Sunday, April 8, 2012

Hlaygyi (Big boat) festival from Pathein City's area

မြို့တော်ပုသိမ်ရဲ့ လှေကြီးပွဲ

  မြို့တော်ပုသိမ်က ရေတွင်းချောင်းကျေးရွာအုပ်စု ပိန္နဲကွင်း ကျေးရွာမှာ တစ်နှစ်ခြားခန့် ပုံမှန်ကျင်းပလေ့ရှိတဲ့ ဗုဒ္ဓဘာသာဝင် ကရင်လူမျိုးများရဲ့ ထူးခြားတဲ့ ရိုးရာပွဲတော် တစ်ခုကတော့ လှေကြီးပွဲပဲ ဖြစ်ပါတယ်။ လှေကြီးပွဲဆိုတာကတော့ ဗုဒ္ဓဘုရားရှင်ကို ဘုရားရှင်မှန်းမသိပဲ ဖမ်းဆီးခဲ့မိတဲ့ မုဆိုးတစ်ဦးက သူ့ရဲ့မိုက်မှားမှုအတွက် နောင်တရပြီး ပူဇော်ကန်တော့ရာက စခဲ့တဲ့ အစဉ်အလာတစ်ခုဖြစ်ကြောင်း ပွဲတော်ကျင်းပလေ့ရှိတဲ့ ကျေးရွာက အသက်(၇၇)နှစ်ရှိ အဖိုးအိုတစ်ဦးက သိသလောက်ရှင်းပြခဲ့ပါတယ်။

လှေကြီးပွဲမှ မဂ္ဂင်လှေ
 လှေကြီးပွဲကျင်းပပုံကတော့ ၀ါးဖြင့် လှေပုံစံ အကြမ်းထည် ရက်လုပ်ပြီး စက္ကူကပ် ဆေးချယ်ထားသော လှေကို ဦးပိုင်းနဲ့ ပဲ့ပိုင်း နှစ်ပိုင်းခွဲထားပြီး အလယ်မှာ ၀ါးများဖြင့် မြတ်စွာဘုရားရှင် ကျိန်းစက်ရာ ဂန္ဓကုဋီတိုက် အဖြစ်ပုံဖေါ်ထားတဲ့ စင်မြင့်ကို ဆောက်လုပ်ထားပါတယ်။ လှေကြီးကို မဂ္ဂင်လှေဟု ခေါ်ပြီး လှေရဲ့ ၀မ်းအတွင်းမှာ ဖက်ရွက်များခင်းကာ ထမင်းဆွမ်းအဆုပ် တစ်ထောင်၊ ကောက်ညှင်းအဆုပ် တစ်ထောင်၊ ငှက်ပျောသီး အလုံးတစ်ထောင်၊ ထန်းလျက် အခဲတစ်ထောင်၊ ဆန်ပန်းခိုင် တစ်ထောင် (ဆန်ပန်းခိုင်တစ်ခုမှာ ဆန်ဖြူခိုင် ဆန်ဝါခိုင်နဲ့ ဆန်နီခိုင်တစ်ရာပါဝင်ပါတယ်) တံခွန်တစ်ထောင် တင်ပြီး တန်ခူးလပြည့်နေ့ အရုဏ်တက်ချိန်မှာ စတင်လှူဒါန်းလေ့ရှိပါတယ်။ လှေဘေးနားက အလင်းတိုင်ထွန်းတဲ့ စင်များမှာတော့ ပျားဖယောင်း တစ်ထောင်ကို ထွန်းညှိပူဇော်ရပါတယ်။ လှေအနောက်မှာ လက်ယာတော်ရံ ရှင်သာရိပုတ္တရာ၊ လက်ဝဲတော်ရံ ရှင်မဟာမောဂ္ဂလန် သိကြားနှင့် ဗြဟ္မာတို့အတွက် ယာယီ စံကျောင်းဆောင်များ ဆောက်လုပ်ကာမှာ မြတ်စွားဘုရားရှင်ကဲ့သို့ ထမင်း ကောက်ညှင်း ငှက်ပျောသီး ထန်းလျက် စသည့် လှူဘွယ်များဖြင့် တင်လှူ ပူဇော်ကြပြန်ပါတယ်။ အဲဒီနောက်မှာ ပင့်သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း သံဃာတော်များထံမှ ပရိတ်တရား နာယူခြင်း ရေစက်ချအမျှဝေခြင်းစတဲ့ ဗုဒ္ဓဘာသာ ဓလေ့ထုံးစံနဲ့အညီ ဆက်လက်ကျင်းပပါတယ်။ ညပိုင်းမှာတော့ ယိမ်းအကများ ဇတ်ပွဲများနဲ့ ပျော်ပွဲရွှင်ပွဲ ကျင်းပပြီး ရပ်ရွာနေသူများက လှေကြီးထံလာရောက်ပြီး ကောက်ပဲသီးနှံများ ဖြစ်ထွန်းစေကြောင်း လိုရာ ဆုတောင်းကြပါတယ်။ ပွဲတော်ကို(၃)ရက်တိုင်တိုင် ကျင်းပပြီး တန်ခူးလပြည့်ကျော်(၂)ရက်နေ့ညမှာတော့ မဂ္ဂင်လှေ ဂန္ဓကုဋီတိုက် ဇေတ၀န်ကျောင်း ရဟန်းတာများနှင့် သိကြား ဗြဟ္မာတို့အတွက် ယာယီစံကျောင်းတော်များကို မီးရှို့ ပူဇော် ဆုတောင်းကြပြီး လှေကြီးပွဲကို ပြီးဆုံးစေတယ်လို့ သိရပါတယ်။

ဆံပန်းခိုင် တံခွန်ကုက္ကားမုလေးပွါးဖြင့် ဗုဒ္ဓမြတ်စွာအားရည်မှန်းပူဇော်
လှေကြီးပေါ်တွင် တင်လှူထားသော ဆွမ်းတော်တစ်ထောင်
ဝါးများဖြင့်ပြုလုပ်ထားသော မြတ်စွာဘုရားကျိန်းစက်ရာဂန္ဓကုဋီတိုက်
ဇေတ၀န်ကျောင်းတော်
လက်ယာတော်ရံ ရှင်သာရိပုတ္တရာအားလှူဒါန်းသောဆွမ်းတော်စင်
ဘုရားရဟန်းတာနှင့်သိကြားဗြဟ္မာတို့ပါ ပူဇော်ပါ၏
 မြို့တော်ပုသိမ်မှ ပုသိမ်မော်တင်လမ်းအတိုင်း မိုင်(၂၀)ခန့် သွားပြီး ရွာဟောင်းကြီးလမ်းခွဲမှ တဆင့် ဆိုင်ကယ်ဖြင့် မိနစ်(၃၀)ခရီးခန့် သွားရသော ပိန္နဲကွင်း ကျေးရွာတွင် အခြားဒေသများရှိ ဗုဒ္ဓဘာသာဝင် ကရင်လူမျိုးများနဲ့ မတူ ထူးဆန်းစွာ ကျင်းပလေ့ရှိသော လှေကြီးပွဲခေါ် မြတ်ဗုဒ္ဓအား တောင်းပန်ပူဇော်ပွဲကို အကြောင်းတိုက်ဆိုင်ရင်ဖြင့် တစ်နှစ်ခြား တန်ခူးလပြည့်နေ့မှာ သွားရောက် လေ့လာ ကြည့်ရှုနိုင်ပါကြောင်း တင်ပြလိုက်ပါတယ်။

No comments:

Post a Comment