Saturday, September 7, 2013

Non-Motorised Transport

စက်စွမ်းအင်မသုံးသောသယ်ယူပို့ဆောင်မှု

 

ဒေသဖွံ့ဖြိုးရေး၏ အခြေခံလိုအပ်ချက်တွင် တစ်ခုအပါအ၀င်ဖြစ်သော ပတ်ဝန်းကျင်စီမံခန့်ခွဲမှု၏ ပတ်ဝန်းကျင်ရေရှည်တည်မြဲစေသောသယ်ယူပို့ဆောင်မှု Environmentally Sustainable Transport ကို အကောင်အထည်ဖေါ်ရာတွင် Non-Motorised Transport NMT ခေါ် စက်စွမ်းအင်မသုံးသော သယ်ယူပို့ဆောင်မှုသည် နည်းလမ်းတစ်ခုအဖြစ်ပါဝင်ပါသည်။

NMT နေ့ ကားလမ်းပေါ်မှာနားနားနေနေ
NMT ကိုဆောင်ရွက်ခြင်းဖြင့် အကျိုးကျေးဇူးများစွာရှိပါသည်။ မြေကိုထိန်းသိမ်းနိုင်ခြင်း၊ အရန်သယ်ယူပို့ဆောင်မှုစနစ်ထားရှိနိုင်ခြင်း၊ ကလေးများအတွက်ကျောင်းသွားလမ်းလုံခြုံမှုရှိခြင်း၊ လူမှုဘ၀အရည်အသွေးတိုးတက်မြင့်မားခြင်း၊ လေထုညစ်ညမ်းမှုလျော့ချနိုင်ခြင်းနှင့် ကျန်းမာရေးတိုးတက်စေခြင်းတို့ဖြစ်ပါသည်။

NMT၏ အကျိုးကျေးဇူး
ကမ္ဘာ့ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် UNEP၏ ၂၀၀၈ခုနှစ် အစီရင်ခံစာအရ ၂၀၀၆ခုနှစ်တွင် ကမ္ဘာ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု၏ ၂၃%ဖြစ်သော ၆.၄၅ဂဇ်ဂါတန်ကို သယ်ယူပို့ဆောင်ရေးယာဉ်များက ထုတ်လွှတ်ခဲ့ပြီးယင်းပမာဏသည် စက်မှုလုပ်ငန်းများကထုတ်လွှတ်သော ၁၉.၆%ဖြစ်သည့် ၅.၄၉ဂစ်ဂါတန်ထက် ပိုမိုများပြားကြောင်းနှင့် မော်တော်ယာဉ်များပိုမိုသုံးစွဲလာမှုကြောင့် ၂၀၃၀တွင် သယ်ယူပို့ဆောင်ရေးယာဉ်များကထုတ်လွှတ်မည့် ကာဗွန်ဒိုင်အောက်ဆိုဒ်သည် ၁.၄ဆဖြစ်သည့် ၈.၉ဂဇ်ဂါတန်ထိရှိလာနိုင်ကြောင်း သိရှိရပါသည်။

စက်ဘီးစီးတော့အစစအကျိုးရှိပါတယ်
NMT နေ့ကို အခါအားလျော်စွာ ကျင့်သုံးဆောင်ရွက်ဖြင်းဖြင့် စက်စွမ်းအင်သုံး သယ်ယူပို့ဆောင်ရေးယာဉ်များက ထုတ်လွှတ်သည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို လျှော့ချနိုင်ခြင်းဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကြောင့် ဖြစ်လာသည့် ကမ္ဘာကြီးပူနွေးမှုနှင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကို သက်သာရာရစေနိုင်မည်ဖြစ်ပါကြောင်းတင်ပြလိုက်ပါသည်။

Thursday, September 5, 2013

Value of Life

ဘဝတန်ဖိုး


လူကြီးပဲဖြစ်ဖြစ်၊ ကလေးပဲဖြစ်ဖြစ်၊ အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် မိမိတို့ရဲ့ ဘဝ ဖြစ်ပေါ်လာတဲ့အကြောင်းတွေကို စဉ်းစားကြည့်ကြပါ။ စဉ်းစားကြည့်ရင် သိလိမ့်မယ်။ 
မိမိတို့ ဘဝ ဘယ်က စဖြစ်သလဲဆိုရင် မိဘနှစ်ပါးကနေ ဖြစ်ပေါ်လာတာ။

ဒါဆိုရင် ဘဝဖြစ်ပေါ်ခြင်းရဲ့အစဟာ မိဘနှစ်ပါး။ သို့သော် မိဘကြောင့်ပဲ မိမိတို့ ဖြစ်တာလားလို့မေးရင် မိသားစုတိုင်းမှာ အကဲခတ်ကြည့်လိုက်ရင် မိဘနှစ်ပါးရှိတိုင်း သားသမီးဆိုတာ ရှိချင်မှလည်းရှိတယ်၊ တချို့မိသားစုတွေမှာ သားသမီးမရှိတာတွေလည်းရှိတယ်။ တချို့ကျတော့လည်း သားသမီးတွေ လေးငါးဆယ်ယောက်ရှိကြတဲ့ ပုဂ္ဂိုလ်တွေလည်းရှိကြတယ်။

ဒါ ဘာပြောချင်တာလဲဆိုတော့ မိဘရှိတိုင်း သားသမီးရှိတာမဟုတ်ဘူးဆိုတာ ပြောချင်လို့။ ဒါဆိုရင် မိမိတို့ ဘဝ ဖြစ်ပေါ်လာတာ မိဘဆိုတဲ့အကြောင်းတစ်ခုတည်းတော့ မဟုတ်သေးဘူး။ နောက်အကြောင်းတစ်ခုတော့ ရှိနေလိမ့်ဦးမယ်။
အဲဒီနောက်အကြောင်းတစ်ခုက လူ့ဘဝဆိုတာ ကုသိုလ်ကံကြောင့်ဖြစ်တာ။

တချို့မိဘတွေမှာ ကံအားလျော်စွာ သားသမီးတစ်ယောက် ရှိချင်ရှိမယ်၊ နှစ်ယောက်ရှိချင်ရှိမယ်၊ သုံးယောက်ရှိချင်ရှိမယ်။ ကံအားလျော်စွာ သားသမီးဆိုတာ ဖြစ်ပေါ်လာတာ။ ကံအားလျော်စွာဆိုတာ ဒီမိဘကမွေးပေမယ့် သားသမီးချင်းအတူတူ တူကြရဲ့လား။ ရုပ်အဆင်းတွေရော တူကြရဲ့လား။ ပုံစံသာ နည်းနည်းဆင်ချင်ဆင်ကြတယ်။ ဒီမိဘကပဲ ပထမဦးစွာ သားယောက်ျားလေးမွေးတဲ့အတွက် နောက်တစ်ခါ သားယောက်ျားလေးပဲ မွေးပါလားဆိုပြီး ပြောလို့မရဘူး။ ယောက်ျားလေး မွေးချင်မွေးမယ်၊ မိန်းကလေးမွေးချင်မွေးမယ်။

ဒီမိဘကပဲ မွေးပေမယ့် ဘာလို့ ယောက်ျားလေးဖြစ်လိုက် မိန်းကလေးဖြစ်လိုက် ဖြစ်ရတာလဲ။ ဘာကွာလို့လဲဆိုရင် ကံ ကွာလို့ပဲ။ ယောက်ျားလေးတွေကြီးပဲ မွေးတယ်ထားဦး အဲဒီ ယောက်ျားလေးတွေ ပုံစံတူလေးတွေ မွေးပါလား၊ ဉာဏ်ရည်တူလေးတွေ မွေးပါလား။ ဘာဖြစ်လို့ မတူကြတာလဲဆိုရင် ကံ မတူလို့ မတူကြတာ။

မိမိတို့ဘဝရဲ့ ကျေးဇူးရှင်တွေကို ရှာကြည့်တဲ့အခါမှာ မိဘ နဲ့ ကံ က အဓိကအကြောင်းအနေနဲ့ပါတယ်။ မိဘ နဲ့ ကံ အကြောင်းနှစ်ခုတည်းနဲ့ မိမိတို့ဘဝ ရှင်သန်ရပ်တည်လို့ ရသလားလို့မေးရင်လည်းပဲ မဟုတ်သေးဘူး။ မိဘ တွေ ကံတွေက ရှိပါတယ်။ နေစရာ အိမ်မရှိသေးရင် အိမ်မရှိတဲ့အတွက် သေသွားနိုင်တယ်။ ဝတ်စရာ အဝတ်မရှိရင်လည်း ရာသီဥတုဒဏ်ကို မခံနိုင်ဘဲ သေသွားနိုင်တယ်။ စားစရာ အစားအစာမရှိတဲ့အတွက်လည်း သေနိုင်တယ်။ ဒါဆိုရင် မိမိတို့ဘဝဖြစ်ပေါ်တဲ့အကြောင်းတွေမှာ

စား ဝတ် နေ ရေး လို့ခေါ်တဲ့ အိုးတွေ အိမ်တွေ တိုက်တာအဆောက်အဦတွေ စားဖွယ် သောက်ဖွယ်တွေ အဝတ်အထည်တွေ သစ်ပင်တောတောင် ရေမြေတွေလည်းလိုတယ်။

ဘဝဖြစ်ပေါ်ဖို့ အကြောင်းတရားကို စဉ်းစားလိုက်တဲ့အခါမှာ မိဘကိုလည်းတွေ့ရတယ်။ ကံကိုလည်းတွေ့ရတယ်။ သစ်ပင် တောတောင် ရေမြေ အိုး အိမ် တိုက် တာ အဆောက်အဦအစရှိတဲ့ မှီခိုစရာတွေကိုလည်းတွေ့ရတယ်။ ဒါဆိုရင် မိမိတို့ ဘဝ ရှင်သန်ရပ်တည်ဖို့အတွက် အထောက်အပံ့ပေးတဲ့ ကျေးဇူးရှင်တွေကိုသိပြီး အဲဒီကျေးဇူးတရားတွေကို ပြန်ပြီးတော့ ဆပ်နိုင်ကြရမယ်။ ကျေးဇူးဆပ်နိုင်တော့မှ ကြီးပွားတိုးတက်ခြင်းဆိုတဲ့ ကုသိုလ်မင်္ဂလာတွေဖြစ်ပေါ်လာလိမ့်မယ်။ ကုသိုလ်မင်္ဂလာဖြစ်လာတော့မှ ဘဝဆိုတာ တည်မြဲနေမှာ။ မဟုတ်ရင် ကုသိုလ်လည်းပျောက် လူ့ဘဝလည်းပျောက်လိမ့်မယ်။

ကုသိုလ်ပျောက်ရင် ချမ်းသာသုခတွေ ပျောက်သွားလိမ့်မယ်။ ကုသိုလ်ကောင်းမှုတွေ ရှိတာနဲ့ မရှိတာ၊ ချမ်းသာသုခတွေ ရှိတာနဲ့ မရှိတာ ဘယ်လိုများသိရမလဲဆိုရင် မိမိတို့ ယခုရရှိထားတဲ့ လူ့ဘဝနဲ့ အခြား အခြားသော ပုဂ္ဂိုလ်သတ္တဝါတွေရဲ့ ဘဝကို နှိုင်းယှဉ်ကြည့်ရင် ကုသိုလ်ရှိတာနဲ့ မရှိတာလည်းသိလာမယ်။ ကောင်းမှုဖြစ်တာနဲ့ မဖြစ်တာလည်းသိလာမယ်။ ချမ်းသာတာနဲ့ ဆင်းရဲတာလည်းသိလာမယ်။ ချမ်းသာ ဆင်းရဲ ဘာဖြစ်လို့ကွဲပြားသွားသလဲဆိုရင် ကုသိုလ်ရှိတာနဲ့ မရှိတာကွာသွားတယ်။ ကုသိုလ်ရှိသမျှ ချမ်းသာရှိလိမ့်မယ်။ ကောင်းမှုမှန်သမျှ ချမ်းသာတွေဖြစ်လိမ့်မယ်။ ကုသိုလ်တွေပျောက်ပြီး ကောင်းမှုတွေပျောက်ပြီဆိုရင် ချမ်းသာလည်းပျောက်လိမ့်မယ်။ ချမ်းသာသုခကို နားလည်ဖို့အတွက် ကုသိုလ်ကောင်းမှုကို သိရမယ်။

အကယ်၍များ လူသားစင်စစ်က ကုသိုလ်ကိုလည်း ဘာမှန်းမသိ၊ ဉာဏ်လည်းမရှိဘူးဆိုရင် လူ့ဘဝကနေ တိရစ္ဆာန် ဖြစ်သွားနိုင်တယ်။ အပါယ်လေးဘုံဆိုတာ စာသုံးအရပြောပေမယ့် သဘောတရားအရပြောရရင် ချမ်းသာတွေကင်းတဲ့ဘုံဘဝပဲ။ ဒီလိုဘဝမျိုးမရောက်အောင် ကုသိုလ်ရအောင်ယူရမယ်။ ကောင်းမှုဖြစ်အောင်လုပ်ရမယ်။ ကုသိုလ်နဲ့ ကောင်းမှုက အတူတူပဲ။

ဒီတော့ကုသိုလ်ဆိုတာ မြန်မာလိုပြောတော့ ကောင်းတဲ့လုပ်ရပ်တွေ၊ ကောင်းတဲ့အပြောအဆိုတွေ၊ အကြံအစည်တွေကို ကုသိုလ်လို့ခေါ်တယ်။ စိတ်ထဲကကောင်းတဲ့အရာတွေကို တွေးတောကြံစည်ရင် အဲဒါ ကုသိုလ်ပဲ။ လုပ်တဲ့အလုပ်က အပြစ်တွေကင်းပြီးတော့ ကောင်းတဲ့အကျိုးတွေပြန်လာရင် ကုသိုလ်ပဲ။ ကောင်းမှုပျောက်သွားရင် ဘဝပျောက်သွားလိမ့်မယ်။

ယခု မိမိတို့ ရထားတဲ့ဘဝလေးသည် ကောင်းမှုကုသိုလ်ကံကြောင့်ရတာ၊ ကုသိုလ်ကံကြောင့်ရသလို ကုသိုလ်ကောင်းမှုနဲ့နေရင် ချမ်းသာဟာ မပျောက်တော့ဘူး။ ချမ်းသာမပျောက်သလို လူ့ဘဝ၊ သုဂတိဘဝလည်း မပျောက်တော့ဘူး။ အကယ်၍များ ကုသိုလ်ပျောက်သွားရင်တော့ လူဆိုတဲ့ လူ့ဘဝပျောက်ပြီးတော့ အပါယ်လေးဘုံသားဖြစ်တဲ့ ငရဲ၊ တိရစ္ဆာန်၊ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အဆင့်အတန်းနိမ့်တဲ့ အပါယ်ခံဘဝ ကျရောက်သွားလိမ့်မယ်။

ဒါကြောင့် မြတ်စွာဘုရားက တိုက်တွန်းပါတယ်။ “ပုညာနိ ဘိက္ခဝေ မာ ဘာယိတ္ထ သုခေဿတံ အဓိဝစနံ” တဲ့။ ချမ်းသာချင်ရင် ကုသိုလ်ကောင်းမှုရှိရမယ်။

အကယ်၍များလူစင်စစ်က ကောင်းတာကိုမတွေး၊ ကောင်းတာကိုမပြော၊ ကောင်းတာကို မလုပ်ဘူးဆိုရင် ကုသိုလ်ပျောက်သွားတာနဲ့တစ်ပြိုင်နက် လူ့ဘဝပျောက်ပြီးတော့ တိရစ္ဆာန်ဘဝရောက်သွားရနိုင်တယ်။

မိမိတို့ရထားတဲ့ လူ့ဘဝ တန်ဖိုးရှိပါတယ်။ ကုသိုလ်ရှိရင် ရှိသလောက် ကောင်းကောင်းမွန်မွန် ကြိုးစားပြီးပြုလုပ်နိုင်ရင် ပြုလုပ်နိုင်သလောက် ချမ်းသာသုခရနိုင်ပါတယ်။

တိရစ္ဆာန်ကျတော့ ဒီလိုလုပ်ခွင့်မရှိပါဘူး။ ဉာဏ်လည်းမရှိပါဘူး။ ဒါကြောင့် ကုသိုလ်ကောင်းမှုနဲ့နေတဲ့ မိမိတို့ဘဝတန်ဖိုးရှိတယ်ဆိုတာ သိသွားပါပြီ။

တန်ဖိုးရှိတာလေးကို သိပြီးတဲ့နောက် မိမိတို့ဘဝကို တန်ဖိုးထားရမယ်။

ဒါနကုသိုလ် - စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း၊
သီလကုသိုလ် - မိမိသူတစ်ပါး နှစ်ဦးသား မထိခိုက်အောင်ရှောင်ကြဉ်ပြီးနေထိုင်ခြင်း၊
ဘာဝနာကုသိုလ် - အသိဉာဏ်တွေတိုးတက်အောင် ကြိုးစားခြင်းဖြင့် မိမိတို့ဘဝဟာ အပါယ်ခံဘဝ၊ ဆင်းရဲနိမ့်ကျတဲ့ဘဝ ဘယ်တော့မှ မရောက်နိုင်တော့ပါဘူး။

ကုသိုလ်ကောင်းမှုပျောက်ခဲ့ရင်တော့ ဘဝဟာအဆင့်အတန်းနိမ့်ပြီး မိမိတို့ဘဝ ပျောက်ကွယ်သွားရလိမ့်မယ်။ ဒါကြောင့် ဘဝတန်ဖိုးကိုသိပြီး တန်ဖိုးရှိအောင်ကြိုးစားကြပါ။
 
အရှင်ဇောတိက
(ဓမ္မပါရဂူ)

Saturday, August 24, 2013

Procedure of Urban Development Planning

မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းအစီအစဉ်


 ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းကို ဆောင်ရွက်နေသည့် ခုလိုအချိန်အခါတွင် ပြည်သူစိတ်မ၀င်စားသော ပြည်သူပါဝင်ခွင့်မရသော ပြည်သူမပါဝင်သော စီမံကိန်းများကို မည်သို့မျှ အောင်မြင်အောင် အကောင်အထည်ဖေါ်နိုင်မည်မဟုတ်ပါ။ မအောင်မြင်သော စီမံကိန်းကို ဆောင်ရွက်ခြင်းထက် စီမံကိန်းမရေးဆွဲခြင်းက အချိန်ကုန်ငွေကုန်လူပင်ပန်းစတဲ့ အလဟသ ဖြစ်မှုတွေကို တားဆီးရာရောက်ပါတယ်။ အဲဒါကြောင့် စီမံကိန်းရေးဆွဲရာမှာ အောင်မြင်တဲ့စီမံကိန်းတစ်ခုဖြစ်နိုင်ဖို့အတွက် ကြိုတင်စဉ်းစား စီစဉ် ရေးဆွဲဖို့ကအဓိကကျလာပါတယ်။ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုကို ဘယ်လိုရေးဆွဲသင့်သလဲဆိုတာကို ဂျပန်နိုင်ငံမှာ ကျင့်သုံးတဲ့ အစီအစဉ်နမူနာတစ်ခုနဲ့တင်ပြလိုပါတယ်။

မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကိုရေးဆွဲရာတွင်အဓိကတာဝန်ရှိသူမှာ စည်ပင်သာယာအဖွဲ့အစည်းဖြစ်သော်လည်း စည်ပင်သာယာကစတင်ရေးဆွဲခြင်းထက် မြေပိုင်ရှင်များ လူထုစီမံကိန်းရေးဆွဲသည့် အစိုးရမဟုတ်သောအဖွဲ့အစည်းများက အဆိုပြုခြင်းကပိုမိုကောင်းမွန်ပါတယ်။ ယင်းတို့က အဆိုပြုလာသော စီမံကိန်းကို စည်ပင်သာယာက လိုအပ်သည်ဟုဆုံးဖြတ်ပါက လူထုကြားနာခြင်းနဲ့ ရှင်းလင်းခြင်းအစည်းအဝေးတွေပြုလုပ်ပြီး စီမံကိန်းအကြမ်းအဖြစ်ရေးဆွဲပါတယ်။ မလိုအပ်တဲ့စီမံကိန်းလို့ ဆုံးဖြတ်ရင်တော့ ထပ်မံပြင်ဆင်ပြီးပြန်လည်တင်ပြရမှာဖြစ်ပါတယ်။ ပြီးရင် သက်ဆိုင်တဲ့ နေထိုင်သူများရဲ့ အမြင်တွေကို ရယူပြီး လူထုဆန်းစစ်မှုနဲ့ စီမံကိန်းကြမ်းကိုလိုအပ်သလို ပြင်ဆင်ရပါတယ်။ အဲဒီလို ပြင်ဆင်ပြီးတဲ့ စီမံကိန်းကိုမှ မြို့နယ်အဆင့် စီမံကိန်းရေးဆွဲရေးကောင်စီက အတည်ပြုပေးရပါတယ်။
ခုလို မြို့ပြစီမံကိန်းကို မြေရှင်ရော သက်ဆိုင်ရာအိမ်ရှင်သာမက လူထုကြားနာမှုတွေနဲ့ ရေးဆွဲမယ်ဆိုရင်တော့ ပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှု မလွဲမသွေရရှိမှာဖြစ်တဲ့အတွက် အောင်မြင်တဲ့စီမံကိန်းတစ်ခု ဖြစ်မှာဖြစ်ပါတယ်။

Tuesday, August 20, 2013

Outcomes for Rural Development Planning

ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းအတွက် ဆွေးနွေးဖော်ထုတ်ချက် (Outcomes) ၁၇ ချက်


၁။ ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းအတွက် သမ္မတရုံးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်သည့် ဦးစိုးသိန်း နှင့် ဦးအောင်မင်း၊ မွေးမြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ နိုင်ငံတော်သမ္မတအကြံပေး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ၊INGO များ၊ NGO များ ၊ လုပ်ငန်းရှင်များ၊ပညာရှင်များနှင့် တွေ့ဆုံပွဲမှ အောက်ပါဆွေးနွေးဖော်ထုတ်ချက် (Outcomes) ၁၇ ချက် ရရှိခဲ့ပါတယ်-

(က) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး Strategic Framework ရေးဆွဲရန် အလှူရှင်အဖွဲ့အစည်းများ ဖွံ့ဖြိုး ရေးမိတ်ဖက်အဖွဲ့များနှင့် အစည်းအဝေးပြုလုပ်၍ ၎င်းတို့မှရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ တောင်း ခံရန်နှင့် Strataegic Framework အတွက် အကြံဉာဏ်များ ရယူရန်၊

(ခ) ကျေးရွာလူထု၏တာဝန်ယူမှု Mind Set ကို ဖော်ဆောင်ပေးသွားရန်၊

(ဂ) ကျေးလက်ဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် ကျား၊ မတန်းတူညီမျှမှုကို စဉ်းစားရန်၊

(ဃ) ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တိုင်းတွင် All Inclusive အားလုံးပါဝင်စေရန်၊

(င) ရေရှည်တည်တံ့ခိုင်မြဲသော ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်သွားရန်၊

(စ) ကျေးလက်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် စီးပွားရေးအရလှုပ်ရှားမှုရှိသော (economically vibrant)၊ လူမှုရေးအရအားလုံးပါဝင်သော၊ ဒီမိုကရေစီကိုအခြေခံ သော နည်းလမ်းများဖြင့် ဆောင်ရွက်ရန်၊

(ဆ) လုပ်ငန်းများကို အစိုးရမှ ကိုယ်တိုင်ဆောင်ရွက်ရမည့်အစား ပြည်သူလူထုကို empowerment ပြုလုပ်၍ အစိုးရဌာနမှ Facilitation လုပ်ပေးရန်၊

(ဇ) ဆင်းရဲသားများအတွက် ငွေကြေးအရင်းအနှီးသည် အရေးကြီးသည့်အတွက် Micro-credit ကို ဆက်လက်ဆောင်ရွက်ရန်၊ သို့ရာတွင် Micro-business၊ Micro-enterprise နှင့် ချိတ်ဆက်ပေးရန်၊

(ဈ) ကျေးလက်နေပြည်သူများအတွက်လျှပ်စစ်မီးရရှိရေးသည်အရေးကြီးသည့်အတွက် ကျေးလက်မီးလင်း ရေး လုပ်ငန်းများကို အလေးထားဆောင်ရွက်ရန်၊

(ည) ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် ပြည်သူလူထုအား ထိန်း ချုပ်ခြင်းမပြုဘဲ ထိန်းကျောင်းမှုကိုသာ ပြုလုပ်ပေးရန်၊ လွတ်လပ်စွာ ရွေးချယ်ပေးရန်၊

(ဋ) ဗဟိုချုပ်ကိုင်မှုဖြေလျော့မှုနှင့် ပြုပြင်ပြောင်းလဲမှုများကို အောက်ခြေ တွင် ထင်သာမြင်သာ ရှိစေရေး ဆောင်ရွက်ရန်၊

(ဌ) Mechanism နှင့် Process ကို ခိုင်မာစွာ ဆောင်ရွက်ရန် အထူးသဖြင့် ပြည်သူများ၏ လိုအပ်ချက်များကို အချိန်မီ ဖြည့်ဆည်းပေးရန်၊ အောက်ခြေအထိပါ ဒီမိုကရေစီ နည်းလမ်း ကျကျ ဆောင်ရွက်ရန်၊

(ဍ) ကျေးလက်ဖွံ့ဖြိုးရေးကို ဌာနပေါင်းစုံမှ ဆောင်ရွက်နေသည့်အတွက် ပြည်ထောင်စုအဆင့် တွင် ပူးပေါင်း ဆောင်ရွက်ပေးမည့် ဌာနတစ်ခုရှိစေရန်နှင့် ကောင်းမွန်သော Coordination Mechanism တည် ထောင်ရန်၊

(ဎ) နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန်နှင့် စီမံကိန်းများဆောင်ရွက်ရာ တွင် အဆင်ပြေ စေရန် MoU လက်မှတ်ရေးထိုးမှု Process မြန်ဆန်စေရေး ဆောင်ရွက်ရန်၊

(ဏ) ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှရေးဆွဲသည့် စီမံကိန်းများ လိုက်လျော ညီထွေ ရှိစေရန် ညှိနှိုင်းဆောင်ရွက်ရန်၊

(တ) ကျေးလက်ပြည်သူများကိုယ်တိုင်ပါဝင်ဆောင်ရွက်မှသာ အောင်မြင်မှုရနိုင်မည်ဖြစ်ပြီး ဌာန ဆိုင်ရာများမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားရန်၊

(ထ) ICT နည်းပညာအကူအညီဖြင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက် ပေးရန်။

၂။ ၎င်းဖော်ထုတ်ချက် (Outcomes) များနှင့်ပတ်သက်၍ မည်သူမဆို ဆက်လက်အကြံပြုပေး နိုင်ပါရန် ဖိတ်ခေါ်အပ်ပါတယ်။ မကြာခင်မှာလည်းကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးပွဲကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပေးဖော်ပြအပ်ပါတယ်။

Saturday, August 17, 2013

Twice of Pretending

နှစ်ချက်လိမ်


မျက်စိပါတော့ ကြည့်တတ်ကြတာချည်းပဲ၊ ကလေးလူကြီး မရွေးပါဘူး။ ဒါပေမဲ့ အမြင်ကျဉ်းရင် နဲနဲ လေးပဲမြင်လိမ့်မယ်။ ဒါကြောင့် နွားခြေရာခွက်ထဲ က ဖားသူငယ်ဆိုပြီးပုံစံပြပြောကြတယ်။  နွားခြေရာခွက်ရေအိုင်ငယ်လေးထဲ မှာနေတဲ့ဖားလေးဟာ မြစ်ချောင်းပင်လယ်ရေပြင်ကျယ်ကိုမမြင်ဘူးတော့ သူနေနေတဲ့ နွားခြေရာခွက်အိုင်လေးကိုပဲ အကျယ်ကြီးလို့ထင်မိတာပေါ့။ တကယ်တော့ ဒါဟာ အမြင်ကျဉ်းတာ။

လောကလူသားတွေ မျက်စိပါပေမဲ့ အမြင်ကျဉ်းတော့ ကြည့်နိုင်သလောက်ပဲ မြင်တတ်ကြတယ်။ ညအခါ TV ကဇာတ်လမ်းလာ တယ်။ ချစ်၊ မုန်း၊ ပြုံးပျော်၊ ကြောက်ရွံ့၊ အံ့သြ ဇာတ်လမ်းမျိုးစုံပါပဲ။ စုံသလောက် ကြည့်လည်းကြည့်နိုင်ကြတယ်။ ကြည့်သလောက် ကြိုက်လဲကြိုက်ကြတယ်။ ကြိုက်သ လောက် စွဲလည်း စွဲကြတယ်။ ဘယ်သူဘဲကြည့်ကြည့် ဇာတ်လမ်းနဲ့ သရုပ်ဆောင်တွေကိုပဲ မြင်ကြတယ်။ ဇာတ်လမ်းကအတု၊ သရုပ်ဆောင်ကလည်းအတုဆိုတာကိုတော့ ဘယ်သူမှအမြင်ကျယ်ကျယ်နဲ့ မစဉ်းစား မိကြဘူး။

ဒီလိုမစဉ်းစားမိတော့ ဇာတ်လမ်းနဲ့သရုပ်ဆောင်ကို တကယ်ထင်ပြီး
ဒေါသတွေဖြစ်၊ သောက တွေဖြစ်၊ အချစ်နဲ့အမုန်းတွေဖြစ်ပေါ်လာကြတယ်။ ကြိုက်နှစ်သက်မှုတွေ၊ စွဲလမ်းမှုတွေ ရှည်သထက်ရှည် တော့တာပေါ့။ တကယ်တော့ ဇာတ်လမ်းနဲ့သရုပ်ဆောင်တွေဟာ အတုအယောင် အလှည့်အစား၊ အလှိမ့် အပတ်တွေဆိုတာကို သတိထားအာရုံစိုက်ပြီး ဉာဏ်နဲ့တွေးလို့ သိမြင်သွားခဲ့ရင် ချစ်၊ မုန်း၊ ပြုံး၊ ပျော် အစွဲ အလမ်းတွေဟာလည်း ပြတ်တောက်သွားတော့တာပါပဲ။

သတိထားစဉ်းစားပြီး ဉာဏ်နဲ့တွေးကြည့်ရင် ရုပ်ရှင်ဇာတ်လမ်း၊ ဗီဒီယို ဇာတ်လမ်းတွေဆိုတာ နှစ် ချက်လိမ်တွေချည်းပါပဲ။ ဇာတ်လမ်းကလည်း တကယ်မဟုတ်တော့ တစ်ချက်လိမ်၊ သရုပ်ဆောင်ကလည်း တကယ်ဖြစ်တာ မဟုတ်တော့ တစ်ချက်လိမ်၊ ဒီလို နှစ်ချက်လိမ်တွေ ချည်းပါပဲ။

ဆိုကြပါစို့ ဇာတ်လမ်းက ရေးတဲ့သူရဲ့စိတ်ကူး တကယ်ဖြစ်ရပ်မှမဟုတ်ပဲ၊ ဇာတ်လမ်းထဲမှာ ကွဲပြဲကျိုးကန်း၊ ပဲ့ရွဲ့သွားပေမဲ့ အပြင်မှာ ဘာမှဖြစ်တာမှ မဟုတ်ပဲ၊ ဇာတ်လမ်းထဲမှာ သနားစရာကောင်းလောက်အောင် နေစရာမရှိ၊ စားစရာမရှိ၊ စုတ်စုတ်ပြတ်ပြတ်နဲ့ ဆင်းရဲတဲ့မင်းသမီးဟာ အပြင်မှာတော့ တိုက်နဲ့ကားနဲ့ စိန်နဲ့ရွှေနဲ့ ချမ်းသာလိုက်တာမှ ကျိကျိတက်။ ဒီတော့ အားလုံးဟာ အလိမ်အတုတွေချည်းပါပဲ။

ငွေရဖို့ ဇာတ်လမ်းထဲမှာ ဆင်းရဲသားအယောင်ဆောင်ပြီး သနားစရာ
ဖြစ်အောင် လုပ်ပြနေတဲ့ မင်းသား၊ မင်းသမီးတွေဟာ ရုပ်ရှင်ကြည့်ပရိသတ်တွေထက် ပိုပြီးချမ်းသာကြွယ်ဝကြတာကို သေသေ ချာချာ သတိထားကြိုးစား ဉာဏ်နဲ့အာရုံစိုက်ပြီးတွေးကြည့်လိုက်ရင် ဒါကိုပြတ်ပြတ်သားသား သိမြင်သွားပါ လိမ့်မယ်။ အဲဒီလို သိခဲ့ရင်လည်း ဘယ်မင်းသား မင်းသမီး ဘယ်ဇာတ်လမ်းကိုပဲကြည့်ကြည့် သနားစရာ လည်းမရှိ၊ ၀မ်းနည်းစရာလည်းမရှိ၊ ဝမ်းသာစရာလည်းမရှိ ဒါကိုဆက်ပြီး သိသွားလိမ့်မယ်။

ထိုနည်းတူစွာ လောကကြီးထဲက လူတွေရဲ့ ဘဝများစွာ ဟာလည်း
နှစ်ချက်လိမ်တွေနဲ့ ဖုံးကွယ်ပြီး၊ ဖွဲ့စည်းပြီးထားကြတာချည်းပါပဲ။ လူတစ်ယောက်ကို သာမန်အားဖြင့်ကြည့်ရင် လူလို့မြင်မှာပဲ ပုံစံအားဖြင့် ချမ်းသာ၊ ဆင်းရဲ၊ ပညာရှိ၊ ပညာမဲ့၊ ရာထူးရှိ၊ ရာထူးမဲ့ ဒီလို အနေအားဖြင့်လည်း ထင်မှတ်ထားကြတာပဲ။

တကယ်တော့ ရုပ်ဆိုတဲ့သဘော၊ နာမ်ဆိုတဲ့သဘော နှစ်ခုကို လူဆိုတဲ့ အမည် ချမ်းသာ ဆင်းရဲ၊ ပညာရှိ ပညာမဲ့၊ ရာထူးရှိ ရာထူးမဲ့ ဆိုတဲ့ အမည်တွေနဲ့ တစ်ချက်လိမ်လိုက်ကြတယ်။ မြဲတဲ့အနေ ကောင်းတဲ့အနေ အခိုင်အမာပိုင်ဆိုင်နေပါတယ် ဆိုတဲ့အနေအားဖြင့်လည်း တစ်ချက်လိမ်လိုက်ကြတယ်။ ဒီလို နှစ်ချက်လိမ် တွေကြောင့် ဖြစ်ရပ်မှန် ရုပ်နာမ်သဘောဟာ ပျောက်ကွယ်သွားရတော့တာပဲ။

တကယ့်အမှန်တရားကို မြင်ချင်ရင် အမည်နာမအမျိုးမျိုးတွေကို ဖယ်ရှားနိုင်ရမယ်။ မြဲ၊ ကောင်း၊ ပိုင် တွေကို ကျော်လွှားသွားနိုင်ရ မယ်။ ဒီလိုဖယ်ရှား ကျော်လွှားနိုင်ခဲ့ရင် နှစ်ချက်လိမ်တွေပျောက်ပြီး
နှစ်ချက်လိမ်ကြောင့် ချစ်၊ မုန်း၊ ပြုံး၊ ပျော်ပြီး စွဲလမ်းနှစ်သက်၊ မခွဲနိုင် မခွါရက်တွေလည်း ပျောက်ကွယ်သွားကာ လွတ်လပ်တဲ့ ငြိမ်းအေးမှု သုခကို အပြည်အဝရရှိသွားနိုင်ကြလိမ့်မယ်

လူတွေရဲ့ဘဝမှာ နှစ်ချက်လိမ်ကို ပယ်ဖျောက်နိုင်ဖို့ တရား အားထုတ် ကြရတာ တရားကိုနည်းမှန် လမ်းမှန် အားထုတ်နိုင်ရင် နှစ်ချက်လိမ်
ပျောက်ကွယ်ပြီး၊ အမှန်တရားကို ရသွားကြတာချည်းပါပဲ။ ဒီနှစ် ချက်လိမ်ပျောက်ဖို့အရေးမှာ သတိနဲ့ဉာဏ်ပါအာရုံစိုက်ကာ ကြိုးစားပြီးတွေးတောဆင်ခြင်သုံးသပ် အထပ် ထပ်ပွါးများနေရင် လွယ်ကူစွာပျောက်ကွယ်သွားမှာ ဖြစ်တဲ့အတွက် သတိကိုရှေ့ကထားပါ၊

ဉာဏ်ပါတဲ့ အတွေးနဲ့ကြိုးစားပြီး အာရုံစိုက်ကြည့်လိုက်မယ်ဆိုရင် လူတစ်ယောက်မှာ အပူ၊ အအေး၊ ဥတု၊ ပြုလုပ်ချက် ကံ၊ ရှေ့ဆောင်တဲ့စိတ်၊
ထောက်ပံ့တဲ့အစာအာဟာရတွေကြောင့် ပြောင်းပြောင်း၊
ပြောင်းပြောင်းသွားနေတဲ့ ပုံစံအနေအထား ရုပ်သဘောတရားတွေ၊ ဘာလာလာဘာဖြစ်ဖြစ် သိကာသိကာနဲ့ ပျောက်ပျောက်သွား နေတဲ့ နာမ်တရား အခြေအနေတွေဟာ ထင်ရှားစွာဖြစ်ပေါ်နေတာကို ပိုင်ပိုင်နိုင်နိုင် သိမြင်လာတဲ့အခါ လူဆိုတဲ့အမည် ပညာတတ် ပညာမဲ့၊ ပစ္စည်းရှိ ပစ္စည်းမဲ့၊ ရာထူးရှိ ရာထူးမဲ့ ဆိုတဲ့ အမည်သတ်မှတ်ချက် အပြောတွေဟာလည်း ဘယ်ကိုရောက်သွားလို့ ရောက်သွားမှန်း မသိလောက်အောင်
ပျောက်ကွယ်သွား လိမ့်မယ်။

ဒါဆိုရင် သင်တို့ဟာ အမည်တွေနဲ့ လိမ်ထားတဲ့ အလိမ်တစ်ချက်ကို ဖယ်ရှားနိုင်လိုက်တာပါပဲ။ ရှေ့ဆက်ပြီး ဘယ်ပုံပြောင်းပြောင်း
ပြောင်းနေတဲ့သဘာဝနဲ့ ဘယ်လိုသိသိ သိနေတဲ့သဘာဝနှစ်ခုဟာ တစ်ခဏချင်း ပေါ်သည်နှင့်ပျောက် မရှိတော့တဲ့သဘောကို
ရောက်ရောက်သွားကြတာကိုလည်း သတိ ရှေ့ထားဉာဏ်အား စိုက်တဲ့ အတွေးနဲ့ ဂရုတစိုက်ကြိုးစားပြီး ပွားများကြည့်လိုက်မယ်ဆိုရင် တစ်ခဏချင်း ပျောက်သွားလို့မမြဲ၊ မမြဲလို့ အကောင်းမဟုတ်၊ ကိုယ်ထင်ထားတဲ့အတိုင်းမမှန် သူ့သဘာဝအတိုင်းသာ မှန်နေတာကို သိမြင်ခဲ့မယ်ဆိုရင်လည်း မြဲ၊ ကောင်း၊ ပိုင် ဆိုတဲ့ အလိမ်တစ်ချက် ထပ်မံပြီးတော့ ပျောက် ကွယ်သွားဦးတော့ အမှန်ပါပဲ။

ဒီလိုနှစ်ချက်လိမ်ပျောက်သွားရင်တော့ အမှန်ကိုရောက်ကာ သင်တို့ ခုရော နောင်ပါ လွတ်မြောက်ချမ်းသာပြီး ငြိမ်းအေးသွားရတာကို ဘယ်သူမှမပြောလဲ ကိုယ့်ဘာသာကိုယ် သိမြင် သွားလိမ့်မယ်။

ဒါကို သန္ဒိဋ္ဌိကော အကာလိကော လို့ တရားဂုဏ်တော်တွေထဲမှာ အတိအကျပြထားခဲ့ပါ တယ်။ သန္ဒိဋ္ဌိကော - ကိုယ်တိုင်အားထုတ် ကိုယ်တိုင်သိ နှစ်ချက်လိမ်ပျောက် ငြိမ်းအေးလွတ်မြောက်ရ။
အကာလိကော - ခုချက်ချင်းသိ ခုချက်ချင်းလွတ်၊ မနက်ဖြန် သဘက်ခါ နောင်နှစ် နောင်ဘဝ မဟုတ်ရပါ။

လောကမှာ အတုကို ဘယ်သူမှမကြိုက် မနှစ်သက်ကြပါ။ အတုဆိုတာ တန်ဖိုးလည်းမရှိ၊ သိရင် တန်ဖိုးလည်းမထားကြပါ။ မသိရင်တော့ ကြိုက်နှစ်သက်ကာ တန်ဖိုးအထားကြီး ထားနေကြဦးမှာပါပဲ။ အစစ်အမှန်ကိုမရနိုင်သူများဟာလည်း အတုအပနဲ့ပဲကျေနပ်နှစ်သက် ကြရတာ သဘာဝတစ်ခုပါပဲ။

တန်ဖိုး မရှိတဲ့ ဘုန်းကြီးသူ၊ တန်ခိုးကြီးသူ၊ ဆရာဝန်ကြီး၊ အင်္ဂျင်နီယာကြီး၊ ဗိုလ်ကြီး၊ သူဋ္ဌေးကြီး အစရှိတဲ့ ဂုဏ် ပကာသန အမည်နာမများကို အမှန်ထင်ကာ နှစ်သက်တွယ်တာနေခဲ့ရင်တော့ နှစ်ချက်လိမ်နဲ့ မိသွားတဲ့ သင့်ရဲ့ဘဝ ဘယ်တော့မှ ငြိမ်းအေးလွတ်မြောက်ချမ်းသာခြင်းသို့ရောက်မှာ မဟုတ်တော့ပါဘူး။

ဒါကြောင့် မိမိငယ်စဉ်က အဖွားရွတ်ပြခဲ့တဲ့ သံဝေဂလင်္ကာလေးတစ်ခုနဲ့ သတိပေးလိုက်ရမယ်ဆိုလျှင်
“ရှာသည့် ပစ္စည်း ငါ၏မီးဟု၊ ငါ့မီး ငါလောင်၊ ငါသာ လောင်၏” ရာထူး၊ အာဏာ၊ ပစ္စည်းဥစ္စာ၊ တန်ခိုးပါဝါ၊ အတတ် ပညာမှန်သမျှ ရှာနိုင်သမျှရှာဖွေပြီး ငါပိုင်တာပဲ ဟု စိတ်ထဲမှာ သိမ်းပိုက်ထားလိုက်ပါလျှင် ကိုယ့်ကိုယ်ကို မီးနဲ့ရှို့နေတဲ့ငမိုက်သား ဘယ်သောခါမှ ငြိမ်းအေးလွတ်မြောက်မှုကို ရလိမ့်မယ်ဆိုတာ မမျှော်မှန်းပါနှင့် တော့။

အမည်နာမနှစ်ချက်လိမ်တို့ရဲ့ ဝဲသြဃထဲမှာ နှစ်သက်စွာနစ်မွန်းပြီး အတိဒုက္ခရောက်နေရလိမ့်မယ် ဆိုတာကို သတိပေး အသိပေးရင်း
နှစ်ချက်လိမ်ကလွတ်မြောက်အောင်ကြိုးစားပြီး ပညာရှိ သူတော်ကောင်း ဘဝ ရကြရောက်ကြကာ ယခုဘ၀မှာတင် ငြိမ်းအေးလွတ်မြောက်ကြပါစေဟု ဆန္ဒပြုရင်း …….

သတိပြု ။
အလိမ်ခံရရင် သင်တို့ဘဝတွေ ဒုက္ခတွေ ရှည်သွားပေလိမ့်မယ်။ ဆင်းရဲတာမရှည်ချင်ရင် အလိမ်ခံ ဘဝလွတ်မြောက်အောင် ကြိုးစားကြ။ လိမ်တာကိုသိနိုင်တဲ့ဉာဏ်၊ သတိ၊ ဝီရိယ၊ သမာဓိနဲ့ အတွေးအကြံ တွေဟာ သင်တို့မသေသေးသမျှ သင်တို့မှာရှိနေကြတဲ့အတွက် ရှိတဲ့ဉာဏ်အတွေးတွေကို သတိ၊ ဝီရိယ၊ သမာဓိအကူအညီနဲ့ ထုတ်ဖေါ်ပြီး သုံးလိုက်ကြပါ။ ချက်ချင်းသုံးချက်ချင်းလွတ်မယ်။ နောင်မှသုံးရင် နောင်မှ လွတ်မယ်။ မသုံးတတ်ရင်တော့ ဘယ်တော့မှလွတ်မှာ မဟုတ်ပါလေ။

အရှင်ဇောတိက
ဓမ္မပါရဂူ

Monday, August 12, 2013

Road but not used as road

လမ်းမဖြစ်သောလမ်း


ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့သည် သန့်ရှင်းမှု အေးချမ်းမှု ခေတ်မီမှု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု သာယာလှပမှုတို့ဖြင့် ထင်ရှား ကျော်ကြား၏။ ထို့ကြောင့် တောင်ကြီးမှာနေခွင့်ရသူတို့သည် ကံကောင်းသူများဟု ထင်စရာရှိ၏။ သာမန်အားဖြင့် မှန်ပါသည်။ မြန်မာနိုင်ငံရှိ မြို့အများအပြားနှင့်နှိုင်းယှဉ်လျင် တောင်ကြီးသည် ပို၍နေပျော်ဖွယ်ရှိသည်ကားမည်သူမျှ မငြင်းနိုင်ပါ။ သို့သော် တောင်ကြီးမြို့နေရာအချို့တော့ နေပျော်ဖွယ်မရှိသည်ကို သိကြသူနည်းပါမည်။ ယင်းနေရာများအနက် တစ်နေရာကို ဖေါ်ပြလိုပါသည်။ ထိုနေရာကား လမ်းမတော်ရပ်ကွက် တောင်ကြီးမြို့မဈေးဘေး ဗိုလ်ချုပ်လမ်းနှင့် စ၀်စံထွန်းလမ်းကြားရှိ တပင်ရွှေထီးလမ်းဖြစ်၏။

ဈေးကွဲချိန် လမ်းပေါ်ကဈေးတန်း
တပင်ရွှေထီးလမ်းကား သမိုင်းဝင်လမ်းတစ်ခုဖြစ်သည်။ ပင်လုံစာချုပ်၏အစဟုဆိုနိုင်၏။ ၁၉၄၇ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းတို့ ဘိလပ်သွား၍ လွတ်လပ်ရေးကိုအရေးဆိုစဉ် ရှမ်းစော်ဘွားများက “အောင်ဆန်းသည်ငါတို့၏ကိုယ်စားလှယ်မဟုတ်”ဟု ကြေးနန်းရိုက်သဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်လူထု၏ကိုယ်စားလှယ်ဖြစ်ကြောင်း လူထုအစည်းအဝေးပြုလုပ်ဆုံးဖြတ်ရန်အတွက် တောင်ကြီးမြို့မဈေးမှ ဈေးသူဈေးသားများက စတင်ပြီး စုစည်းဆန္ဒထုတ်ဖေါ် အစည်းအဝေးပြုလုပ်ခဲ့သည့်နေရာသည် ယခုတပင်ရွှေထီးလမ်းဖြစ်သည်ဟု ရှေးမီနောက်မီ လူကြီးများက စကားလက်ဆင့်ကမ်း၍ သိရ၏။
ထိုသမိုင်းဝင်လမ်းကား လမ်းမဟုတ်သောလမ်းဖြစ်နေချေပြီ။

တစ်လမ်းလုံးပိတ်ဆို့နေသောဈေးဆိုင်များကို ဂြိုဟ်တုဓါတ်ပုံမှာပင် အထင်အရှား
ရှမ်းပြည်နယ်၏သဘာဝတစ်ခုက ဈေးနေ့များတွင် အရပ်ရပ်မှ ရောင်းဝယ်ဖေါက်ကား ရောက်ရှိလာသူများဖြင့် ဈေးအနီးရှိ လမ်းအသီးသီး၌ ဈေးသည်တို့ဖြင့် စည်ကားပိတ်ဆို့နေလေ့ရှိတတ်သည်။ ပြည်သူအများစုအတွက် ဟင်းရွက်သီးနှံ အစုံအလင်ရွေးချယ်ဝယ်ယူနိုင်သဖြင့် လမ်းနေလူထုက မငြူစူကြ။ (၅)ရက်မှတစ်ခါမို့ ပျော်စရာဟုပင် ထင်ကြသည်။ သို့သော် တပင်ရွှေထီးလမ်းကား ထိုသို့မဟုတ် နေ့စဉ်လမ်းပိတ်ဆို့ဈေးရောင်းရာ နေရာဖြစ်နေ၏။ နေ့သာမက ညဘက်ကျပြန်တော့လည်း ညဈေးတန်းက လမ်းကိုပိတ်ဆို့လျက် ၁၂နာရီ တစ်နာရီထိ ဆူညံနေပြန်သေးသည်။ ထိုလမ်းပေါ်သို့ ဈေးစတင်ရောင်းကြသည်က ၁၉၉၆ကတည်းကဖြစ်သော်လည်း စည်းကမ်းတကျဖြစ်ခဲ့သည်မို့ များစွာဒုက္ခမရှိကြ။ မနက်ပိုင်း ကုန်စိမ်းတန်းက ၁၀နာရီလောက်သိမ်းပြီး ညဈေးတန်းက ၄နာရီမှစသည် ညဈေးတန်းပိတ်ချိန်က ည၉နာရီ။ လမ်းကို တစ်ဝက်ကျော်ကျော်ဖွင့်ထားပေးသဖြင့် ကားဆိုင်ကယ်များဝင်ထွက်၍ရ၏။ တဖြေးဖြေးနှင့် စည်းကမ်းကပျက်လာသည် လွန်ခဲ့သည့် သုံး လေးနှစ်လောက်ကစပြီး ကုန်စိမ်းဈေးတန်းနှင့် ညဈေးတန်းအချိန်တို့က တစ်ဆက်တည်းဖြစ်သွားသည်။ လမ်းကိုလည်းအပြည့်ပိတ်လိုက်ကြသည်။ လမ်းနေပြည်သူများ သွားလာရေးခက်ခဲကုန်၏။ အမြဲတမ်းဆိုင်ခန်းများသဖွယ်မရွေ့မပြောင်း ရောင်းချနေသဖြင့် သန့်ရှင်းရေးလည်းမကောင်းတော့။ ညဈေးတန်းစားသောက်ဆိုင်များမှ စွန့်ပစ်ရေများ မီးဖိုပြာများ စားကြွင်းစားကျန်များက လမ်းဘေးရေမြောင်းတွင် ပြည့်လျှံ နံစော်နေတော့၏။ လမ်းနေပြည်သူများ၏ လူမှုရေး စီးပွါးရေး ကျန်းမာရေးကိစ္စများအတွက် ဒုက္ခဖြစ်နေရုံမျှမက အများပြည်သူများအတွက်ပါ သွားရေးလာရေးခက်ခဲကြရ၏။ မကြာခင်က စည်ပင်သာယာမှ ကုန်စိမ်းဈေးကို ၁၂နာရီသိမ်းပြီး ညဈေးတန်းကို ၃နာရီမှဆိုင်ဖွင့်ရန် စီစဉ်ခဲ့သဖြင့် အချိန်ပိုင်းမျှ သွားလာရေးအဆင်ပြေသလိုရှိ၏။ ပြည်သူအများက နှစ်ရှည်လများ လူမှုဒုက္ခကိုမလိုလားတော့။ အစိုးရသစ်၏ ဖြေလျော့ပေးမှုကြောင့် ကားဈေးများကျပြီး ကားဝယ်စီးလိုသော်လည်း ပေ၁၀၀ကျော်လမ်းဘေးက ကားဝင်မရသည့်အိမ်ရှင်များမှာ ဆိုင်ကယ်ပင်ဝယ်စီး၍မဖြစ်နိုင်သဖြင့် မည်သူ့ကိုအပြစ်ဆိုရမည်မသိဖြစ်နေ၏။ စည်ပင်ကတော့ တာဝန်အရှိဆုံးဖြစ်လိမ့်မည်။ လမ်းကိုလမ်းအဖြစ် အသုံးမပြုနိုင်သည့် သမိုင်းဝင်လမ်းကြီးကို တောင်ကြီးစည်ပင်က မည်သို့စီမံပေးမည်ကို ပြည်သူအများက စောင့်ကြည့်နေကြပါ၏။

Sunday, July 7, 2013

Green Clean & Friendship for SEA Game

အရှေ့တောင်အာရှအားကစားပြိုင်ပွဲ


၁၉၆၉ခုနှစ် ကျွန်းဆွယ်အားကစားပြိုင်ပွဲနောက်ပိုင်း တစ်ကြိမ်မျှ အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခြင်းမရှိတဲ့ မြန်မာနိုင်ငံဟာ ယခုနှစ် ဒီဇင်ဘာလအတွင်းမှာ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို နေပြည်တော် ရန်ကုန် မန္တလေးနဲ့ ငွေဆောင်တို့မှာ ကျင်းပတော့မှာဖြစ်ပါတယ်။
“စိမ်းလန်း သန့်ရှင်း မိတ်ဆွေရင်း” Green Clean and Friendship ဆိုတဲ့ဆောင်ပုဒ်နဲ့ အားကစား ပွဲတော်ကြီး ကျင်းပချိန် နီးကပ်လာတာနဲ့အမျှ မီဒီယာမျိုးစုံနဲ့ လှုံဆော်မှု သတင်းထုတ်ပြန်မှုတွေများပြားလာပြီး ပြည်သူအပေါင်းရဲ့ စိတ်ဝင်စားမှုများကလည်း မြင့်တက်လာနေပါတယ်။
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာလည်း လှုံဆော်ရေးပိုစတာတွေကို သက်ဆိုင်ရာဌာနက ဟဲဟိုးလေယာဉ်ကွင်းအနီး ပြည်ထောင်စုလမ်းမဘေး၊ အေးသာယာရှိမြို့အ၀င်မုခ်ဦးအနီး မြို့ပေါ် ဗိုလ်ချုပ်ပန်းခြံနဲ့ တောင်ကြီး ဂေါက်ကွင်းအနီးတို့မှာ စိုက်ထူးထားရှိပါတယ်။

မြန်မာအလံပုံပြောင်းသွားတာလားလို့
ပိုစတာဆိုင်းဘုတ်ကြီးများက ကြီးမားခန့်ထည်သလို အိုင်ဒီယာအမျိုးမျိုးနဲ့ ဆန်းသစ်တဲ့ဒီဇိုင်းတွေကြောင့် ဆွဲဆောင်မှုရှိပေမယ့် အမှားအယွင်းကြီးကြီးမားမားအချို့ကို စိတ်မကောင်းစရာတွေ့ရပါတယ်။
တစ်ခုက ဟဲဟိုးလေယာဉ်ကွင်းအနီးက ပိုစတာဖြစ်ပါတယ်။ ပုံမှာပါတဲ့အတိုင်း မြန်မာနိုင်ငံတော်အလံနဲ့ ပုံဖေါ်ထားတဲ့ခဲတံရဲ့အရောင်မှာ အနီနဲ့အစိမ်းဟာ အထက်အောက်ပြောင်းပြန်ဖြစ်နေပါတယ်။
နောက်တစ်ခုကတော့ ဗိုလ်ချုပ်ပန်းခြံက ပိုစတာမှာ ဗီယက်နမ်နိုင်ငံအလံရဲ့ ကြယ်ဟာ အဖြူရောင်ဖြစ်နေတာပါ။
အဲဒီပိုစတာတွေရဲ့ အမှားအယွင်းတွေကို အမှန်အတိုင်းပြင်စေချင်ပါကြောင်း တင်ပြလိုက်ပါတယ်။

Monday, July 1, 2013

Ceremony of tree planting

သစ်ပင်စိုက်ပွဲတော်


ဇူလိုင်လ(၃)ရက်နေ့မှာကျရောက်တဲ့ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော် တစ်ခုကို ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့ အေးသာယာမြို့အ၀င် စိမ်းလန်းစိုပြေရေး နယ်မြေမှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။

မျိုးဆက်သစ်ကိုအမွေပေးဖို့ သစ်ပင်စိုက်ပျိုးကြပါစို့
အဲဒီပွဲတော်ကို ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနဲ့ နယ်ပယ်အသီးသီးမှ အမျိုးသမီးများ ဌာနဆိုင်ရာ တာဝန်ရှိသူများ စုစုပေါင်းအင်အား ၉၀၀ကျော်တက်ရောက်ခဲ့ကြပြီး စိန်ပန်းပြာ၊ ချယ်ရီ၊ ခါတော်မီ၊ ပိတောက်နဲ့ ရေသင်းဝင် ပျိုးပင်စုစုပေါင်း ၁၀၀၀ကျော်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရှိရပါတယ်။

မိုးလရာသီရောက်ခဲ့ပြီ မြေဆီစိုခိုက် သစ်ပင်စိုက်


Wednesday, June 26, 2013

Destruction ceremony of Narcotic drugs in Taunggyi

တောင်ကြီးမြို့က မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲ


ယနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးများမီးရှို့ဖျက်ဆီးပွဲ အခမ်းအနားကို တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း အတွင်းမှာ မနက် ၁၀နာရီက ကျင်းပခဲ့တယ်လို့သိရပါတယ်။

အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ စစ်ဘက် နယ်ဘက် ဌာနဆိုင်ရာများ ပြည်သူလူထုများတက်ရောက် အားပေးခဲ့ကြပါတယ်။ မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲမှာ ဘိန်းမည်း၊ ဘိန်းညို၊ ဘိန်းဖြူများနှင့် စိတ်ကြွရူးသွတ်ဆေးပြားများ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၆၄သန်းခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြကြောင်းသိရှိရပါတယ်။


Tuesday, June 25, 2013

ဘဝ (သို့မဟုတ်) အပေါစား ဇာတ်လမ်းတစ်ပုဒ်

"ဘဝ (သို့မဟုတ်) အပေါစား ဇာတ်လမ်းတစ်ပုဒ်"

အပေါစားဇာတ်လမ်းတစ်ပုဒ်ကို ကြည့်ဖူးကြပါသလား။ ကြည့်နေစဉ် မပြီးခင်မှာလည်း အဓိပ္ပါယ်မရှိ၊ တန်ဖိုးမရှိ၊ ကြည့်ပြီးသွားတော့လည်း အဓိပ္ပါယ်မရှိ၊ တန်ဖိုးမရှိ။

တကယ်တော့ လူတွေဟာ ဘဝအထိုထို တန်ဖိုးရှိသည်ဟု ပြောဆိုနေ ကြလေ၏။ အမြင့်မြတ်ဆုံးဘဝ ဘုရားရှင်၊ ဘုရားသခင်နှင့် တမန်တော်များ၊ ထို့နောက် သူတော်စင်ဘဝ၊ သူဋ္ဌေးသူကြွယ်၊ ရာထူးရှင်၊ အာဏာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များဘဝ၊ ထိုထို ဘဝများစွာကို တန်ဖိုးရှိသည်ဟု ပြောဆိုနေကြပေ၏။

ဘဝများစွာဟာလေပူဖောင်းတစ်လုံးပမာ လေရှိနေစဉ် တက်ကြွ
ဖောင်းကားနေသော်ငြားလည်း လေပေါက်သွားသော်၊ သုံးမရ၊ ပြုမရ မတက်မကြွ အသုံးမကျ ဘာအဓိပ္ပါယ်မှလည်း မရှိတော့ပါချေ။ လူ့ဘဝလည်း ထိုနည်းတူစွာ မိမိတို့ရခဲ့ပြီးသော လွန်ခဲ့တဲ့ဘဝများစွာ ဘာမှ သုံးစား မရတော့ပါ။ ယခုဘဝလည်း ရှေးဘဝများနည်းတူပဲ မကြာခင်ကွယ်ပျောက်ပြီး အသုံးမဝင်ဖြစ်ကြရတော့မှာဘဲ။ ဒါကြောင့် ဘဝဆိုတာ အပေါစားဇာတ်လမ်းတစ်ပုဒ်။

ဘဝကိုတန်ဖိုးရှိသည်ထင်ပြီး သေတာတောင်မှ ပြန်ရှင်ထမြောက်ချင် ကြသောသူတွေကလည်း ဒုနဲ့ဒေး။ အချိန်ကျရင် ဘုရားသခင်က တရားစီရင်ကာ ကောင်းကင်ဘုံသို့ ခေါ်တော်မူမှာပဲဟု အယူအစွဲနဲ့ မျှော်လင့်စောင့်စားနေကြတဲ့ အရူးတွေကလည်းများမှများ။ ဒီလိုလူတွေကြားထဲမှာတော့ ဗုဒ္ဓဘုရားရှင်ဟောတော်မူခဲ့သော နိဗ္ဗာန်ချမ်းသာတရားဟာ ပျောက်ကွယ်နေမှာ အမှန်ပါပဲ။

လူ့ဘဝအထွေထွေမှာ လက်နက်ကို တန်ဖိုးရှိသည်ဟု ထင်နေသူများက လက်နက်ကိုဆုပ်ကိုင်ထားကြ၏။ ရာထူးအာဏာကို ဆုပ်ကိုင်ထား ကြ၏။ အတတ်ပညာကို တန်ဖိုးရှိသည်ဟု ထင်နေကြသူများကလည်း အတတ်ပညာကို ရှာဖွေနေကြ၏။ ငွေကြေးဥစ္စာကို တန်ဖိုးရှိသည်ဟု ထင်နေကြသူများကလည်း ငွေကြေးဥစ္စာကို ရှာဖွေကာ ဆုပ်ကိုင် ထားနေကြ၏။ ဘဝခန္ဓာကို တန်ဖိုးရှိသည်ဟုထင်နေကြသူများကလည်း ဘဝခန္ဓာကို တွယ်တာတပ်မက်နှစ်သက်စွာ ဆုပ်ကိုင်နေကြတုန်းပါပဲ။

ကိုယ့်အထင်နဲ့ကိုယ် ဘယ်လိုပဲထင်ထင် ဘယ်လိုပဲ မြင်မြင် ဘဝမှန်သမျှ တန်ဖိုးထားနေကြရင် လေပူဖောင်းကို ခင်နေသလိုပါပဲ။ လေပူဖောင်းကွဲသွားရင် ဝမ်းနည်းတသယူကြုံးမရ
ဖြစ်ကြရတာ။ ပုံပမာအားဖြင့် ဘုရားပွဲက ဝယ်ယူလာတဲ့ လေပူဖောင်းနဲ့ ခုံမင်နှစ်သက်စွာ ဆော့ကစားနေတဲ့ ကလေးငယ်။ ဆူးတစ်ချက်ထိ ဆူးတစ်ချင်ငြိလို့ လေပူဖောင်း ကွဲသွားတဲ့အခါ ဝမ်းနည်းစွာနဲ့ ငိုကြွေးနေရသလိုပါပဲ။

လူ့ဘဝဟာလည်း ကံတစ်ချက်လှည့်တာနဲ့ စိတ်တစ်ချက် ဥတုတစ်ချက်ပြောင်းတာနဲ့ အာဟာရတစ်ချက် တိမ်းစောင်းသွားတာ နဲ့ လေပူဖောင်းကွဲသလို ကွဲကြေသွားရလိမ့်မယ်။ ဒါကြောင့် လေပူဖောင်းနဲ့တူစွာ ဘဝခန္ဓာ ငွေကြေးဥစ္စာအတတ်ပညာ၊ ရာထူးအာဏာ၊ တန်ခိုးအရှိန်အဝါတွေကို သိပ်များများကြီး တန်ဖိုးမထားမိပါစေနဲ့။ ဒါတွေကို တန်ဖိုးကြီးကြီးထားမိရင် မိုက်မဲတဲ့ ကလေးငယ် ငိုကြွေးရသလို ပူဆွေးရသလို မိမိတို့လည်း မလွဲမသွေ ပူပန်မှုတွေနဲ့ ကြုံတွေ့ရမှာ အမှန်ပါပဲ။

မနေ့က ဖြစ်ခဲ့ပြီးတာ ခုချိန်မှာ ဘာအဓိပ္ပါယ်မှ မရှိတော့ပါ။ ယခုဖြစ်နေဆဲမှာလည်း တဒင်္ဂခဏလေးမို့ သိပ်ပြီးအဓိပ္ပါယ်ရှိလှတာ
တော့ မဟုတ်ပါ။ နောင်ဖြစ်လာမယ့်ဟာတွေလည်း မရေရာ မသေချာတာမို့ အဓိပ္ပါယ်အတိအကျ သတ်မှတ်ပြလို့မရပါဘူး။

ဒါကြောင့် ဘယ်အချိန်ကြည့်ကြည့် အဓိပ္ပါယ်မရှိ အနှစ်သာရမရှိတဲ့ အတွက် မိမိဘဝကို အဆင့်မြင့်တယ် ၊ တန်ဖိုးရှိတယ်၊ အဓိပ္ပါယ် အနှစ်သာရရှိတယ်လို့ အတင်းဆွဲယူကာ ဆုပ်ကိုင်မထားကြပါနဲ့။ အကယ်၍ ဇွတ်အတင်းဆုပ်ကိုင်ဆွဲယူထားမိမယ်ဆိုရင်ဖြင့် ဒါဟာ အယူမှား (ဒိဋ္ဌိ)လို့ ဘုရားရှင်က ဟောပြတော်မူခဲ့ပါတယ်။

လူညံ့တွေက လူတော်တွေကို ချီးမွမ်းဂုဏ်ပြုကြပေမဲ့ ညံ့ညံ့တော်တော် အချိန်တန်တော့ အားလုံးပြီးသွားကြ ပျောက်သွားကြတာမို့ ဘာအနှစ်သာရမှမရှိ အနတ္တဟု ဘုရားရှင်က အတိအကျ
ပြောခဲ့တာကိုလည်း သတိထားပြီး နှလုံးသွင်းပေးရမယ်။

အကောင်းလာလာ အဆိုးလာလာ အတော်လာလာ အညံ့လာလာ နောက်ဆုံးမှာ အပျက်ထဲမှာ အားလုံးပေါင်းစုတဲ့အတွက် ဘဝမှန်သမျှဟာ အပေါစားဇာတ်လမ်းတစ်ပုဒ်မျှသာပါပဲ။ ကြည့်နေဆဲလည်းဘာမှမဟုတ် ကြည့်ပြီးသွားတော့လည်း ဘာမှမဟုတ်။

ဒါကြောင့် ဘဝကို တန်ဖိုးထား ဂုဏ်ယူဝင့်ကြွားနေတဲ့ မာန၊ ခုံမင်တွယ်တာ ပျော်ရွှင်နေပါတဲ့ တဏှာ၊ ဆုပ်ယူကာ အတည်ပြုတဲ့ ဒိဋ္ဌိတွေကို ကျော်လွှားနိုင်ဖို့ မိမိရဲ့ဘဝဖြစ်စဉ်ကို အပေါစား ဇာတ်လမ်း တစ်ပုဒ်ကို ကြည့်ရသလို မြင်အောင်ကြိုးစားရမယ်။

ဒီလောက်ပြောရုံမျှမရ၊ သင်တို့ခန္ဓာကိုယ်ကို တန်ဖိုးထားကာ သ နေကြဦးမယ်ဆိုရင် ဓမ္မပဒပါဠိတော်မှာလာတဲ့ ပူတိဂတ္တတိဿရဟန်းကို ဟောကြားခဲ့တဲ့တရားတော်ကို သတိထားကာနှလုံးသွင်း ဆင်ခြင်ပေးရမယ်။ တကယ်တော့ သင်တို့ တန်ဖိုးထားတဲ့ ခန္ဓာကိုယ်ဟာ စိတ်ရှိနေလို့သာပေါ့။ စိတ်သာမရှိတော့ရင် ဘာမှ သုံးမရ စက်ဆုပ်စရာအသုဘ တန်ဖိုးမရှိတဲ့ ဘဝဆိုတာ သင်တို့ရဲ့ရှေ့က ကွယ်လွန်သွားကြတဲ့ ဘိုးဘွား မိဘ ညီအစ်ကို မောင်နှမ ဆွေမျိုးသားချင်း မိတ်ဆွေသင်္ဂဟတို့ရဲ့ အသုဘခန္ဓာကိုယ်တွေက ပြပြသွားကြတာပဲ။

တန်ဖိုးရှိတယ်လို့ထင်သူတွေ သတိသာထားကြပေတော့။ ကိုယ့်ကိုယ်ကို အသုံးကျတယ်လို့ ထင်သူတွေ သတိသာ ထားကြပေတော့။ ကိုယ့်ကိုယ်ကို အဓိပ္ပါယ်ရှိသူလို့ ထင်သူတွေ သတိသာထားကြပေတော့။

စိတ်ရှိလို့သာ ခန္ဓာကိုယ်ဟာ အသုံးဝင်သယောင်ယောင် သရုပ်ဆောင်ပြနေတာ။ စက်ဆုပ်စရာနဲ့ အသုံးမကျ တန်ဖိုးမရှိတဲ့ အခြေအနေကိုဖုံးဖိပြီး အတင်းအဓမ္မ ဇာတ်လမ်းဇာတ်ကွက် ဆင်ပြီး ပြနေရတဲ့အတွက် ဘဝခန္ဓာလှုပ်ရှားမှု ဖြစ်ပေါ်သမျှဟာ အပေါစားဇာတ်လမ်းတစ်ပုဒ်မျှသာပါပဲ။

မူရင်းမကောင်းရင် မိတ္တူလည်းမကောင်းတာမို့ မူရင်းဘဝခန္ဓာကမှ မကောင်းဘဲ၊ မိတ္တူဖြစ်တဲ့ ကုသိုလ်နဲ့ အကုသိုလ် ကောင်းကောင်း၊ ဆိုးဆိုး၊ တော်တော်၊ ညံ့ညံ့ တွေဟာလည်း ဘာမှကောင်းတယ်လို့ ယူဆလို့ မရနိုင်တော့ပါ။

ဒါကို သိမြင်တော်မူခဲ့သော ဘုရားရှင်နဲ့ ရဟန္တာသခင်တွေဟာ သူတို့ရဲ့ အပေါစားဇာတ်လမ်းတွေကို ဆက်လက်မက လိုတော့ဘဲ ချုပ်ငြိမ်းရုပ်သိမ်းကာ မဟာပရိနိဗ္ဗာန်ဝင်စံသွားကြတော့တာပါပဲ။

ဒါကြောင့် သင်တို့သည်လည်းပဲ မမောတမ်း မပန်းတမ်း မနားတမ်း ကပြနေရတဲ့ဘဝ သို့မဟုတ် အပေါစားဇာတ်လမ်းတစ်ပုဒ်ကို ရပ်တန်းက ရပ်သင့်ပြီဟု သတိပေးလိုက်ရပါတယ်။

**** ပူဖောင်းပမာ တို့ခန္ဓာ၊ သတိရှိကြပါ။ ***

အရှင်ဇောတိက
(ဓမ္မပါရဂူ)

Sunday, May 19, 2013

Tree of World, Tree of Human

ကျေးဇူးမေတ္တာ မင်္ဂလာ (လောကသစ်ပင် လူသစ်ပင်)


ကမ္ဘာပေါ်မှာ သစ်ပင်များစွာရှိပါ၏။ အချို့သစ်ပင်ကား အရွက်လှ၏။ အချို့ အပင်ကား အသီးချို၏။ အချို့အပင်ကား ဆေးဘက်ဝင်၏။ အချို့အပင်ကား အဆိပ်ပင်ဖြစ်၏။

ထိုနည်းတူစွာ လူများမှာလည်း အချို့လူကား မိမိ သူတစ်ပါး နှစ်ဦးသားနှင့် အများအတွက် အကျိုးများ၏။

အချို့လူကား သူ့မိသားစုအတွက်သာ အကျိုးများ၏။ အသီးမချိုပေမဲ့ စား၍ ရသောအပင်ပါပေ။

အချို့လူကား နံမည်နှင့် ဟန်ပန်ရုပ်ရည်မျှသာ ရှိချေ၏။ အရွက်လှသောအပင်ပါလေ။

အချို့လူကားမိမိသူတစ်ပါး ဒုက္ခများအောင် အနှောင့်အယှက်ပေးတတ်၏။ အဆိပ်ပင်ပါပေ။




မိမိသည်ကား ဘုရားဟောတရားတော်များကို နက်နက်နဲနဲ သဘောပေါက် သိမြင်ပြီးသည့်နောက် မိမိကိုယ်ကို ချိုသော အသီးများစွာ သီးနေသော အပင်ဟု ထင်မိပါ၏။
ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ဟု စောစောစီးစီး မထင်လိုက်ပါလေနှင့်။ သင်နှင့်တကွ သင့်မိသားစုတတွေ လူတော် လူကောင်းများဖြစ်နိုင်ဖို့ ၊ ပညာရှိ သူတော်ကောင်းများ ဖြစ်နိုင်ဖို့ ၊ လောကအပေါ်ကျေးဇူးသိတတ်
ကျေးဇူးဆပ်နိုင်သော ပုဂ္ဂိုလ်များ ဖြစ်ကြပြီး ချိုသောအပင် အသုံးကျသော အပင်များ ဖြစ်နိုင်ကြဖို့ ကူညီ ပံ့ပိုးလမ်းညွှန်ပေးချင်သဖြင့် မိမိကိုယ်ကို ချိုသောအသီးများစွာ သီးနေသောအပင်ဟု တင်စား ၍ ပြောကြားလိုက်ရခြင်းဖြစ်ပါ၏။


ဒါကလည်း အလွတ်ပြောခြင်းမဟုတ်ပါ။ ဘုရားသားတော်ရဟန်းတစ်ပါး
ဖြစ်သည့် အတိုင်း ဘုရားလမ်းစဉ်နှင့်အညီ ပြောကြားခြင်းဖြစ်ပါ၏။


တစ်နေ့ ဥရုဝေလကဿပတောမှ မိဂဒါဝုန်သို့အကြွ လမ်းခုလတ်မှာ ဘုရားရှင် နှင့် ဥပကတွေ့ကြလေ၏။

ဥပက ။ ။ ငါ့ရှင် အသင်ကား ဥပဓိရုပ်ရည်တော်တော် လှပေ၏။
သင့်နံမည်ကား ဘယ်လိုခေါ်ပါသလဲ။

ဘုရားရှင် ။ ။ ငါကားအလုံးစုံကိုယ်စိတ်နှပါးကို အောင်နိုင်ခဲ့ပြီးသည့်အတွက်
ငါ့အမည်ကား ဇိန (အောင်မြင်သူ)။

ဥပက ။ ။ သင်ပြောတဲ့အတိုင်း သင့်ရုပ်ရည်နဲ့ ကိုက်ညီပါပေတယ်။
ဇိန (အောင်မြင်သူ) ဟုတ်မှာပါ ဟုတ်မှာပါ။

ထိုသို့ပြောလျှက် ခေါင်းညိတ် ခေါင်းညိတ်ဖြင့် ထောက်ခံချက်ပေးပြီး ဥပက ထွက်ခွါသွားလေ၏။

ဘုရားရှင်က သူ၏အသီးချိုပုံကို သိစေလို ၍ စိတ်အလှကို နှုတ်က ထုတ်ပြ
ပြောဆိုလိုက်ပေမယ့် ဉာဏ်နည်းတဲ့ဥပက ကဘုရားရှင်၏ ရုပ်အလှ အရွက်လှမျှကိုသာ မြင်ပြီးထွက်ခွါ သွားလေ၏။

တကယ်တော့ ဘုရားရှင်က အရွက်လှ အသီးချိုသောအပင်။


တစ်ချို့သောသူများက မိမိ၏ အနေ အစား အသွား စကားပြောပုံတို့ကို ကြည့် ၍ အထိုက်အလျောက် ကြည်ညိုကြ၏။ ရင်းနှီးကြ၏။ ခင်မင်ကြ၏။

သူတို့သည်ကား မိမိ၏ အရွက်လှမျှကိုသာ မြင်နေကြသူများပင်။ အမှန်စင်စစ် ဘမျိုးဘိုးတူဆိုသလို အရွက်လှ အသီးချိုသော အဖဘုရားရှင်၏ အတုကို လိုက်၍ နေ၍ ကျင့်၍ သိ၍ မိမိမှာလည်း ချိုသော အသီးများ အထိုက်အလျောက် သီးပွင့်နေသည်ကိုတော့ မသိကြပါလေ။

အပင်ကြီးကား ချိုသောအသီးများ သီးလေပြီ။ ဆွတ်ယူ၍ ခူးယူ၍ ဝေငှ၍ မပေးခဲ့လျှင် အချိန်တန် သဘာဝအရ မြေသို့ ကြွေကျ၍ ချိုသော အသီးများ အလဟဿ ဖြစ်သွားကြပေလိမ့်မည်။ ခူးယူ၍ ဝေငှပေးလိုက်လျှင်တော့ အများသူငှာ စားသုံးပြီး ချိုမြသောအရသာကို ခံစားရပေလိမ့်မည်။

မိမိသည်ကား တစ်နေ့တစ်ခြား တိုး၍ တိုး၍ သာ အိုမင်းရင့်ရော် လာချေ၏။
ပြန်လည်၍ နုပျိုဖို့ကတော့ ဘယ်လိုနည်းနှင့်မျှ မဖြစ်နိုင်တော့။

တစ်နေ့ တစ်ခြား ဝ၍ ဝ၍ ၊ ပွ၍ ပွ၍ သာ လာလေ၏။ ရှေ့လျှောက် ဝပြီး ပွပြီးလျှင် ပုပ်ဖို့သာ ရှိချိမ့်မည်။

ဒီသဘာဝအရ အို၍ နာ၍ သေ၍ ဝ၍ ပွ၍ ပုပ်၍ ဘဝဇာတ်သိမ်းချုပ်ငြိမ်း
သွားသည်ရှိသော် မိမိသိထားသော အသီးချိုများကား မြေသို့ကျ၍ အလဟဿ ဖြစ်သွားရပေတော့မည်။


သို့အတွက် … ၁၃၇၄ ခုနှစ် ပြာသိုလပြည့်ကျော် (၂) ရက် ၊ တနင်္လာနေ့တွင် မိမိ၌ ရှိသော အသီးချိုများကို ဝေငှဖြန့်ဖြူးနိုင်ရန် ကောင်းမြတ်သော ဆန္ဒအမှန်ဖြင့် မိမိအပေါ် အထိုက်အလျောက် ကြည်ညိုရင်းစွဲရှိကြသော ရန်ကုန်မြို့ရှိ ဒေါက်တာစံကျော် အမှူးရှိသော မိသားစုအပေါင်း သူတော်ကောင်းများနှင့် ဦးလှဝင်း ၊ ဦးခင်စိန် ၊ ဒေါ်နှင်းသန့် ၊ မသက် ၊ မအေးမွန်အောင် ၊ ကိုမင်းစိန် စသော တရားသိမြင် စိတ်ကောင်းဝင်ကြသည့် ပုဂ္ဂိုလ်အများ စုပေါင်း၍ ကျေးဇူးမေတ္တာ မင်္ဂလာအသင်းတော် ဟူသော အမည်ဖြင့် အသင်းတော် တစ်ခု စတင်စုစည်း တည်ထောင်လိုက်ကြပါသည်။

အသင်း၏ ရည်ရွယ်ချက်မှာ ကလေးသူငယ်များ လူတော်လူကောင်းလေးတွေ
ဖြစ်လာကြဖို့၊လူလတ်ပိုင်းအရွယ်များ ကျေးဇူးသိတတ် ကျေးဇူးဆပ်နိုင်သူများ
ဖြစ်လာကြဖို့ နှင့် လူကြီးပိုင်း သက်ကြီးရွယ်အိုများပညာရှိသူတော်ကောင်းများ
ဖြစ်လာကြပြီး လောကသံသရာ ဆင်းရဲ ဒုက္ခအပေါင်းမှ ငြိမ်းအေးစွာ လွတ်မြောက်သွားနိုင်ကြဖို့ကို အဓိကဦးတည် ရည်ရွယ်ပါ၏။

ချိုသောအသီးများစားပြီး ချိုသောမျိုးဗီဇများ ဖြစ်ပေါ်ကာ လောကမှာ မိမိ သူတစ်ပါး နှစ်ဦးသားအတွက် အကျိုးများသော လူသားများအဖြစ်
ဖြစ်ပေါ်နိုင်ကြပါစေဟု မေတ္တာဆန္ဒပြုရင်း အသင်းတည်ထောင်မှုစာတမ်းကို
ဖြန့်ဝေလိုက်ရပါသည်။


ခါးတူးချဉ်စပ်၍ အသုံးမဝင်သော အဆိပ်ပင်များကိုကား လူအများက ခုတ်ပယ်၍ ရှင်းလင်းပစ်ကြလေ၏။ အပယ်ခံ အပင်များပါပေ။ ထိုနည်းတူစွာ မတော်မကောင်း အဆိပ်သင့် လူများသည်ကား အပယ်ခံဘဝဖြင့်
အောက်ကျနောက်ကျ လူအဖြစ်က ဆုံးရှုံးရလေ၏။

သင်တို့၏ သားသမီး မြေးမြစ်များ အပယ်ခံဘဝ အောက်ကျ နောက်ကျ လူ့ဘဝမရှုံးရလေအောင် သင်တို့ကိုယ်တိုင်လည်း အပယ်ခံဘဝဖြင့် အပါယ်မကျ ရလေအောင် ကျေးဇူးမေတ္တာ မင်္ဂလာအသင်းတော်သို့ ဝင်ရောက်ပြီး လူတကာအတွက် လူရာဝင် ချိုသောအသီး ချိုသောအပင်များ
ဖြစ်အောင် ကြိုးစားကြပါဟု တိုက်တွန်းအမှု ပြုလိုက်ရပါသည်။

ဤ စာတမ်းကို သတိထား၍ ဖတ်ပါ။ ကြိုးစား၍ ဖတ်ပါ။ စိတ်ဝင်စားစွာဖတ်ပါ။
ဉာဏ်ဖြင့် စဉ်းစားဝေဖန်၍ ဖတ်ပါ။

အရွက်လှကို ကြည့်ရုံမျှနှင့် ဗိုက်မဝ အာဟာရမဖြစ်၊အသီးချိုကိုသုံးဆောင်ရမှ
အာဟာရ ဖြစ်လိမ့်မည်။

သင် ဉာဏ်ရှိလျှင် အရွက်လှကို မြင်ရရုံမက အသီးချိုကိုပါ သုံးဆောင်ရမည်။

ရွေးချယ်မှုအပိုင်းက သင်တို့တာဝန် သင်တို့သဘော။

လမ်းညွှန်မှုအပိုင်းက ဘုရားရှင်နှင့် ဘုရားနည်းတူ သားသံဃာတော်များ၏ တာဝန်။ ။


အရှင်ဇောတိက
ဓမ္မပါရဂူ

Saturday, May 4, 2013

Presenting ceremony for New Mart in Taunggyi

ကုန်ခြောက်သားငါးဈေးတင်ဒါ ရှင်းလင်းတင်ပြပွဲ

 

တောင်ကြီးစည်ပင်အဖွဲ့ပိုင် လက်ရှိကုန်ခြောက်သားငါးဈေးကို အဆင့်မြှင့်တင်တည်ဆောက်ဖို့ အတွက် ဆောက်လုပ်ရေးကုမ္ပဏီ(၇)ခုက ရှင်းလင်းတင်ပြပွဲကို ယမန်နေ့ နံနက် ၉နာရီခွဲကနေ ညနေ ၄နာရီအထိ မြို့တော်ခန်းမမှာကျင်းပခဲ့ပါတယ်။ အခမ်းအနားကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ ဖိတ်ကြားထားသူများ တက်ရောက်ကြပါတယ်။

တင်ဒါကုမ္ပဏီများက ရှင်းလင်းတင်ပြပွဲ
အဆင့်မြှင့်ဈေးတည်ဆောက်မည့်နေရာ

လက်ရှိကုန်ခြောက်သားငါးဈေးနေရာဟာ ဧရိယာ ၁.၄၄ဧကရှိပြီး ၁၉၆၉ခုနှစ်က ဆောက်လုပ်ထားတဲ့ဈေးဖြစ်ကာ ဆိုင်ခန်းပေါင်း ၄၄၆ခန်းရှိပါတယ်။

Creation Myanmar ကအဆိုပြုသောအဆင့်မြင့်ဈေးပုံစံ
 
တောင်ကြီးကုမ္ပဏီကတင်ပြသော ဈေးဝယ်စင်တာပုံစံ
ရှမ်းရိုးမကုမ္ပဏီ၏ central point mall
ကုန်ခြောက်သားငါးဈေးဟာ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ရေထွက်ဦးလမ်းထောင့် မြို့မဈေးကြီးနဲ့ မျက်နှာချင်းဆိုင် မြို့လယ်ကောင်မှာတည်ရှိပြီး မြို့တော်ရဲ့ ပြယုဂ် အထင်ကရနေရာတစ်ခုအဖြစ် တည်ဆောက်ဖို့ ရည်ရွယ်ထားတဲ့အတွက် စိတ်ဝင်စားတဲ့ကုမ္ပဏီများကလည်း အပြိုင်အဆိုင် အဆိုပြုတင်ပြကြပါတယ်။ ကုမ္ပဏီ တစ်ခုဆိုလျင် အကျိုးအမြတ်ခွဲဝေမှုအနေနဲ့ အစိုးရအတွက် ၇၇% လုပ်ငန်းရှင်အတွက် ၂၃%လို့အဆိုပြုပြီး လက်ရှိဈေးသူဈေးသားများကို ဈေးတည်ဆောက်စဉ်ကာလအတွင်း ယာယီဈေးသစ်မှာ အခမဲ့ရောင်းချခွင့်ပေးကာ လုပ်ငန်းနေရာပြောင်းရွေ့ရတဲ့အတွက် အရောင်းအ၀ယ်ထိခိုက်ရမှုကို လစဉ်နစ်နာကြေးတွေပါ ထုတ်ပေးသွားမယ်လို့ အဆိုပြုတာတွေ့ရှိရပါတယ်။

Sunday, April 28, 2013

Water distribution in TaungGyi

ရေရှားပါးသည့်ရပ်ကွက်များသို့ရေဖြန့်ဝေခြင်း

 

တောင်ကြီးမြို့ စိန်ပန်းရပ်ကွက် အတွင်း သောက်သုံးရေ လိုအပ်လျက်ရှိတဲ့ ပြည်သူလူထုများအတွက် မြို့နယ် စည်ပင်က ဂါလံ ၁၂၀၀ဆံ့ ရေကား(၂)စီးနဲ့ ယမန်နေ့ ညနေကစတင်ပြီး သောက်သုံးရေများ ဖြန့်ဝေပေးလျက်ရှိကြောင်းသိရှိရပါတယ်။

သီရိမင်္ဂလာရွှေမန်းကျောင်းအနီး ရေဖြန့်ဝေပေးနေစဉ်
လောကမာန်အောင်ကျောင်းတိုက်အနီး ရေဖြန့်ဝေပေးနေစဉ်
“တောင်ကြီးမြို့ပေါ် (၂၂)ရပ်ကွက်မှာ မြို့နယ်စည်ပင်က ရေပေးနိုင်တာ ရပ်ကွက်ပေါင်း(၁၉)ခုပဲရှိပါတယ်။ အိမ်သွယ်ရေတိုင် ၁၈၀၀ကျော်နဲ့ အများသုံးရေကန် ၂၈ကန်အတွက် တစ်နေ့ရေဂါလံ ၁၂သိန်းလောက်ပဲ ပေးနိုင်ပါတယ်။ မြို့လူဦးရေရဲ့ ၄၀%လောက်ပဲ ရေပေးနိုင်တာပါ။ ကျန်တဲ့သူတွေကတော့ စက်ရေတွင်းတွေ ရပ်ကွက်ထဲက ရေထွက်လေးတွေကနေ ရယူသုံးစွဲပါတယ် နွေရာသီရောက်လာတော့ ရေတွင်းတွေ ရေထွက်တွေက ရေထွက်နှုန်းနည်းလာတယ်။ စိန်ပန်းတို့ ရွှေတောင်တို့ ကံသာတို့လို ဆင်းရဲတဲ့ပြည်သူလူထု များတဲ့ ရပ်ကွက်တွေမှာ သောက်သုံးရေ အခက်အခဲတွေဖြစ်လာပါတယ်။ ဒါကြောင့် စည်ပင်က ရေကားတွေနဲ့ အခမဲ့ဖြန့်ဝေပေးတာဖြစ်ပါတယ်။ မိုးမရွာမချင်း နေ့စဉ် ဖြန့်ဝေပေးသွားမှာပါ။” လို့ စည်ပင်အရာရှိ တစ်ဦးကရှင်းပြပါတယ်။

Saturday, April 27, 2013

Cartoons for Children

ကလေးများအတွက် သစ်ထွဏ်း၏ကာတွန်း





Wednesday, April 3, 2013

Amazing News of Mobile phone

လက်ကိုင်ဖုန်းကဒ် သတင်း

ဧပြီလ ၂၄ ရက်နေ့ တွင် စတင်ရောင်းချမည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် ရောင်းချသွားမည်။
CDMA 800 MHZ ဖုန်းကွန်ရက်မရှိသည့်နေရာများတွင် WCDMA 3G ဖုန်းများ ချထားပေးမည်။ ဈေးနှုန်း ၁၅၀၀ ကျပ်သာ ဖြစ်သည်။
နောက်လများတွင် GSM 2.5 G၊ WCDMA 3G ဖုန်းများကိုလည်း ၁၅၀၀ ကျပ်ဖြင့် ချထားပေးမည်။
ဖုန်းကတ်တွင် ဖုန်းပြောခ ငွေကျပ် ၃၀၀ ပါရှိမည်။ ငွေကျပ် ၅၀၀၀ တန် ကြိုတင်ငွေဖြည့်ကတ် ထည့်သွင်း အသုံးပြု ရမည်။ တလလျှင် အနည်းဆုံး ၂၅၀၀ အသုံးပြုရမည်။
ဖုန်းပြောဆိုခများမှ ရရှိသည့် ၀င်ငွေဖြင့် ကွန်ရက်နှင့် စက်ပစ္စည်းများ ထပ်မံ တပ်ဆင်သွားမည်။
တစ်ဆင့်ပြန်လည်ရောင်းချမှုကို ကာကွယ်ရန် ဖုန်းကတ်ကို ၀ယ်ယူပြီး ၁၅ ရက်အတွင်း အသုံးမပြုပါက ဖုန်းလိုင်း ပိတ်မည်။
ဖုန်းပြောဆိုခသည် ခေါ်ဆိုခ တစ်မိနစ် ၅၀ ကျပ်ဖြစ်ပြီး ဖုန်းအ၀င်ပေးရန် မလို။
 

Friday, March 1, 2013

Bush fire destroyed houses

တောမီးလောင်လူနေအိမ်ပြာကျ

ယမန်နေ့ညနေ ၃နာရီမိနစ်၃၀က တောင်ကြီးမြို့ စိန်ပန်းရပ်မှာ မီးလောင်မှုတစ်ခု ဖြစ်ပွါးခဲ့ပါတယ်။ တောင်စောင်းချောက်ထဲမှာ တောမီးလောင်ရာကနေ အိမ်တွေကို ကူးစက်ခဲ့တာဖြစ်ပါတယ်။


မီးလောင်တဲ့နေရာဟာ တောင်စောင်းဘေးမှာရှိပြီး မီးသတ်ကားသွားလို့မရတဲ့အတွက် ရေပိုက်တွေရှည်လျားစွာ ဆက်ပြီး မီးငြိမ်းသတ်ခဲ့ရပါတယ်။ မီးသတ်ကား၃စီး စည်ပင်ရေကားတစ်စီး ပုဂ္ဂလိကရေကား၂စီးလာရောက် မီးသတ်ပေးခဲ့ပါတယ်။ ညနေ၄နာရီခွဲမှာ မီးငြိမ်းသတ်နိုင်ခဲ့ပြီး အိမ်ထောင်စု၇စု လူဦးရေ ၄၇ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။ မီးလောင်ခံရတဲ့အိမ်က ၆အိမ်ဖြစ်ပြီး အိမ်တစ်အိမ်ကတော့ မီးကူးစက်မှုမဖြစ်အောင် ဖျက်ခဲ့ရတဲ့အိမ်ဖြစ်ကြောင်း သိရပါတယ်။


Saturday, February 23, 2013

Competation of Htamanae cooking

ထမနဲပြိုင်ပွဲခြိမ့်ခြိမ့်သဲ


ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပတဲ့ သတ္တမအကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့ နေ့လယ် ၂နာရီခွဲကနေ ညနေ ၅နာရီအထိ တောင်ကြီးမြို့ အဝေရာကုန်းသာယာ မီးပုံးပျံကွင်းမှာ ကျင်းပခဲ့ပါတယ်။

အစဉ်အလာမပျက်
ထမနဲထိုးပြိုင်ပွဲကို အစိုးရအဖွဲ့တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲအမှာစကားကို အစိုးရအဖွဲ့အကြီးအကဲကပြောကြားပြီး ပြိုင်ပွဲကိုစတင်ခဲ့ပါတယ်။

အမှာစကား
စုရုံးတက်ကြွ ပြိုင်ကြမည်
ပြိုင်ပွဲကို မြို့ပေါ်ရပ်ကွက်များ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်အပါအ၀င် အဖွဲ့အစည်းများ ဌာနဆိုင်ရာများ အသင်းပေါင်း (၆၀)ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ပြင်ဆင်မှုကောင်း အောင်မြင်ကြောင်း
အကြိတ်အနယ်ယှဉ်ပြိုင်ကြ
ဒိုင်လူကြီးများက အကဲဖြတ်အမှတ်ပေးချိန်မှာ တိုင်းရင်းသားရိုးရာအကများနဲ့ဖျော်ဖြေခဲ့ပြီး ဆုချီးမြှင့်ပွဲ ကျင်းပခဲ့ရာမှာ ရပခအသင်းက ပထမ ရရှိခဲ့ကြောင်းသိရှိရပါတယ်။
ရှမ်းရိုးရာကိန္နရီကိန္နရာအက
ပထမဆုရအသင်းအား ဆုချီးမြှင့်စဉ်

Wednesday, February 20, 2013

New sun of our future

အနာဂတ် ထာဝရ အလင်းရှင်

Inspecting the damage of motorcycle stand

မော်တော်ဆိုင်ကယ်ရပ်သည့်နေရာအန္တရာယ်ရှိမှုစစ်ဆေး


တောင်ကြီးမြို့ မြို့မဈေးကြီးအနီး ဗိုလ်ချုပ်လမ်းဘေး ပလက်ဖေါင်း စင်္ကြန်ပေါ်မှာရှိတဲ့ မော်တော်ဆိုင်ကယ် ရပ်နားဖို့သတ်မှတ်ထားတဲ့ နေရာကြမ်းခင်း အက်ကွဲမှုကို ယမန်နေ့က ပြည်နယ်စည်ပင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါတယ်။

ပြည်နယ်စည်ပင် အင်ဂျင်နီယာချုပ်က ရှင်းလင်းတင်ပြ
တောင်ကြီးမြို့မြို့မဈေးပတ်ဝန်းကျင်မှာ ယာဉ်ရပ်နားဖို့ နေရာကျဉ်းမြောင်းတဲ့အတွက် လက်ရှိနေရာမှာ လွန်ခဲ့တဲ့ (၂)လကျော်ကစပြီး ဆိုင်ကယ်ရပ်နားဖို့အတွက် နေရာသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ဗိုလ်ချုပ်လမ်းဘေး ယူစီအေ ဆိုင်ခန်းတွေရဲ့ ခေါင်မိုးပေါ်မှာဖြစ်နေတဲ့အတွက် ဆိုင်ခန်းရှင်တွေက သူတို့ရဲ့ ဆိုင်ခန်းများ ကြံ့ခိုင်မှုကို ထိခိုက်မှာစိုးရိမ်လျက်ရှိကြောင်း သိရှိရပါတယ်။ 
“ဆိုင်ခေါင်မိုးဆိုပေမယ့် ယူစီအေက စဆောက်ကတည်းက (၃)ထပ်ဆောက်ဖို့ လုပ်ခဲ့တာဆိုတော့ ကွန်ကရစ် ကြမ်းခင်းလောင်းထားတာပါ။ ကြံ့ခိုင်မှုရှိပါတယ်။ အက်ကွဲကြောင်းဖြစ်နေတယ်ဆိုတာက မမှန်ပါဘူး အဲဒီနေရာတွေက ကြမ်းခင်းအဆက်နေရာတွေပါ။ ယူစီအေမှာ အဆက် (၄)နေရာရှိပါတယ်။ ကွန်ကရစ်ကြမ်းခင်းလောင်းရင် သတ်မှတ်တဲ့ အတိုင်းအတာအလိုက် အဆက်နေရာထားရပါတယ်။ တစ်သားတည်း အရှည်လိုက် လောင်းလို့မရပါဘူး။ အခုဖြစ်တာက အဲဒီအဆက်နေရာအပေါ်မှာ ရေမ၀င်အောင်အုပ်ထားတဲ့ အပေါ်ယံအင်္ဂတေကွာပြီး ဆက်ကြောင်းပေါ်လာလို့ အက်ကွဲတယ်ထင်ကြတာပါ။ အန္တရာယ်မရှိပါဘူး။ မိုးရေမ၀င်အောင် ဆက်ကြောင်းကြားထဲကို ကတ္တရာလောင်းပေးပါ့မယ်” လို့ ပြည်နယ်စည်ပင် အင်ဂျင်နီယာချုပ်က ရှင်းလင်းပြောကြားခဲ့ပါတယ်။
“ယူစီအေဆိုင်ခန်းတွေဟာ နှစ်ထပ်လမ်းဖြစ်နေတဲ့ ဗိုလ်ချုပ်လမ်းဘေးအောက်က သံလွင်လမ်းဘေး ရေနှုတ်မြောင်းပေါ်မှာ လမ်းမြေကိုကျူးကျော်ပြီး ၂၀၀၇ခုနှစ်က စတင်ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ လမ်းနေပြည်သူတွေကကန့်ကွက်လို့ တစ်ထပ်ဆောက်ပြီးရပ်ထားရတာပါ။ အဲဒီဆိုင်တွေကြောင့် မိုးတွင်းအခါမှာ သံလွင်လမ်းမှာ ရေစီးရေလာမကောင်းပဲ ရေမြုပ်လေ့ရှိပါတယ်လို့” စည်ပင်ဝန်ထမ်းတစ်ဦးထံမှ သိရှိခဲ့ရပါတယ်။

Saturday, February 16, 2013

Decentralization Workshop in Taunggyi

ဒေသန္တရစီမံအုပ်ချုပ်ခြင်းအလုပ်ရုံဆွေးနွေးပွဲ

ယခုတလော မြို့တော်တောင်ကြီးမှာ အခမ်းအနားတွေပေါနေပါတယ်။ ရှမ်းပြည်နယ်နေ့ ပြည်ထောင်စုနေ့ ဖွံ့ဖြိုးရေးစီမံကိန်းမြို့နယ်ရွေးချယ်ခြင်း အစည်းအဝေးတွေအပြင် မနေ့ကနဲ့ ဒီနေ့မှာတော့ “ပြောင်းလဲလာသောရာသီဥတုနှင့်လိုက်လျောညီထွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူထုပူးပေါင်းပါဝင်သော ဒေသန္တရစီမံအုပ်ချုပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ” ကို တောင်ကြီးတက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမမှာကျင်းပခဲ့ပြန်ပါတယ်။ ပြည်နယ်အစိုးရအဖွဲ့ဝင်များ တာဝန်ရှိသူများ ၃၀၀ကျော်တက်ရောက်ခဲ့ကြပါတယ်။

ခေါင်းစဉ်အလိုက်တင်ပြကြ

အလုပ်ရုံဆွေးနွေးပွဲမှာ Decentralization, Poverty reduction, Gender equality နဲ့ Fund for Environment ခေါင်းစဉ်တွေနဲ့ ပညာရှင်များကဆွေးနွေးကြပြီး အုပ်စု၅စုဖွဲ့ကာ အကြောင်းအရာအလိုက် ဆွေးနွေးခဲ့ကြပါတယ်။

ကျားမ တန်းတူညီမျှဖို့

ပြီးတော့ ထုံးစံအတိုင်း တက်ရောက်ကြသူတွေရဲ့ အကြံပြုဆွေးနွေးချက်တွေကိုဖြည့်စွက်ပြီး တစ်ဖွဲ့ချင်းအလိုက် ပြန်လည်သုံးသပ်တင်ပြခဲ့ကြပါတယ်။ တက်ရောက်လာကြသူတွေရဲ့ ဗဟုသုတတွေကို ဖလှယ်ခွင့်ရတာရယ် တာဝန်ရှိသူတွေရဲ့ လုပ်ဆောင်ချက်တွေကို သိရတာရယ် ကအကျိုးရှိပါတယ်လို့ တက်ရောက်ခဲ့သူတစ်ဦးကပြောပါတယ်။

အဖွဲ့လိုက်ဆွေးနွေးကြ

အလုပ်ရုံဆွေးနွေးပွဲကို စိမ်းလန်းအမိပြေတိုးတက်ရေးအဖွဲ့က ဦးဆောင်စီစဉ်ခဲ့တာဖြစ်ပြီး နိုင်ငံတော်လူမှုရေးနှင့်စီးပွါးရေးအကြံပေးကောင်စီမှ အကြံပေး ဒေါက်တာဇော်ဦးလည်း တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။

Friday, February 15, 2013

Meeting for township selection for CDD project

လူထုအခြေပြုဖွံ့ဖြိုးရေးစီမံကိန်းမြို့နယ်ရွေးချယ်ခြင်း

နယ်စပ်ရေးရာဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကဦးဆောင်ကျင်းပတဲ့ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ လူထုအခြေပြုဖွံ့ဖြိုးရေးစီမံကိန်း ရှမ်းပြည်နယ်အတွင်း မြို့နယ် ရွေးချယ်ခြင်းအတွက် အကြံပေးခြင်း အစည်းအဝေး”ကို မနေ့က မနက်၉နာရီခွဲကနေ ညနေ ၄နာရီခွဲအထိ မြို့တော်ခန်းမမှာကျင်းပခဲ့ပါတယ်။

ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲကအမှာစကားပြောကြား

အစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲနဲ့အဖွဲ့ဝင်များ ဌာနဆိုင်ရာများ ရှမ်းပြည်နယ်အတွင်းမှ ခရိုင်အုပ်ချုပ်ရေးမှူးများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များ အစိုးရမဟုတ်သောအဖွဲ့အစည်းများ ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ ဖိတ်ကြားထားသောဧည့်သည်များ ၂၀၀ကျော် တက်ရောက်ခဲ့ကြပါတယ်။

စီမံကိန်းအကြောင်းရှင်းလင်းတင်ပြ
Community Driven Development လူထုအခြေပြုဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအကြောင်းကို တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်ကြသူများရဲ့ မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

အကြံပြုဆွေးနွေး

စီမံကိန်းမြို့နယ်ရွေးချယ်ခြင်းအတွက် သတ်မှတ်ချက်များအကြောင်းကို တာဝန်ရှိသူတစ်ဦးကရှင်းလင်း တင်ပြခဲ့ပြီး တက်ရောက်လာကြသူများကို အဖွဲ့ငယ်(၁၀)ဖွဲ့ ဖွဲ့စည်းကာ အဖွဲ့လိုက် စီမံကိန်းမြို့နယ်များကို ရွေးချယ်စေခဲ့ပါတယ်။

အဖွဲ့လိုက်ဆွေးနွေး မဲခွဲဆုံးဖြတ်
ကမ္ဘာ့ဘဏ်ကိုယ်စားလှယ်က အံ့သြ၀မ်းမြောက်

မြန်မာနိုင်ငံမှာ အခုလိုမျိုး စီမံကိန်းတစ်ခုကို ပွင့်လင်းမြင်သာစွာ ပြည်သူလူထုကိုယ်တိုင်ရွေးချယ် ပါဝင်ဆောင်ရွက်ခွင့်ဟာ ပထမဆုံး ဖြစ်တာမို့ အစည်းအဝေးတက်ရောက်လာကြသူများက အထူးစိတ်ဝင်စားကာ တက်တက်ကြွကြွ ပါဝင်ဆွေးနွေးကြတာကိုတွေ့ရပါတယ်။ အများစုရွေးချယ်ကြတဲ့မြို့နယ်များကတော့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နမ့်ဆန်မြို့နယ်နဲ့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရွာငံမြို့နယ်တို့ ဖြစ်ကြပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့အမေရိကန်ဒေါ်လာသန်း၈၀အကူအညီကို ပြည်နယ်တိုင်းဒေသကြီး၁၄ခုနဲ့
နေပြည်တော်ကောင်စီတို့က မြို့နယ်တစ်မြို့နယ်စီကို ရွေးချယ်ပြီး မြို့နယ်အတွင်းက ကျေးရွာအုပ်စုအားလုံးကို တစ်အုပ်စုအတွက် ဒေါ်လာ ၂၇၀၀၀ကို ပထမနှစ်မှာစတင်ထောက်ပံ့မှာဖြစ်ပြီး ကျေးရွာလူထုကလိုလားတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လူထုကိုယ်တိုင် ဆောင်ရွက်စေမှာ ဖြစ်တယ်လို့သိရပါတယ်။

ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရပြီ

Union day from Taunggyi

ပြည်ထောင်စုနေ့

ရှမ်းပြည်နယ် အစိုးရအဖွဲ့ကကျင်းပတဲ့ (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ သ၀ဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို တောင်ကြီးမြို့ အဝေရာမီးပုံပျံကွင်းမှာ ၁၂.၂.၂၀၁၂ နေ့ နံနက် ၈နာရီမှာကျင်းပခဲ့ပါတယ်။ နိုင်ငံတော်သမ္မထံမှ ပေးပို့တဲ့ ပြည်ထောင်စုနေ့သ၀ဏ်လွှာကို အစိုးရအဖွဲ့ အကြီးအကဲကဖတ်ကြားခဲ့ပြီး ပြည်သူလူထု ၇၀၀ခန့်တက်ရောက်ခဲ့ပါတယ်။

ပြည်ထောင်စုနေ့
ပြည်ထောင်စုနေ့ အထိမ်းအမှတ် ညစာစားပွဲကို မြို့တော်ခန်းမမှာ ဆက်လက်ကျင်းပခဲ့ပါတယ်။ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက အကများနဲ့ဖျော်ဖြေခဲ့ကြောင်းသိရပါတယ်။

ညစာစားပွဲ
ကိုးကန့်အက
ရှမ်းအက
ပအို့ဝ်အက
ဓနုအက
ဂုဏ်ပြုပန်းခြင်း