Friday, November 4, 2011

Concept of Regional Development

ဒေသဖွံ့ဖြိုးရေးအသိသညာ

ကုလသမဂ္ဂ ဒေသဖွံ့ဖြိုးရေးဗဟိုဌာန United Nations Center for Regional Development ၏ လုပ်ငန်းများတွင် အပြည်ပြည်ဆိုင်ရာ သင်တန်း International Training Course တစ်ခုဖွင့်လှစ်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများမှ ဗဟိုနှင့် ဒေသအစိုးရများ၏ အလယ်အလတ်ဆင့် အရာထမ်းများကို ခေါ်ယူတွေ့ဆုံစေကာ အသိပညာများဖလှယ်ခြင်း၊ မျှဝေပေးခြင်း၊ ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို သင်ခန်းစာယူလေ့လာစေခြင်းများကို ၁၉၇၁ခုနှစ်ကတည်းကစတင် ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံမှ အခါအားလျော်စွာ တက်ရောက်ခွင့်ရခဲ့ပါတယ်။ (၂၄.၅.၂၀၁၀)မှ(၂၅.၆.၂၀၁၀)ထိ ဖွင့်ခဲ့တဲ့ ITC-38 ကို တက်ရောက်ခဲ့တဲ့သူ အနေနဲ့ ဒေသဖွံ့ဖြိုးရေး RD ကို တင်ပြလိုတဲ့အတွက် ဤဘလော့ကို ရေးသားခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် လိုရင်းမရောက်ဘဲ ဘလော့ကို ရှင်သန်နေဖို့ အခြားကဏ္ဍတွေနဲ့ ၀န်းရံပေးခဲ့ရပါတယ်။ အခုမှစပြီး တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
Concept of Regional Development of UNCRD
အပေါ်ပုံက RD ရဲ့အနှစ်ချူပ်ဖေါ်ပြချက်ဖြစ်ပါတယ်။ ဒီအသိသညာအရ ဒေသဖွံ့ဖြိုးရေးဆိုတာ ဒေသတွင်းကလူထုရဲ့ လူနေမှုအဆင့်အတန်း မြှင့်တင်ရေးပဲဖြစ်ပြီး အဲဒီရည်ရွယ်ချက်ကို ဒေသရဲ့ အရင်းအမြစ်ကို ထိန်းသိမ်းခြင်း၊ အသုံးချခြင်းနဲ့ ဆင်းရဲချမ်းသာကွာဟမှု ကြီးမားခြင်းမှ တားဆီးပေးခြင်းဖြင့် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ထူးခြားတာက ဒေသရဲ့ အရင်းအမြစ်ကို ထိန်းသိမ်းခြင်းနဲ့ အသုံးချခြင်းပဲဖြစ်ပါတယ်။ ဆန့်ကျင်ဘက်လုပ်ငန်းနှစ်ခုကို ပူးတွဲလုပ်ဆောင်ရမယ့်သဘော ဖြစ်ပါတယ်။ မည်သည့်ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းမဆို အရင်းအမြစ်ကို မသုံးဘဲ မတည်ဆောက်နိုင်ပါဘူး။ အရင်းအမြစ်ဆိုရာမှာ လူနဲ့ သဘာဝပတ်ဝန်းကျင်နှစ်မျိုးလုံး ပါပါတယ်။ (အရင်းအမြစ်အကြောင်းကို သီးခြားတင်ပြပါဦးမယ်) သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ရင် ဖွံ့ဖြိုးတိုးတက်မှုအတွက် အသုံးပြုကိုပြုရမယ့် အရင်းအမြစ်အဖြစ်ခံယူရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်အစွန်းမရောက်ဘို့လိုပါတယ်။ သဘာဝပတ်ဝန်းကျင်ကို လုံးဝမတို့မထိဘဲ ထားရမယ် ထိန်းသိမ်းရမယ်ဆိုတဲ့ အတွေးဟာလည်း အစွန်းရောက်ပါတယ်။ အဲဒီအတွေးဟာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အတားအဆီးဖြစ်ပါတယ်။ အဲဒီအတွေးအတိုင်းသာ ကျင့်သုံးခဲ့ကြမယ်ဆိုရင် ကမ္ဘာကြီးဟာ အခုအချိန်ထိ ကျောက်ခေတ်မှာပဲ ရှိနေဦးမှာပါ။ နောက်တစ်ခုက ဖွံ့ဖြိုးတိုးတက်ရေးသာအဓိက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစရာမလိုဘူး လိုအပ်သလို သုံးပစ်ရမယ်ဆိုတဲ့ အတွေးဟာလည်း အစွန်းရောက်ပါတယ်။ (အစွန်းရောက်တယ်သာဆိုရတယ် တစ်ကမ္ဘာလုံးက လက်ခံခဲ့တဲ့အတွေးဖြစ်ပါတယ်။ အထူးသဖြင့် စက်မှုဖွံ့ဖြိုးတဲ့နိုင်ငံတွေဟာ ပြီးခဲ့တဲ့ ၁၈ ၁၉ ၂၀ ရာစုတွေမှာ ဒီအတွေးတွေနဲ့ သူတို့နိုင်ငံတွေကို ဖွံ့ဖြိုးပြီးနိုင်ငံတွေဖြစ်အောင် လုပ်ခဲ့ကြတာပါ။ အခုလည်းဒီအတွေးကို လုံးဝစွန့်လွှတ်လိုက်ပြီလို့ ယူဆလို့မရသေးပါဘူး။ ဒါကသူတို့အပိုင်းပါ။) သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစရာ မလိုဘူးလို့ တွေးခဲ့ကြလို့ အခုလို Global warming and Climate change တို့ Green house Gases emission တို့ Deicing iceberg တို့ ဒီနေ့ကမ္ဘာမှာ ဒုက္ခတွေကြုံ နေရတာဖြစ်ပါတယ်။ အဲဒီအတွေးကို မစွန့်လွှတ်ကြရင် နောင်လာနောက်သားတွေ အတွက် နေစရာ နေရာရှိမှာ မဟုတ်တော့ပါဘူး။ အဲဒီအစွန်းနှစ်ခုကိုရှောင်နိုင်မှ ရေရှည်တည်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်မှု Sustainable Regional Development ရရှိမှာဖြစ်ပါတယ်။

No comments:

Post a Comment