Monday, March 19, 2012

Tineayeyar FOC clinic of Pathein city

တိုင်းဧရာအခမဲ့ဆေးခန်းဖွင့်ပြီ

  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သော ၀င်ငွေနည်း ပြည်သူများအတွက် တိုင်းဧရာ အခမဲ့ဆေးခန်းကို ယနေ့ နံနက်(၈)နာရီက ယင်းဆေးခန်းရှေ့မှာ ကျင်းပခဲ့ပါတယ်။

ကုန်သည်လမ်းက ယခင်တိုင်းဒေသပါတီကော်မတီရုံးဟောင်းမှာဖွင့်လှစ်ထားပါတယ်
  မြို့တော်ပုသိမ်မှာ ၀င်ငွေမြင့်မားသူပြည်သူများအတွက် နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကဆေးရုံကြီးတစ်ခုကို တည်ဆောက်နေဆဲဖြစ်ပြီး (သတင်းဖေါ်ပြပြီး) ၀င်ငွေနည်းပြည်သူများအတွက်ပါ မမေ့မလျော့ဖြင့် သင့်လျော်သော ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ဆောင်ရွက်မှုကို ပြည်သူအများက ၀မ်းပန်းတသာကြိုဆို ပူးပေါင်း ဆောင်ရွက်ကြတဲ့အတွက် ဆေးခန်းဖွင့်လှစ်သည့် နေ့မှာပင် ပင်မရန်ပုံငွေအတွက် လှူဒါန်းငွေ စုစုပေါင်း (၂၅၇)သိန်း မတည်နိုင်ခဲ့ပါတယ်။ 

အလှူရှင်တစ်ဦးကလှူဒါန်းရခြင်းကိုရှင်းလင်းပြောကြား
လူနာမှတ်ပုံတင်ရန်နေရာ
အနောက်တိုင်းဆေးဝါးများ
တိုင်းရင်းဆေးနှင့် လူနာစမ်းသပ်ကုတင်
ဆေးကုခန်းအတွင်းကလူနာကုတင်မျာါး
  တိုင်းဧရာအခမဲ့ဆေးခန်း ဖွင့်လှစ်နိုင်ရေးအတွက် အဆောက်အအုံ ဆေးခန်းသုံးပစ္စည်းများနှင့် ဆေးဝါးများ အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အကြီးအကဲက ငွေကျပ်သိန်း(၈၀)ကျော် အကုန်ကျခံ သုံးစွဲခဲ့ကြောင်းနှင့် လစဉ် ဆေးခန်းအတွက် ငွေကျပ်သိန်း(၅၀) အသုံးပြုနိုင်ရေး အစီအမံများ ဆောင်ရွက်ထားကြောင်း သိရှိရပါတယ်။ ဆေးခန်းကို တနင်္ဂနွေနေ့မှအပ နေ့စဉ်ဖွင့်လှစ်သွားမှာဖြစ်ကြောင်း နံနက်(၉)နာရီမှ နေ့လယ်(၁၂)နာရီအထိ တိုင်းရင်းဆေးသမားတော်များနှင့် မွန်းလွဲ(၂)နာရီမှ ညနေ(၅)နာရီအထိ အနောက်တိုင်း ဆရာဝန်များက လူနာများကို စမ်းသပ်စစ်ဆေးခြင်း၊ ကုသခြင်း၊ ဆေးဝါးများပေးခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိပြီး စေတနာရှင် ပြည်သူများက ငွေကြေး၊ လုပ်အား၊ ဆေးဝါးနှင့် ပစ္စည်းများ လှူဒါန်းနိုင်ပါကြောင်း တင်ပြလိုက်ပါတယ်။

Paypin bridge is going to be opened soon

ပေပင်မြစ်ကူးတံတားမကြာခင်ဖွင့်မည်

  မြို့တော်ပုသိမ်နဲ့ ငပုတောမြို့တို့ကို ကုန်းလမ်းကနေ ဆက်သွယ်သွားလာနိုင်ဖို့ (၂၁)မိုင်ကျော်ရှည်တဲ့ ကားလမ်းတစ်ခုကို နာဂစ်လွန်ကာလမှာ စတင် အကောင်အထည်ဖေါ်ခဲ့ရာ ကတ္တရာခင်းကားလမ်း ပြီးစီးပြီဖြစ်ပြီး လမ်းပေါ်မှာရှိနေတဲ့ ပေပင်မြစ်နဲ့ သက္ကယ်သောင်မြစ်ကူး တံတားနှစ်စင်းအနက် အရှည်ပေ(၈၀၀)ရှိတဲ့ ပေပင်မြစ်ကူး တံတားကို တည်ဆောက်ပြီးစီးပြီ ဖြစ်လို့ မကြာခင် ဖွင့်လှစ်တော့မှာ ဖြစ်ကြောင်း သိရှိရပါတယ်။

ပေပင်မြစ်ကူးတံတား
  မကြာခင်ဖွင့်လှစ်မယ့် ပေပင်မြစ်ကူးတံတားသည် မြို့တော်ပုသိမ်မှ(၅)မိုင်အကွာ ကန်ကြီးထောင့်မြို့နယ် ရှမ်းရွာအနီးတွင် တည်ရှိပြီး  ယခင် ပုသိမ် ရှမ်းရွာသွား ကားလမ်းအတိုင်းသွားပြီး ရှမ်းရွာမရောက်ခင် မိုင်ဝက်ခန့်အလိုတွင် ချဉ်းကပ်လမ်းခွဲထွက် ဆက်သွယ်ထားသော တံတားဖြစ်ကြောင်းနှင့် တည်ဆောက်ဆဲ သက္ကယ်သောင်တံတား ဖွင့်လှစ်ပြီးပါက မြို့တော်ပုသိမ်မှ ငပုတောမြို့သို့ တစ်နာရီအတွင်း သွားရောက်နိုင်မှာ ဖြစ်ကြောင်း သိရှိရပါတယ်။

Tuesday, March 13, 2012

ကျောင်းဆောင်သစ်ပန္နက်တော်တင်မင်္ဂလာ မြို့တော်ပုသိမ်မှာ

အစိုးရနဲ့ပြည်သူ ညီတူကြိုးစား ကျောင်းများသစ်လွင် မြို့တော်ပုသိမ်တွင်

  မြို့တော်ပုသိမ် အမှတ်(၁)ရပ်ကွက် အမက(၁၄)ကျောင်းဝင်း အတွင်း၌ အတိုင်းအတာ ၅၃ပေx၃၅ပေ နှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ရန် အတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်တွင် ယင်းကျောင်းဝင်းအတွင်း သတ်မှတ်နေရာမှာ ကျင်းပခဲ့ပါတယ်။

ပန္နက်တင်မင်္ဂလာကျင်းပစဉ်
  ထို့နောက် ကျောင်းခန်းမအတွင်း၌ ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် အလှူငွေ ပေးအပ်ပွဲကို ဆက်လက် ကျင်းပခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ အကြီးအကဲက ထောက်ပံ့ငွေကျပ်သိန်း(၉၀)ကို ပေးအပ် လှူဒါန်းခဲ့ပြီး ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့် အလှူရှင်များက အလှူငွေကျပ်သိန်း(၃၀)ကို ဆက်လက် လှူဒါန်းခဲ့ကြောင်း သိရှိရပါတယ်။ မြို့တော်ပုသိမ်ရှိ ဥပဓိရုပ် မကောင်းသော မူလတန်းကျောင်း (၅၈)ကျောင်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပြုပြင်မွမ်းမံမှုများ ပြုလုပ်လျက်ရှိရာ ယင်းကျောင်းလည်း တစ်ကျောင်းအပါအ၀င် ဖြစ်ပါတယ်။

အလှူငွေပေးအပ်ပွဲအခမ်းအနား
  ယင်း နှစ်ထပ်ကျောင်းဆောင်သစ်ကို ကိုယ့်အားကိုယ်ကိုး တည်ဆောက်နေခြင်းဖြစ်ပြီး စုစုပေါင်းကုန်ကျငွေ ခန့်မှန်း သိန်း(၁၆၀)ခန့်ကုန်ကျမှာ ဖြစ်တဲ့အတွက် ကျောင်းသားဟောင်းများနှင့် စေတနာရှင်များက မြို့နယ်ပညာရေးမှူး ထံ ဆက်သွယ်လှူဒါန်းနိုင်ကြကြောင်း သိရှိရပါတယ်။

Sunday, March 11, 2012

Nun's water theraphy treatment in Pathein City

မြို့တော်ပုသိမ်တွင် သီလရှင်ဆရာလေး၏ မေတ္တာရေစင်ဖြင့် ဆေးကုသ

  မြို့တော်ပုသိမ် ရပ်ကွက်(၂)နယ်မြေရှိ နိဂြောဓါရုံ ညောင်ပင်သာ ပရိယတ္တိစာသင်တိုက်တွင် သာသနာပြု သီလရှင် ဆရာလေး ဒေါ်သုနန္ဒာက ၈.၃.၂၀၁၂ မှ ၁၁.၃.၂၀၁၂ ရက်နေ့ထိ (၄)ရက်တိုင်တိုင် သစ္စာ မေတ္တာ အဓိဋ္ဌာန် ရေစင်ဖြင့် (၇)ရက်သားသမီး ဝေနေယျများ၏ ရောဂါအမျိုးမျိုးကို မေတ္တာဖြင့် ကုသပေးခဲ့ရာ လာရောက်သူ ဝေဒနာရှင်များဖြင့် အထူးစည်ကားခဲ့ကြောင်း သိရှိရပါတယ်။

သီလရှင်ဆရာလေး တရားဟောနေစဉ်
  သက်တော်(၄၄)နှစ် ၀ါတော်(၅)၀ါရှိ သာသနာပြုဆရာလေး ဒေါ်သုနန္ဒာသည် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျွဲမင်းကျကျေးရွာ နာမ်ချွန် နာမ်ထူး နာမ်မြင့် တောရကျောင်းတွင် သီတင်းသုံးနေထိုင်ပြီး လွန်ခဲ့သော(၃)နှစ်မှစ၍ မြန်မာနိုင်ငံ အနှံ့အပြားမှ ရောဂါသည် ဝေဒနာရှင်များ ကို မေတ္တာဖြင့် ရေစင်ရေမန်းများ လိမ်းစေ သောက်စေကာ ကုသပေးခဲ့ရာ ဝေဒနာပျောက်ကင်းသူများ အများအပြားရှိကြောင်းနှင့် ဝေဒနာရှင်များက စေတနာဖြင့် လှူဒါန်းသော ငွေကြေးများကိုလည်း ဘုရားတည်ခြင်း ဘုန်းကြီးကျောင်းများ ဆောက်လုပ်ခြင်း စသည့် သာသနာပြု လုပ်ငန်းများ လုပ်ကိုင်နေသူဖြစ်ကြောင်း သိရှိရပါတယ်။ အထူးသဖြင့် ဆွံ့အခြင်း နားမကြားခြင်း ချိနဲ့ခြင်း လမ်းမလျှောက်နိုင်ခြင်းနှင့် အကိုက်အခဲဝေဒနာများကို သီလရှင်ဆရာလေးက လက်ဖြင့်အုပ်၍ ဂါထာတော်များ ရွတ်ဖတ်ပေးခြင်းဖြင့် သက်သာပျောက်ကင်း သွားကြောင်း ဝေဒနာရှင် တစ်ဦး၏ သားဖြစ်သူကပြောပြပါတယ်။ 

သီလရှင်ဆရာလေးကြွမြန်းရာလမ်း၌ စောင့်ဆိုင်းနေသူများ
  ညောင်ပင်သာ ဆရာတော် ဘဒ္ဒန္တ ၀ိသုတ ( အဂ္ဂအဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ) ဆရာတော်သည် နားလေးသောဝေဒနာကို ခံစားခဲ့ရပြီး ခေတ်မီဆေးဝါးများဖြင့် ကုသပျောက်ကင်းမှု မရှိသဖြင့် နတ်မောက်မြို့သို့သွားရောက်ကာ သီလရှင်ဆရာလေး ဒေါ်သုန္ဒာထံတွင် ကုသပျောက်ကင်း ခဲ့သဖြင့် ပုသိမ်သူ ပုသိမ်သားများအား ရောဂါဝေဒနာအမျိုးမျိုးမှ ကုသပျောက်ကင်းစေရန် အလို့ငှာ ဆရာလေးအား ပုသိမ်မြို့သို့ ပင့်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။

Wednesday, March 7, 2012

3rd regular session of Ayeyarwady region Hulttaw is beginning tomorrow

တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး မနက်ဖြန်စတင်မည်

  ပထမအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေးကို မြို့တော်ပုသိမ်ရှိ တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ၌ မနက်ဖြန်နံနက် (၉)နာရီမှာ ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါတယ်။
ဒုတိယပုံမှန်အစည်းအဝေးကျင်းပစဉ်ကထုတ်ဝေသောသတင်းလွှာ
  ပြည်သူ့အသံ-လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ-လွှတ်တော်ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက်-လွှတ်တော်က ဖော်ဆောင်ရွက်ဟူသည့် ကြွေးကြော်သံများနဲ့ ကျင်းပမယ့် ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်(၁၄)ခုအနက် အခြေခံဥပဒေနှင့်အညီ လွှတ်တော်အခန်းကဏ္ဍကို အပီပြင်ဆုံး ဖေါ်ဆောင်နိုင်တဲ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူ့အသံ ဘယ်လိုအဆိုတွေ တင်သွင်းမယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုထိန်းကျောင်းဖို့ ပြည်သူ့ဆန္ဒ ဘယ်လိုမေးခွန်းတွေ မေးကြမယ်၊ လွှတ်တော်က ဥပဒေပြုရမယ့် အခြေခံဥပဒေ ဇယား-၂ပါ ဥပေဒအမျိုးအစားပေါင်း (၄၂)ခုအနက် ဘယ်ဥပဒေတွေကို ပြည်သူ့မျှော်လင့်ချက်နဲ့အညီ ပြဋ္ဌာန်းမယ် ခေတ်နဲ့မညီတော့တဲ့ ဘယ်ဥပဒေတွေကို ဘယ်လိုပြင်ဆင်မယ် ဆိုတာကို ဧရာဝတီသား ပြည်သူအများက စိတ်ဝင်စားလျက်ရှိကြောင်း သိရှိရပါတယ်။

Monday, March 5, 2012

Regional development plan for Ayeyarwady Region

ဧရာဝတီတိုင်းဒေသကြီး၏ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများနှင့်ပတ်သက်၍ ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ဘီလီယံ ၂၂၀ ရင်းနှီးမြုပ်နှံပြီး ပြည်တွင်း ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း အွန်လိုင်းပေါ်မှာတွေ့ရတဲ့အတွက် ဖတ်ရှုနိုင်ဖို့ သတင်းအရင်းအမြစ်ကို Link လုပ်ပေးလိုက်ပါတယ်။

Book donation ceremony for uplifting of reading capacity

မြို့တော်ပုသိမ်က စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်များလှူဒါန်းပွဲ

 ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်များလှူဒါန်းပွဲ အခမ်းအနားကို ယနေ့ညနေ(၄)နာရီက မြို့တော်ပုသိမ် ဇင်ပြွန်းကုန်းကျေးရွာအုပ်စု သိမ်စမ်းကျေးရွာ စာကြည့်တိုက်အနီး ယာယီမဏ္ဍပ်မှာ ကျင်းပခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ အကြီးအကဲကိုယ်တိုင် တက်ရောက်ချီးမြှင့်ပြီး အမှာစကားပြောကြားခဲ့ပါတယ်။

လှူဒါန်းသည့်စာအုပ်များနှင့် တီဗွီ
  အခမ်းအနားမစတင်မီမှာ စာပေဗိမာန်စာမူဆုနှင့် ပခုက္ကူဦးအုန်းဖေစာပေဆုရ စာရေးဆရာ ပုသိမ်ရန်နောင်စိုးက စာဖတ်ခြင်း၏အကျိုးကျေးဇူး ခေါင်းစဉ်နဲ့ စာပေဟောပြောပွဲ ကျင်းပခဲ့ပါတယ်။

ဆရာပုသိမ်ရန်နောင်စိုး ဟောပြောစဉ်
  အခမ်းအနားမှာ ကျေးရွာစာကြည့်တိုက်များ အတွက် စာအုပ်များကို တာဝန်ရှိသူများက ပေးအပ် လှူဒါန်းခဲ့ရာ ရွှေမြင်တင်ကျေးရွာ သစ်ပုတ်ကုန်းကျေးရွာ ၀ါးယားချောင်းကျေးရွာ မရမ်းချောင်းကျေးရွာ စာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများက လက်ခံရယူခဲ့ကြပါတယ်။

အခမ်းအနားသို့တက်ရောက်ကြသူများ
  ဆက်လက်ပြီး သိမ်စမ်းကျေးရွာ ပညာတံခွန်စာကြည့်တိုက်အတွက် တီဗွီနှင့် အီးဗွီဒီအောက်စက် တစ်စုံကို အလှူရှင်တစ်ဦးက ပေးအပ်လှူဒါန်းကာ စာဖတ်ရှိန်မြှင့်တင်ရေး စာစီစာကုံးပြိုင်ပွဲ ပုံပြောပြိုင်ပွဲနဲ့ စာဖတ်စွမ်းရည် ပြိုင်ပွဲတို့မှာ ဆုရရှိခဲ့ကြတဲ့ ကျောင်းသား ကျောင်းသူများကို ဆုချီးမြှင့်ခဲ့ကြောင်း သိရှိရပါတယ်။

Friday, March 2, 2012

Discussion about promotion of Pathein umbrella production

မြို့တော်ပုသိမ်က ပုသိမ်ထီးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ

 မြို့တော်ပုသိမ်ရဲ့ အထိမ်းအမှတ်ဖြစ်သော ရိုးရာလက်မှုပညာ ပုသိမ်ထီးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ညနေပိုင်းက သာသနာ့ဗိမာန် ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရှိရပါတယ်။


  တိုင်းဒေသကြီးအစိုးရအဖွဲ့ အကြီးအကဲရဲ့ မှာကြားချက်အရ ပုသိမ်ထီးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် Action Plan တစ်ခုရေးဆွဲ တင်ပြနိုင်ရန် ယခုလိုဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ပြီး ဆွေးနွေးပွဲကို ပုသိမ်ထီးလုပ်ငန်းလုပ်ကိုင်သူများ မြို့ပေါ်မှ အခြားလုပ်ငန်းရှင်များ စိတ်ပါဝင်စားသူများ တာဝန်ရှိသူများ (၃၀)ကျော် တက်ရောက်ခဲ့ကြပြီး ပုသိမ်ထီးလုပ်ငန်း၏ လက်ရှိထုတ်လုပ်မှု အခြေအနေ၊ ကုန်ကြမ်းရရှိမှု၊ ပြည်တွင်းပြည်ပ ဈေးကွက်အနေအထားနှင့် အလားအလာ၊ ကုန်ချော အရည်အသွေး မြှင့်တင်ရေး၊ ရိုးရာလက်မှုပညာရပ် ခေတ်မီရေးအပါအ၀င် နိုင်ငံခြားသားများနှင့် စိတ်ဝင်စားသူများ လေ့လာနိုင်ရန် ကုန်ကြမ်းသစ်ဝါးများပါ စိုက်ပျိုးပြီး ပုသိမ်ထီးထုတ်လုပ်မည့် ပုသိမ်ထီးကျေးရွာတစ်ခု ထူထောင်ရေးအထိ အကျယ်တ၀င့် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါတယ်။ 

ဝိုင်းဝန်းဆွေးနွေး ပုသိမ်ထီးအရေး

Thursday, March 1, 2012

Let's go and homage Deparyon pagoda

မြို့တော်ပုသိမ်က ဒီပါရုံဘုရားပွဲတော်

  ပုသိမ်မြို့နယ် မဲဇလီကျေးရွာအုပ်စု ရွှေတွင်းတူးကျေးရွာအနီး သီရိဓမ္မာသောကမင်းကြီး တည်ထား ကိုးကွယ်သော အတွင်းဒီပါရုံစေတီတော်မြတ်ကြီး၏ နှစ်စဉ်ကျင်းပမြဲ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက် (၉)နာရီမှာ ဘုရားတောင်ခြေ စောင်းတန်းထိပ် မုခ်ဦး၌ ကျင်းပခဲ့ကြောင်း သိရှိရပါတယ်။

ဒီပါရုံရင်ပြင် အရုဏ်ဦးအလှ
အလုံဒီပါရုံ အတွင်းဒီပါရုံ ရွှေတွင်းတူးဒီပါရုံ အမည်ရ မြတ်ဒီပါရုံစေတီတော်
အနေကဇာတိသံသာရံ အစချီ၍ သံဃာ(၉)ပါးကအနေကဇာတင်နေစဉ်
ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲကျင်းပစဉ်  
  မြတ်ဒီပါရုံဘုရားပွဲတော်ကို ယနေ့မှ (၇.၃.၂၀၁၂)ရက်နေ့ အထိ ကျင်းပသွားမှာဖြစ်ပြီး မြို့တော် ပုသိမ်ကနေ ရွှေတွင်းတူးရွာအထိ သဘောင်္ဖြင့် ယင်းမှခြေလျင်ဖြင့် ရှေးယခင်ကကဲ့သို့ ဘုရားဖူး သွားရောက်နိုင်ပြီး လမ်းသစ်အနေနဲ့ ပုသိမ်မော်တင်ကားလမ်း မိုင်တိုင်အမှတ်၂၂/၄အနီး ဒီပါရုံလမ်းခွဲမှ တဆင့် မော်တော်ယာဉ် မော်တော် ဆိုင်ကယ် တို့ဖြင့်လည်း သွားရောက် ဖူးမျှော်နိုင်ပါတယ်။ ဥမ္မာဒန္တီမင်းသမီးက ပုသိမ်(၃၂)မြို့မှာ ပြန်လည်ပြုပြင် လှူဒါန်းသော ဒီပါ(၄)ဆူရှိပြီး ယင်းတို့မှာ ငပုတောမြို့နယ်မှ ပျဉ်းမချောင်းဒီပါရုံနှင့် ဘုရားလှ ဒီပါရုံ စေတီတော်၊ ပုသိမ်မြို့နယ်မှ ရွှေတွင်းတူး ဒီပါရုံစေတီတော်နှင့် ငါးသိုင်းချောင်းမြို့နယ်မှ သီတာကုန်းမြင့် ဒီပါရုံ စေတီတော်တို့ ဖြစ်ကြပါတယ်။