Friday, November 11, 2011

မြို့တော်ပုသိမ်က မီးမျှောပွဲ

ပထမအကြိမ် ရှင်ဥပဂုတ္တမထေရ်မြတ်ပူဇော်ပွဲနှင့် ဆီမီးတစ်သိန်းမီးမျှောပွဲ

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဘေးဥပဒ်အန္တရာယ် အမျိုးမျိုးမှ ကင်းလွတ်ကာ အေးချမ်းစည်ပင် ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်လျက် ပထမအကြိမ် ရှင်ဥပဂုတ္တမထေရ်မြတ်ပူဇော်ပွဲနှင့် ဆီမီးတစ်သိန်းမီးမျှောပွဲကို ယနေ့ ညနေ(၆)နာရီမှ (၇း၃၀)နာရီအထိ နေရာအသီးသီး၌ ကျင်းပခဲ့ရာ အဓိကအခမ်းအနားနေရာဖြစ်သော မြို့တော်ခန်းမရှေ့ရင်ပြင်တွင် အထူးစည်ကားခဲ့သည်ကိုတွေ့ရှိရပါတယ်။ နိဗ္ဗာန်ဈေးပွဲတော်ကို ယင်းနေရာမှ ရေဆင်းတန်ဆောင်းရှေ့ထိ ဆိုင်ပေါင်း(၁၄)ဆိုင်ခွဲ၍ တပြိုင်နက်ကျင်းပခဲ့ပါတယ်။ ပထမဦးစွာ ရပ်ကွက်အသီးသီးမှ လူအင်အား တစ်ထောင်ကျော်ဟာ ဦးလူတံတားအနီး လှေအစီးပေါင်း(၁၅၀)ကျော်ကနေ ဆီမီးခွက် နှစ်သောင်းကို မျှောချခဲ့ပါတယ်။ အဲဒီဆီမီးခွက်များဟာ င၀န်မြစ်အတွင်း မီးပင်လယ်တစ်ခုကဲ့သို့ မျောပါလာပြီး နောက်မှာ ရှင်ဥပဂုတ္တဖောင်တော် လိုက်ပါလာခဲ့ကာ မြို့တော်ခန်းမရှေ့သို့ရောက်ရှိချိန်မှာ မေတ္တာဦး တံတားပေါ်မှ မီးရှူးမီးပန်းများကို ပစ်ဖေါက်ပူဇော်ခဲ့ကြပါတယ် ဖောင်တော်နောက်ကနေ မော်တော်များဖြင့် ဓမ္မစကြာအဖွဲ့များကရွတ်ဆိုခြင်း ယိမ်းအကအဖွဲ့များက ယိမ်းကဖြင့်ပူဇော်ခြင်းတို့ဖြင့် လိုက်ပါခဲ့ကြပါတယ်။ ထိုအချိန်တွင် ကမ်းနားရင်ပြင်ရှိ ဆင်ဖြူတော်ယိမ်းအဖွဲ့မှ ကပြဦးခိုက်ကာ မြို့တော်ခန်းမပေါ်မှ မြန်မာသံတေးဂီတအဖွဲ့ကလည်း ဓမ္မပူဇာတေးများကို သီကျူးပူဇော်သကဲ့သို့ ရေဆင်းတန်ဆောင်းရှိ သံဃာတော်(၁၁)ပါးကလည်း ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ခဲ့ကြပါတယ်။ ကမ်းနားရင်ပြင် တံတားကနေ တာဝန်ရှိသူများက ဆီမီးခွက်(၂၀၀၀)ကို ထပ်မံမျှောချပေးခဲ့ပြီး ကျန်ဆီမီးခွက်များကို ဦးလူတံတားရှိ လှေများမှ ထပ်မံမျှောချခဲ့ကြတဲ့အတွက် ဆီမီးခွက်တစ်သိန်းသည် င၀န်မြစ်ကြောအတွင်း စုန်ဆင်းမျှောပါနေပုံကို ကမ်းလုံးညွတ်မျှ လာရောက်ကြသူ မြို့တော်သူ/သားများမှာ အထူး ၀မ်းမြောက်ကျေနပ်ဂုဏ်ယူစွာ လက်ခုပ်သြဘာများတီး၍ ကြည့်ရှုအားပေးခဲ့ကြပါတယ်။ မီးကြာခွက်များ တိုင်းမှူးသင်္ဘောဆိပ် အရောက်တွင် သင်္ဘောဆိပ်ပေါ်မှ မီးရှူးမီးပန်းများကိုပစ်ဖေါက်ခဲ့ကြပါတယ်။ ပထမဆုံးအကြိမ် ကျင်းပသော ပွဲတော်ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် အကြီးကျယ်ဆုံးဟု ဆိုရလောက်သော မီးမျှောပွဲကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းဟာ ပုသိမ်မြို့တော်သူ/သားများရဲ့ ညီညွတ်မှုကြောင့်ဖြစ်ပါတယ်။ အဝေးရောက် မြို့တော်သူ/သားများအတွက် ဂုဏ်ယူဝမ်းမြောက်နိုင်အောင် ပုံအချို့တင်ပေးလိုက်ပါတယ်။ ပိုကောင်းတဲ့ပုံတွေရရင်လည်း ထပ်တင်ပေးပါဦးမယ်။

No comments:

Post a Comment