Friday, August 17, 2012

Area Classification for City Planning

မြို့ပြစီမံကိန်းရေးဆွဲမှုအတွက် နယ်မြေအမျိုးအစားသတ်မှတ်ခြင်း

မြို့ပြစီမံကိန်းရေးဆွဲရာတွင် ဦးစွာပထမ အနာဂတ်မှာဖြစ်လာမယ့် မြို့ရဲ့ ပုံသဏ္ဍာန်ကို ပြတ်ပြတ်သားသား သတ်မှတ်ရမှာဖြစ်ပါတယ်။ မြို့အင်္ဂါရပ်တွေနဲ့အညီ ဘယ်လိုပုံစံ တည်ဆောက်မယ် မြို့ရဲ့ ထူးခြားတဲ့ အခြေအနေကို ဘယ်လိုအသုံးချမယ် ဆိုတဲ့ ရည်မှန်းချက်တွေ ပြတ်သားဖို့လိုပါတယ်။ ဥပမာ စက်မှုမြို့၊ စီးပွါးရေးမြို့၊ ကုန်စည်ရောင်းဝယ်မှုမြို့၊ ခရီးသွားလေ့လာရေးမြို့၊ အပန်းဖြေမြို့ စသည်ဖြင့်ဖြစ်ပါတယ်။ အဲဒီနောက်မှာ ရည်မှန်းချက်ချမှတ်ထားတဲ့ ပုံသဏ္ဍာန်နဲ့ ဆီလျော်မှုရှိတဲ့ စီမံကိန်းဆောင်ရွက်မယ့် မြို့ဟောင်း (သို့) မြို့သစ်အတွက် နယ်မြေ အမျိုးအစားသတ်မှတ်ခြင်းကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

မြို့နယ်မြေအမျိုးအစားသတ်မှတ်ခြင်းနမူနာပုံ
နယ်မြေအမျိုးအစား သတ်မှတ်ရာမှာ အဓိက နှစ်မျိုးသတ်မှတ်ရပါတယ်။ မြို့ပြဖြစ်ထွန်းမှု ထိန်းချုပ်ရေး နယ်မြေ နဲ့ မြို့ပြဖြစ်ထွန်းမှု တိုးမြှင့်ရေးနယ်မြေ တို့ပဲဖြစ်ပါတယ်။ မြေဟာတန်ဖိုးရှိပါတယ်။ စားဝတ်နေရေး အားလုံးအတွက် မြေကို အသုံးပြုရပါတယ်။ မြို့ပြစီမံကိန်းရေးဆွဲရာမှာ မြေကွက်တွေအမြောက်အမြား အကွက်ချသတ်မှတ်ပြီး အဆောက်အအုံတွေ ဆောက်လုပ်ခြင်းဟာ စနစ်ကျတဲ့ စီမံကိန်းမဟုတ်ပါဘူး။ မြေကို အကျိုးမဲ့စွာ ဖြုန်းတီးခြင်းသာဖြစ်ပါတယ်။ စိုက်ပျိုးရန်မြေ သစ်တောမြေ သတ္ထုတူးဖေါ်ရန်မြေ စက်ရုံဆောက်ရန်မြေ သဘာဝအတိုင်းထားရန်လိုတဲ့မြေ ပန်းခြံမြေ  လမ်းမြေ စသည်ဖြင့် မြေကို အကျိုးရှိရှိ အသုံးချစရာအများအပြားရှိပါတယ်။ မြို့တစ်မြို့ကို စီမံကိန်းရေးဆွဲရာမှာ ဘေးတိုက် ချဲ့ထွင်ဖို့ပဲစဉ်းစားနေရင် စစ်မှန်တဲ့ဖွံ့ဖြိုးတိုးတက်မှုကို ရမှာမဟုတ်ပါဘူး မြို့ပြ နယ်နိမိတ်ကျယ်ပြန့်ခြင်းမှာ အပြစ်များစွာ ရှိပါတယ်။ ဥပမာ သွားလာဆက်သွယ်မှု အခက်အခဲ ရေ လျှပ်စစ်မီး လမ်းစသည့် အခြေခံ လိုအပ်ချက်များ ထပ်မံဆောင်ရွက်ရန် ကုန်ကျစရိတ်များ ဖြစ်ပါတယ်။ ဒါကြောင့် မြို့ပြ စီမံကိန်း ရေးဆွဲရာမှာ မြို့မြေဖြစ်ထွန်းမှု ထိန်းချုပ်ရေးနယ်မြေကို မဖြစ်မနေ သတ်မှတ်ထားရမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မြို့တစ်မြို့အတွက် သင့်လျော်တဲ့အကျယ်အ၀န်းကို သတ်မှတ်ခြင်းပဲဖြစ်ပါတယ်။ ပြီးရင် သတ်မှတ်ထားပြီးတဲ့ နယ်မြေအတွင်းမှာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ဖို့ နယ်မြေသတ်မှတ်ခြင်းကို မြို့ပြဖြစ်ထွန်းမှု တိုးမြှင့်ရေးနယ်မြေ သတ်မှတ်ခြင်းလို့ ဆိုပါတယ်။ လူဦးရေတိုးပွါးလာမှုကြောင့် နေထိုင်မှုလိုအပ်ချက် စီးပွါးရေလုပ်ငန်းဆောင်ရွက်မှုလိုအပ်ချက်ကြောင့် မြို့ကို ချဲ့ထွင်ရာမှာ မြေဆုံးရှုံးမှုမရှိတဲ့ ဒေါင်လိုက်ချဲ့ထွင်နည်းကိုပဲ စဉ်းစားသင့်ပါတယ်။ တိုးပွါးများပြားလာတဲ့ လူတွေရဲ့လိုအပ်ချက်ဟာ နေထိုင်မှုတစ်ခုတည်းမဟုတ်တာကို သတိမူရမှာဖြစ်ပါတယ်။

No comments:

Post a Comment