Saturday, November 12, 2011

The tradition should be changed

ပြုပြင်သင့်ပြီဖြစ်တဲ့ အစဉ်အလာဆိုး (ငတက်ပြားည)
ပုသိမ်မြို့တော်တွင် ယနေ့နံနက်(၁)နာရီခွဲခန့်က ဆိုင်ကယ်စီး လူငယ်နှစ်ဦး မဟာဗန္ဓုလလမ်းလယ်ပေါ်ရှိ စည်ပင်ပိုင်ပန်းအိုး(၃၀)ကျော်အား တွန်းချခဲ့ကြသဖြင့် ပန်းအိုး(၉)လုံး တန်ဘိုးငွေ (၄၅၀၀၀)ခန့်ပျက်စီးခဲ့ကြောင်းနှင့် ထိုသို့ဥပဒေမဲ့ ပြုမူခဲ့ကြသူများအား ထိရောက်စွာ အရေးယူပေးပါရန် မြို့နယ်စည်ပင်က အမှတ်(၂)ရဲစခန်းထံ တိုင်ကြားထားကြောင်းသိရှိရပါတယ်။ `လူငယ်လေးတွေပါ ကျွန်တော်တို့ အရေးမယူချင်ပါဘူး။ ဒါပေမယ့် နိုင်ငံပိုင်ပစ္စည်းတွေဆိုတော့ အရေးမယူလို့မရဘူး။ ဘာကြောင့်ပဲဖြစ်ဖြစ် ဖျက်လိုဖျက်ဆီး လုပ်ချင်တဲ့စိတ်တွေရှိနေလို့ ဒီလိုဖြစ်တာပါ။ အဲဒီစိတ်ထားတွေ ပြင်ဖို့လိုနေပါပြီ။ စည်ပင်သာယာလုပ်ငန်းဆိုတာ Public Participation မပါဘဲ ဘယ်နိုင်ငံမှာမှ မအောင်မြင်ပါဘူး´ ဟု စည်ပင်ဝန်ထမ်းတစ်ဦးကပြောပါတယ်။ တန်ဆောင်တိုင် ငတက်ပြားညနဲ့ပတ်သက်လို့ မြို့ခံတစ်ဦးက `ဒီလိုပါပဲ လူငယ်တွေပျော်ကြတာပေါ့ ငယ်ငယ်ကဆို ကြက်တွေခိုးချက်စား မိတော့လည်းပြန်လျော်ပေး။ အပျော်ပဲလေ။ ခုလည်း ကျနော့်ဆိုင် ဆိုင်းဘုတ်မှာ စက်ဘီးတာယာတွေချိတ်ထားကြတာပဲ ဘေးနားကလူပျိုကြီးအိမ်မှာ ထမီအလံလုပ်ထောင်ထားလို့ စောစောစီးစီးဆဲနေတာကြားရသေးတယ်။ လူငယ်လေးတွေက ကွယ်ရာကနေရီကြတာပေါ့´ ဟုဆိုပါတယ်။ အခြားလူငယ်တစ်ဦးကတော့ `ပျော်တာနဲ့ဖျက်ဆီးတာကွာပါတယ်။ နောက်တာလည်း တစ်ဖက်လူခံသာဖို့လိုပါတယ်။ မခံသာအောင်နောက်ရင်တော့ စော်ကားတာပဲ အသရေဖျက်တာပဲ။ ကိုယ်ချင်းစာတရားရှိဖို့လိုပါတယ်။ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးတာတော့ တော်တော်ဆိုးပါတယ်။ အဲဒါဟာကိုယ့်ကိုကိုယ် ဓါးနဲ့ခုတ်တာနဲ့တူပါတယ်။ ကိုယ်လည်းပြည်သူပဲ။ ကိုယ်ပစ္စည်းကိုယ်ဖျက်ဆီးပစ်တဲ့လူလောက် မိုက်မဲတဲ့သူမရှိဘူး။´ ဟုပြောပါတယ်။
လူငယ်လူရွယ်များအတွင်း အရက်သေစာသောက်စားခြင်း ဆေးသုံးစွဲခြင်း အလေ့အထများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေခြင်းသည်လည်း အကြောင်းတရားတစ်ခုဖြစ်ပါတယ်။ အရက်မူးရူးနေသူများသည် သာမန်အားဖြင့် အသိဖြင့်ထိန်းချုပ်နိုင်စွမ်း နည်းပါးပြီး ဒေါသအလျောက်မဆင်မခြင်ပြုမူတတ်ကြသဖြင့် ရာဇ၀တ်မှုများဖြစ်ပွားရခြင်းဖြစ်ပါတယ်။ ဒါ့အပြင် မည်သူကမည်သို့ မည်သည့်ခေတ်တွင် မည်သည့်အကြောင်းကြောင့် စတင်ခဲ့မှန်းမသိသည့် ရိုးရာအစဉ်အလာဆိုး တစ်ခုဖြစ်သည့် ငတက်ပြားညလုပ်ရပ်များသည်လည်း တာဝန်သိမှု၊တာဝန်ယူမှုဖြင့် အခွင့်အရေးနှင့်လွတ်လပ်မှုကို လဲလှယ်ရယူရသည့် ဒီမိုကရေစီခေတ်တွင် မရှိသင့်တော့ဟုဆိုရမှာ ဖြစ်ပါတယ်။ Community စိတ်ထားမရှိသော Public များရှိနေသရွေ့ ဒီမိုကရေစီသည်လည်း ရာနှုန်းပြည့်မရရှိနိုင်ဆိုသည်ကို ကောင်းစွာနားလည်ရန်နှင့် အစဉ်အလာကောင်းကိုထိန်းသိမ်းပြီး အစဉ်အလာဆိုးများကို ပြတ်ပြတ်သားသား ဖယ်ရှားပစ်ရန် လိုအပ်ပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

မြို့တော်သားတိုင်း ထိန်းသိမ်းသင့်တဲ့ အလှအပများ




No comments:

Post a Comment