကနိုင်ငံမှ Bus Rapid Transit

1 comment:

  1. ထပ်ဆင့် ရှယ်သွားပါတယ်၊ ကျေးဇူးတင်ရှိပါတယ်၊( မြ၀တီ)

    ReplyDelete